တရုတ် စစ်သားများ ပါလာ သည်ဟု ဆိုရှယ်မီဒီယာ တွင် ပလူပျံခြင်း နှင့် လက်ရှိ အနေအထား…

ကုလ အတွင်းရေးမှုးချုပ်၏ အထူးသံတမန် ခရစ်စတင်း ရှရေနာ ဘာဂင်ဂါ မှ အာဏာသိမ်း ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူး ကြီး စိုးဝင်း အား အင်္ဂါနေ့ မနက်က ဗီဒီယို ကွန်ဖရင့်စ် ဖြင့် ဆက်သွယ်ပြီး

ဝင်ရောက်ခွင့် ရရေး နှင့် အကြမ်းမဖက်ရေး ကို ပြောဆိုခဲ့ပြီး အကြမ်းဖက်လာမည် ဆိုက ပြင်းထန်သော အကျိုးဆက်များ နှင့် ရင်ဆိုင်ရလိမ့်မည်ဟု သတိပေးခဲ့သည်။

အမေရိကန်မှ သံရုံး ရှိ အရေးပေါ် လိုအပ်မှု မရှိသော ဝန်ထမ်းများကို နိုင်ငံတွင်း မှ မိမိသဘောဖြင့် ထွက်ခွာကြရန် အမိန့်ပေးလိုက်ပြီး

အမေရိကန် နိုင်ငံသားများကိုလည်း ခရီးသွား အကြံပေးလွှာ အဆင့် (၄) အထိ တိုးမြှင့် လိုက်ကာ တင်းမာလာနေသော အခြေအနေများကြောင့် ပြည်တွင်းလုံးဝ ခရီးသွားလာခြင်း မပြုရန် တားမြစ်လိုက်သည်။

ပြင်သစ်အစိုးရက မြန်မာ ပြည်သူတို့၏ ဒီမိုကရေစီ ရရှိရေး ရုန်းကန်တိုက်ပွဲဝင်နေမှုများ အတွက် ဥရောပ နှင့် နိုင်ငံတကာရှိ အကျိုးတူ နိုင်ငံများ အတူတကွ ပူးတွဲ၍ ဆက်လက် ထောက်ခံသွားမည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဗီယက်နမ်ကလည်း မြန်မာ ဒီမိုကရေစီ အသွင်ကူး‌ပြောင်းရေး နှင့် နိုင်ငံတွင်း တည်ငြိမ်မှု ရှိရေး ကို ထောက်ခံ သွားမည်ဟု ဆိုသည်။

အာဏာသိမ်း အုပ်စုသည် အင်တာနက်ကို အင်္ဂါနေ့ နေ့ မနက် ၁ : ၀၀ မှ စ၍ ဖြတ်တောက် လိုက်ပြန်သည်ဟု ဘီဘီစီ သတင်းက ဆိုသည်။

ယမန်နေ့က ဆန္ဒပြမှု ကို နှိမ်နှင်းရန် တင့်ကားများ နှင့် စစ်သားများ ရောက်ရှိလာပြီး ထိုအထဲတွင် တရုတ် စစ်သားများ ပါလာသည်ဟု ဆိုရှယ်မီဒီယာများ တွင် ဓါတ်ပုံများ နှင့် ဖေါ်ပြလာကြသော်လည်း မည်သည့် အထင်ကရ သတင်းဌာနကြီး တခုတလေမျှ အဆိုပါ သတင်းကို အတည်မပြုကြသေးပေ။

အလားတူ ရန်ကုန်ရှိ သံရုံးများကလည်း ထုတ်ဖေါ် ပြောဆိုခြင်း မရှိသေးပေ။

တရုတ်သည် ယခုအချိန်အထိ ၎င်းတို့၏ တပ်များကို ပြည်ပ သို့ တခါဖူးမျှ တရားဝင် စေလွှတ်ခဲ့ခြင်း မရှိသေးပေ။

သို့သော် အာဖရိက ဦးချို ဒေသသို့ ပင်လယ်ဓါးပြများ၏ ရန်မှ ကာကွယ်ရန် ဆိုကာ ရေတပ်အုပ်စုငယ် တဖွဲ့ကို စေလွှတ်ခဲ့သည်တော့ ရှိသည်။

ယခင်က မြောက်ကိုရီယား စစ်ပွဲ နှင့် ပြည်တွင်းရှိ ဗမာပြည်ကွန်မြူနစ်ပါတီကို ကူညီရန် ဗော်လန်တီယာများအဖြစ် စေလွှတ်ပေးခဲ့သည်တော့ ရှိသည်။

