လာအိုနိုင်ငံ မှာ ကိုရိုနာ ဗိုင်းရပ်စ် ကင်းစင်သွားပြီး နောက် Covid-19 ကို အနိုင်ရခဲ့ပြီဟု ကြေညာ
|လာအိုနိုင်ငံ မှာ ကိုရိုနာ ဗိုင်းရပ်စ် ကင်းစင်သွားပြီး နောက် Covid-19 ကို အနိုင်ရခဲ့ပြီဟု ကြေညာ
လာအိုနိုင်ငံမှာ ဧပြီ ၁၂ ရက်နေ့က ၁၉ ယောက်မြောက် ကိုဗစ် လူနာကို နောက်ဆုံးတွေ့ရှိပြီး နောက်နှစ်လကျော်ကြာသည်အထိ ကိုဗစ်လူနာသစ် ထပ်မံမတွေ့ရှိတော့ဘဲ နိုင်ငံအတွင်း ကိုဗစ်-၁၉ ပြဿနာအဆုံးသတ်သွားပြီဖြစ်သည်။
လာအိုနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူတစ်ဦးမှ မရှိခဲ့ဘဲ ကူးစက်အတည်ပြုလူနာ ၁၉ ဦးသာရှိခဲ့ပြီး နောက်ဆုံးလူနာမှာ ပြီးခဲ့သည့်အင်္ဂါနေ့က ဆေးရုံမှဆင်းသက်ခဲ့ပြီးနောက် ဆေးရုံတွင် ကုသမှုခံယူနေသူတစ်ဦးမှ မရှိတော့ပေ။
ယင်းနောက်နိုင်ငံတွင်း၌ ကိုဗစ်-၁၉ ကို အောင်ပွဲရခဲ့ပြီ ဖြစ်ကြောင်းအစိုးရအဖွဲ့က ကြေညာခဲ့သည်။
“အရေးပါတဲ့အောင်ပွဲတစ်ပွဲဖြစ်ပြီး ပထမအကြိမ် တွန်းလှန်မှုအတွင်းမှာပဲ ဆိုးရွားတဲ့ ရန်သူကို အနိုင်ရပြီဖြစ်ပါတယ်” ဟုလာအိုဝန်ကြီးချုပ်ထောင်လွန်းဆီစူလစ်က ပြီးခဲ့သည့်ရက်ပိုင်းက ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
လာအိုနိုင်ငံတွင် မတ်လ ၂၄ ရက်နေ့က ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ (၂) ဦးကို စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံနှင့် ရှေ့ဆင့်နောက်ဆင့် တွေ့ရှိခဲ့ကာ နှစ်နိုင်ငံစလုံးမှာ ဒေသတွင်း ကူးစက်ခံရမှု အနောက်ကျဆုံးနိုင်ငံများဖြစ်ကြသည်။
နိုင်ငံ၏ ဦးဆောင်မှုနှင့် အမျိုးသား ကိုဗစ်-၁၉ ကပ်ရော ထိန်းချုပ်ကာကွယ်ရေးအထူးအဖွဲ့က ကိုရိုနာဗိုင်းရပ်စ်ကို ပထမအကြိမ်တုန့်ပြန်ရင်ဆိုင်မှုအတွင်း ခိုင်မာသောလမ်းညွှန်ချက်များကို ချမှတ်နိုင်ခဲ့ကြောင်း ဝန်ကြီးချုပ်ထောင်လွန်းဆီစူလစ်က ပြောသည်။
လာအိုနိုင်ငံတွင် လော့ခ်ဒေါင်း အားလုံးကို ပြီးခဲ့သည့်မေလ ၃၀ ရက်နေ့က ဖေလျော့ပေးခဲ့ပြီး မေလနှောင်းပိုင်းကတည်းက ကျောင်းများ၊ အားကစားခန်းမများ၊ ဈေးများနှင့် ရုပ်ရှင်ရုံများကို တစ်ဖြည်းဖြည်းပြန်လည်ဖွင့်လှစ်လာခဲ့သည်။

အစိုးရအနေနှင့် ပြည်သူတို့၏ လူမှုဘဝ နှင့် အမျိုးသားအကျိုး စီးပွားမထိခိုက်စေရေးအတွက် ကိုဗစ်-၁၉ ကပ်ရောနှင့် ပတ်သက်ပြီး အခြေအနေကို အလေးအနက်ထားဆက်လက်သုံးသပ်သွားမည်ဖြစ်ပြီး ရောဂါထိန်းချုပ်ကာကွယ်ရေးအစီအမံများကိုလည်း အချိန်နှင့်တစ်ပြေးညီ လုပ်ဆောင်သွားမည်ဟု ဝန်ကြီးချုပ်ထောင်လွန်းဆီ စူလစ်ကပြောကြားထားသည်။
crd : blacker