ကိုဗစ်ကြောင့် ပိုလန် စစ်တပ်က ချက်နိုင်ငံ ထဲ ကျူးကျော်မှု ဖြစ်ပွား

ကိုဗစ်ကြောင့် ပိုလန် စစ်တပ်က ချက်နိုင်ငံ ထဲ ကျူးကျော်မှု ဖြစ်ပွား

ပိုလန် စစ်တပ်ဟာ ချက်နိုင်ငံ ပိုင်နက်ထဲ ကို မရည်ရွယ်ဘဲ ဝင်ရောက် တပ်စွဲမိခဲ့ကြောင်း ပိုလန် ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြု ဝန်ခံခဲ့ပါတယ်။

ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေး စံနှုန်းတွေ အရ လူစုလူဝေး မဖြစ်အောင် ဟန့်တားဖို့ တာဝန်ယူထားတဲ့ ပိုလန် စစ်သည် တစ်စုဟာ နယ်စပ်ကို ကျော်ပြီး ချက်နိုင်ငံ ပိုင်နက်ထဲက ဘုရားကျောင်းလေး တစ်ခုမှာ ဖြန့်ကျက်ထားခဲ့ပါတယ်။ ပြီးတော့ ဘုရားကျောင်းကို လာရောက် ဝတ်ပြုတဲ့ ချက်နိုင်ငံသားတွေ ကိုပါ တားဆီးပြီး နှင်ထုတ်ခဲ့ကြ တယ်လို့ သိရပါတယ်။

ဒေသခံတွေက အဲဒီနေရာမှာ ပိုလန်စစ်သားတွေ စခန်းချခဲ့တာ တစ်ပတ် ဝန်းကျင်လောက် ကြာမြင့်ခဲ့ကြောင်း ပြောပါတယ်။ ဒီလို တပ်စွဲထားမှုကို သတင်းစာတွေမှာ ဖော်ပြလာတဲ့နောက် ချက်အာဏာပိုင်တွေက ပိုလန်အစိုးရကို တိုက်ရိုက် ဆက်သွယ်ပြီး အရေးဆို ခဲ့ပါတယ်။

ပိုလန် အစိုးရ က ပြန်လည် စစ်ဆေးမှုတွေ ပြုလုပ်ပြီးတဲ့ အခါမှာတော့ ပိုလန် စစ်သားတွေဟာ နားလည်မှု လွဲမှားပြီး မရည်ရွယ်ဘဲ အိမ်နီးချင်းနိုင်ငံ ပိုင်နက်ထဲမှာ ကျူးကျော် တပ်စွဲသလို ဖြစ်သွားခဲ့ကြောင်း ပိုလန် ကာကွယ်ရေး ဝန်ကြီးဌာနက ဝန်ခံခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ ရန်လို တဲ့သဘော လုံးဝ မပါတဲ့ မတော်တဆမှု သက်သက်သာ ဖြစ်တယ်လို့လည်း ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ပိုလန် စစ်သားတွေ တပ်စွဲ ခဲ့တဲ့ ဘုရားကျောင်းက သမိုင်းဝင် ဆီလစ်ဆီရာနယ်မြေရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ မော်ရေးဗီးယားမှာ တည်ရှိပါတယ်။ မျက်မှောက်ခေတ်မှာတော့ အဲဒီနေရာဟာ ချက်နိုင်ငံ အရှေ့မြောက်ပိုင်းက ပိုင်နက်ဧရိယာ ဖြစ်လာပါတယ်။ ပိုလန်က အခုကိစ္စဟာ မတော်တဆ မှားယွင်းမှု လို့ ဖြေရှင်းထားပေမယ့် ချက်နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ တရားဝင် ဖြေရှင်းစာ ပေးပို့ဖို့ တောင်းဆိုထားပါတယ်။

ဒေသခံ သတင်းစာတွေရဲ့ အဆိုအရ အဲဒီ ဘုရား ကျောင်းလေးဟာ နယ်နိမိတ် မျဉ်းကြောင်းကနေ မီတာ ၃၀ လောက်အကွာ ချက်နိုင်ငံ ပိုင်နက်မှာ ရှိနေတယ်လို့ သိရပါတယ်။ မော်ရေးဗီးယားမှာ ချက်နဲ့ ပိုလန်တို့ကြား နယ်နိမိတ် စည်းခြားမှုကို စမ်းချောင်းလေး တစ်ခုနဲ့ သတ်မှတ် ထားတာပါ။

မူလက ပိုလန်စစ်သားတွေဟာ စမ်းချောင်း ရဲ့ ပိုလန်ဖက်ခြမ်း ကမ်းစပ်မှာ နေရာယူထားတာဖြစ်ပြီး နောက်တော့ အကြောင်းကိစ္စ သေချာမသိရဘဲ ချက်ပိုင်နက်ဖက်ထဲ ရွှေ့ပြောင်းပြီး တပ်စွဲခဲ့တာ လို့လည်း သတင်းဌာနတွေ ဖော်ပြခဲ့ကြပါတယ်။

crd : whitesone

Add a Comment

Your email address will not be published. Required fields are marked *

five × two =