ဤသည်များမှ လွဲ၍ တရုတ်တပ်များ တရားဝင် လှုပ်ရှားမှု မရှိသေးပေ။

သို့သော် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကြံရာမရ ဖြစ်ကာ ပုန်ကန်လို သူများ ရှိလိုရှိငြားအ တွက် တရုတ် မှ မည်မျှ အထိ ၎င်းအား ထောက်ခံနေကြောင်း ပုံမှား ရိုက်ရန် ကြိုးပမ်း လာနိုင်သည့် အလားအလာ တော့ ရှိနေသည်။

တရုတ်တပ်များသာ မြန်မာနိုင်ငံ အတွင်း အမှန်တကယ် ရောက်ရှိမည်ဆိုလျှင် နိုင်ငံတကာ အခြေအနေများ လုံးဝပြောင်းလဲသွားမည် ဖြစ်သည်။

ယခုအချိန်အထိ ဘေးကရပ်ကြည့်နေသော အာဆီယံ နိုင်ငံများပင် ပြင်းပြင်းထန်ထန် ကန့်ကွက် ဆန့်ကျင်လာကြမည် ဖြစ်ပြီး တကမ္ဘာလုံးက ဆန္ဒပြပြည်သူများ နှင့်အတူ ရပ်တည်လာကြမည် ဖြစ်သည်။

အထူးသဖြင့် အာဆီယံ နိုင်ငံများ အတွင်း စိုးရိမ်ပူပန်မှု များ မြင့်တက်လာမည် ဖြစ်သည်။

တရုတ် အနေနှင့် မြန်မာ စစ်တပ်အား မြှောက်ပေးသလို သူတို့နိုင်ငံတွင်းရှိ စစ်တပ်များကို မြှောက်ပင့်ပေးပြီး မြန်မာလို ရုပ်သေး အစိုးရ ထူထောင်လာမည့် အရေးကို ကြောင့်ကြလာကြမည် ဖြစ်သည်။

အမေရိကန်၊ ဂျပန် နှင့် အိန္ဒိယ နိုင်ငံများကလည်း ၎င်းတို့၏ မဟာဗျူဟာမြောက် အရေးပါသည်ဟု ယူဆလာသော မြန်မာ တွင် တရုတ်က ယခုလို ပြောင်ပြောင်တင်းတင်း စွက်ဖက်လာခြင်းကို နိုင်ငံတကာ ပြဿနာ အဖြစ် အသွင်ပြောင်းကာ ပြင်းပြင်းထန်ထန် ဆန့်ကျင်လာမည် ဖြစ်သည်။

အမေရိကန်တို့အား ယခင်က ခပ်ခွာခွာနေရန် ကြိုးပမ်းနေသည့် ဒေသတွင်းရှိ နိုင်ငံများက အမေရိကန်ဖက် ရောက်လာကြမည် ဖြစ်သည်။

တရုတ်ကွန်မြူနစ်ပါတီကလည်း နိုင်ငံတကာ တွင် ၎င်းတို့၏ ရပ်တည်ချက် နှင့် အကျိုးစီးပွားကို အထိခိုက်ခံကာ ထိုမျှအထိ ရူးသွပ်လိမ့်မည် မဟုတ်ဟု ယူဆရပေသည်။

အမေရိကန် အတွက် မဟာမိတ်များ စုပေးရန် ဖြစ်သွားမည့် ကိစ္စကို ပြုလုပ်လိမ့်မည် မဟုတ်ပေ။

ယခုအထိလည်း မြန်မာပြည်တွင် ၎င်းတို့ အကျိုးစီးပွားကို ခြိမ်းခြောက် လာနိုင်သည့် အနေအထား မရှိသေးပေ။

သို့သော် အင်တာနက် ဖြတ်တောက်ထားချိန်တွင် ယူနန်ပြည်နယ်မှ လေယာဉ်များ အဝင်အထွက် ရှိနေခဲ့မှု နှင့် တရုတ် စစ်သားများ လမ်းများ ပေါ်တွင် တွေ့လာရသည် ဆိုသော သတင်းများ ထွက်ပေါ်လာခဲ့သည်။

ထိုသတင်းသည်သာ အမှန်တကယ် ဖြစ်နေလျှင် သက်သေ အထောက်အထား အခိုင်အမာ စုစည်းပြီး ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာ သံရုံးများသို့ ပေးပို့ တိုင်ကြားရန်သာ ရှိသည်။

