ဆရာ “အကြည်တော်” ကို တမလွန်ရောက်စေခဲ့တဲ့ “အစာရေမြိုကင်ဆာ” အကြောင်း နဲ့ နောက်ဆုံး message လေး(၁)စောင်

Posted on

ဆရာအကြည်တော်ရဲ့ နောက်ဆုံး မက်ဆေ့ကိုမြင်ရတော့ စိတ်မကောင်းဘူး။ ဆရာ မရှိတော့လို့ စိတ်မကောင်းသလို ဆေးလိပ်နဲ့ အရက်​က သူ့ကိုကင်ဆာပေးသွားတယ်ဆိုတာ ဆရာ မသိသွားရှာဘူး။ ဗဟုသုတကြွယ်တဲ့ စာရေးဆရာကြီးတောင် ဒီအချက်ကိုနားမလည်နိုင်ခဲ့တော့ တခြားပြည်သူတွေရဲ့ ကျန်းမာရေး အသိအတွက်လည်း စိတ်မကောင်းဘူး။ ကျန်းမာရေးအသိပေးဝေရမယ့် စနစ်ကြီးကလဲ သူ့ကိုယ်သူတောင် ကယ်နိုင်မလားမသိတာ ထပ်ပြီး စိတ်မကောင်းဘူး။

သုတေသန စာတမ်းအရ အရက်သောက်တာက အစာရေမြိုကင်ဆာကို ၂ဆပိုဖြစ်စေနိုင်သလို ဆေးလိပ်သောက်တာ ကလဲ အစာရေမြိုကင်ဆာကို ၂ ဆပိုဖြစ်စေပါတယ်။ အရက်ရော ဆေးလိပ်ရော သောက်သူက ၄ဆ ပိုမယ်လို့ သင်္ချာလို တွက်မရပြန်ပါဘူး ၄ဆထပ်ပိုနိုင်ပါတယ်။ စာရေးဆရာ အကြည်တော် ခံစားခဲ့ရတဲ့ အစာရေမြိုပြွန်ကင်ဆာ ဆိုတာဘာလဲ။ အစာရေမျိုဆိုတာ ပိုက်လုံးနဲ့တူပါတယ်။ ပါးစပ်နဲ့ အစာအိမ်ကို ဆက်ထားပြီး အစာတွေကို သယ်ပို့ပေးပါတယ်။

အစာရေမျိုပြွန်တစ်လျှောက် ဘယ်နေရာမှာဖြစ်ဖြစ် ကင်ဆာဖြစ်နိုင်ပါတယ်အစာရေမျိုပြွန် ကင်ဆာက ကမ္ဘာ့အဖြစ်အများဆုံးကင်ဆာတွေထဲမှာ နံပါတ် ၆ ချိတ်ပါတယ်။ အမျိုးသားတွေမှာပိုဖြစ်ပါတယ်။ ဘယ်သူတွေမှာဖြစ်မှာလဲ။ အစာရေမျိုပြွန် မှာရှိတဲ့ဆဲလ်တွေကို ခဏခဏဆွမိလို့ ဆဲလ်တွေ ခဏခဏပျက်စီးရင်ပိုဖြစ်ပါတယ်။ ဥပမာ GERDလို့ခေါ်တဲ့ စားချဉ်ရည်ပြန်တဲ့ရောဂါ။ စားချဉ်ရည်ခဏခဏပြန်တက်လို့ ဆဲလ်တွေပျက်စီးတာ။

ဆေးလိပ်အပါအဝင် ဆေးတံ၊ ဆေးပေါ့လိပ်သောက်တာ၊ ဆေးရွက်ကြီးငုံတာ၊ အဝလွန်တာ၊ အရက်သောက်တာ၊ သည်းခြေရည်ပြန်တက်တာ၊ Achalasia (အစာရေမျိုပြွန်ကျဉ်းလို့ အစာတွေ အစာအိမ်ထဲမရောက်တဲ့ရောဂါ)၊ အလွန်ပူတဲ့အရည်တွေကို အရသာခံသောက်တာ၊ အသီးအရွက်အစားနည်းတာ၊ ရင်ဘတ်အပေါ်ပိုင်းကို ခဏခဏဓာတ်ရောင်ခြည်သင့်တာ

ဘာလက္ခဏာတွေပြမှာလဲ။ အစောပိုင်းမှာ ဘာမှဖြစ်မှာမဟုတ်ပါဘူး။ နည်းနည်းကြာလာရင်တော့ အစာမျိုရခက်ပါမယ်။ စစချင်းတော့ အစာလည်ပင်းမှာကပ်နေတယ်လို့ ပြောပါမယ်။ အစာစားရင်သီးပါမယ်။ နောက်ပိုင်း အစာမာတွေကို မျိုရခက်ပါမယ်။ ဒီထက်ပိုဆိုးလာရင် အစာပျော့၊ အစာပျော့ကနေ ရေတောင် ကောင်းကောင်းမျိုနိုင်မှာမဟုတ်ပါဘူး။

စားပြီးသားအစာတွေ ဒီတိုင်းပြန်ထွက်လာပါမယ်။ အစာမကြေတာ၊ ရင်ပူတာဖြစ်ပါမယ်။ ရင်ခေါင်းတောင့်၊ ရင်ခေါင်းအောင့်ပါမယ်။ တဖြည်းဖြည်းပိန်လာပါမယ်။ အန်ပါမယ်။ ဝမ်းဗိုက်အပေါ်ပိုင်း၊ ရင်ဘတ်နဲ့ နောက်ကျောတွေအောင့်ပါမယ်။ ချောင်းဆိုးမယ်။ အသံပြောင်းလာမယ်။ သွေးအားနည်းသလို ဖြူဖျော့ပြီး အားနည်းလာမယ်။

နောက်ဆက်တွဲဘာဖြစ်မှာလဲ။ အစာရေမျိုပြွန်ပိတ်တာ ကျဉ်းနေရင် နှာခေါင်းပိုက်ကနေ အစာထည့်လို့ရပါသေးတယ်။ ဒီထက်ပိုဆိုးလို့ လုံးဝပိတ်သွားရင်တော့ ဗိုက်ကနေအပေါက်ဖောက်ပြီး အစာထည့်ရပါမယ်။ * ကင်ဆာဆဲလ်တွေပျံ့သွားတဲ့အခါ နာပါမယ်။ တခြားနေရာတွေကို ပျံ့သွားနိုင်ပါတယ်။ ကင်ဆာကြိတ်ကနေ တစိမ့်စိမ့်သွေးထွက်နေတတ်ပါတယ်။

ကုသနည်းများ ရောဂါအခြေအနေ၊ လူနာအခြေအနေပေါ်မူတည်၍ ကုသနည်းများစွာရှိပါသည်။ ခွဲစိတ်နည်း၊ ဓာတ်ရောင်ခြည်ပြနည်း၊ ဆေးသွင်းနည်း၊ Targeted therapy၊ Immunotherapy စသဖြင့်နည်းလမ်းပေါင်းများစွာရှိပါတယ်။

ကာကွယ်နည်းများ အစာရေမျိုပြွန်ကင်ဆာဖြစ်တာကို လျှော့ချချင်တယ်ဆိုရင် ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်မသောက်တတ်ရင် မသောက်ပါနဲ့။ စွဲနေရင် ဖြတ်လိုက်ပါ။ အရက်လျှော့သောက်ပါ။ အရက်မဖြတ်နိုင်သေးရင်လျှော့သောက်ပါ။ အသီးအရွက်များများစားပါ။ အဝမလွန်အောင်ထိန်းပါ။

(ဟယ်လို ဆရာဝန်)