တရုတ်ဖက်ကတော့ ဘူးခံ ငြင်းမည်သာ ဖြစ်သည်။

တကယ်တမ်းသာ ဖြစ်လာမည်ဆိုက မြန်မာတို့၏ အရေးတော်ပုံကြီး အတွက် လုံးဝအထောက်အကူ ဖြစ်လာနိုင်သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ခြေလှမ်း အမှားသာလျှင် ဖြစ်သည်ဟု ယူဆရမည်။

ဗိုလ်ချုပ်မှူးကြီ မင်းအောင်လှိုင်သည် ယခုအချိန်အထိ ၎င်းဖွဲ့စည်းထားသော စစ်ကောင်စီအား တရားဝင် ပုံစံမျိုး ဖြစ်ရန် တိုင်းရင်းသားများကို ရာထူးနှင့် မျှားခေါ်ခြင်း၊

၎င်း၏ အဖွဲ့ကို ခိုင်မာနေသည့် အသွင် ပေါက်စေရန် အလိုတော်ရိများ ရှာဖွေ ထည့်သွင်းလာခြင်း မျိုး လုပ်နေသည်က လွဲ၍ လူထု ယုံကြည်မှု ရလာစေမည့် အကြောင်း တခုတလေမျှ ဖန်တီးပေးနိုင်ခဲ့ခြင်း မရှိသေးပေ။

နယူးယောက်တိုင်းမ် သတင်းစာမှ အမေရိကန် အစိုးရသည် စီးပွားရေး ဒဏ်ခတ်မှုများကို ပြဿနာ၏ အဖြေအဖြစ် အလွယ်တကူ လုပ်လေ့ရှိ၍ ပြစ်မှူ ကျူးလွန်သူများက ကြိုတင် ပြင်ဆင်ထားကြသလို လူထုကြားတွင်လည်း ထိရောက်မှု မရှိဆိုကာ sanction fatigue စိတ်ကုန်လာနေကြသည်။

အမေရိကန် အနေဖြင့် နိုင်ငံအတွင်း လက်ရှိ ဖြစ်ပေါ်နေမှုများကို ထိရောက် သည့် အပြောင်းအလဲ ဖြစ်အောင် လုပ်မပေးနိုင်ပါက ယုံကြည်မှု ကုန်ခန်းလာမည့် အကျပ်အတည်း နှင့် ရင်ဆိုင်လာရတော့မည် ဖြစ်သည်။

ယခုအခါ တွစ်တာ စာမျက်နှာများ ပေါ်မှ အမေရိကန်ကို စစ်ရေးအရ ဝင်ရောက် ဖြေရှင်းပေးရန် တောင်းဆိုမှုများ ကြီးထွားလာနေပြီ ဖြစ်သည်ဟု သတင်းများက ဆိုသည်။

ထိုသို့ အနေအထား ဖြစ်လာနေချိန်တွင် တရုတ် အစိုးရသည် ရလာသော အခွင့်အရေးကို မဟာဗျူဟာမြောက် အသုံးချနိုင်ခြင်း မရှိပေ။

အာဏာ မသိမ်းမီကပင် တရုတ် မုန်းတီးရေး စိတ်များ နိုင်ငံတဝှမ်းလုံးတွင် ဖြစ်ပေါ်လာနေပြီးလည်းဖြစ်သည်။

တရုတ် အစိုးရသာ လက်ရှိ အုံကြွမှု ကြီးတွင် မြန်မာ ပြည်သူများဖက်က ရပ်တည်ကာ မင်းအောင်လှိုင် ဖြုတ်ချရေးတွင် ကူညီပေးခဲ့မည်ဆိုလျှင် ၎င်းတို့ ပြောနေသည့် ဆွေမျိုး ပေါက်ဖေါ် ချစ်ကြည်ရင်းနှီးရေး သည် အမှန်တကယ် ရေရှည်တည်တံ့သွားမည်သာ ဖြစ်သည်။

သို့သော် တရုတ်တို့သည် ထိုသို့သော အခွင့်အရေးကို မျက်ကွယ်ပြုကာ တနိုင်ငံလုံးက ရွံ့မုန်းနေသော စစ်ခေါင်းဆောင်များကို အကူအညီပေးပြီး အခွင့်အလမ်းများကို ရသလောက် အချောင်နှိုက်ဖို့သာ ချောင်းနေဆဲ ဖြစ်သည်။

စစ်ခေါင်းဆောင်များက မြစ်ဆုံအရေးဖြင့် ၎င်းတို့အပေါ် သစ္စာဖေါက်ကာ အနောက်အုပ်စုနှင့် ရွှေလမ်းငွေလမ်း ဖေါက်သွားသည့် လုပ်ရပ်ကိုလည်း အမှတ်ရဟန် မရှိပေ။

မည်သို့ပင် ဖြစ်စေ ပြည်သူများ အနေဖြင့် မိမိအင်အားကို မိမိယုံကြည်စိတ်ချခြင်းဖြင့် သာ အောင်ပွဲသို့ တက်လှမ်းနိုင်မည် ဖြစ်သည်။

ခေါင်းဆောင် ပိုင်း သည်လည်း တိုက်ပွဲကို ရည်ရှည် ဆင်နွဲသွားနိုင်ရန် မဟာဗျူဟာ တရပ်ကို ခိုင်မာစွာ ချမှတ်ထားရမည် ဖြစ်သည်။

စစ်တပ်သည် အချိန်မရွေး ပြိုကွဲသွားနိုင်သည်ဟူသော မရေမရာ မျှော်လင့်ချက်မျိုးဖြင့် ရှေ့ကို တိုး၍ မဖြစ်တော့၊ ဗိုလ်ချုပ်မှူးကြီ မင်းအောင်လှိုင်သည် ကာလကြာမြင့်စွာကပင် သူနှင့် ပုလင်းတူ ဘူးဆို့ ဖြစ်ရန် ဖန်တီးပေးထားခဲ့ပြီး ဖြစ်သည်။

စစ်တပ်မှ အင်အားသုံး ဖြိုခွင်းလာပါကလည်း မိမိတို့ အင်အားကို မည်သို့စည်းရုံးမည်၊ မည်သို့ ကျော်လွှားပြီး ရေရှည် အထွေထွေ သပိတ်တိုက်ပွဲကြီး ဆင်နွှဲသွားရမည် အစရှိ သည်ဖြင့် မဟာဗျူဟာ တခု အခိုင်အမာ ရှိနေဖို့လိုသည်။

ရှိလည်း ရှိနေလောက်ပြီဟု ယုံကြည်သည်။

၈၈ နှင့် ရွှေဝါရောင် တော်လှန်ရေးများ မအောင်မြင်ခဲ့ရခြင်းမှာ စစ်တပ်၏ အင်အားသုံး ဖြိုခွင်းမှု ကို အကြမ်းမဖက်သည့် ရေရှည် သပိတ်တိုက်ပွဲ အသွင်ဖြင့် မကျော်လွှား နိုင်ခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။

လက်ရှိတွင် ဗြိတိသျှ အစိုးရက မြန်မာ၏ လက်ရှိ နိုင်ငံတကာ ကုန်သွယ်ရေး နှင့် ရင်းနှီးမြုပ်နှံမှု များကို ကမ္ဘာကုန်သွယ်ရေး အဖွဲ့ချုပ် မှ ပြန်လည် သုံးသပ်ပေးရန် အဆိုတရပ် တင်သွင်းလာခဲ့ပြီ ဖြစ်သည်။

မြန်မာ စက်မှု လုပ်ငန်းရှင်များ အသင်းချုပ်က ကမ္ဘာနှင့် တဝှမ်း ဒီဂျစ်တယ် စီးပွားရေးကို ဦးတည် နေချိန်တွင် မည်သိုမျှ လျော်ညီမှု မရှိသည့် ဆိုက်ဘာ ဥပဒေအား သဘောမတူနိုင်ဟု ဆိုကာ ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်လာသည်။

ရခိုင်ပြည်နယ်မှ လာသော သတင်း အရ နိုင်ငံတွင်း ဖြစ်ပေါ်နေသော လူထု အုံကြွမှုကြီးနှင့် CDM ကြောင့် ပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှု များ နှေး‌ကွေးသွားသဖြင့်

စားသောက်ကုန် ဈေးနှုန်းများ ၂၀% မှ ၅၀% အထိ မြင့်တက်လာနေပြီ ဖြစ်၍ ရခိုင် ပြည်နယ် ကုန်သည်ကြီးများ နှင့် စက်မှုလုပ်ငန်းရှင် အသင်းကြီးသို့ တာဝန်ယူ ဖြေရှင်းပေးရန် တောင်းဆိုနေ ကြပြီဟု သိရသည်။

အရေးတော်ပုံ အောင်ရမည်!!!

CRD_Sir Hla Soe Wai

Add a Comment

Your email address will not be published. Required fields are marked *

10 + nineteen =