ကိုလိုနီခေတ် အဆောက် အအုံ အဟောင်းကြီး ထဲက မျက်နှာဖြူ သရဲ (ဖြစ် ရပ် မှန်)

ကိုလိုနီခေတ် အဆောက် အအုံ အဟောင်းကြီး ထဲက မျက်နှာဖြူ သရဲ (ဖြစ် ရပ် မှန်)

ဒီအဖြစ်အပျက် ကို ပြန်ပြောပြသူက ကျွန်မရဲ့ ဆရာပါ။ ဆရာ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်လောက်တုန်းက သူကြုံခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုပါတဲ့… လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်က ဆရာတာဝန်ကျတဲ့ ကျောင်းဟာ ကိုလိုနီခေတ်က အဆောက်အဦးတစ်ခုကို ကျောင်းအဖြစ် ပြန်ပြောင်း အသုံးပြုထားတာပါ။ တစ်ရက်တော့ ဆရာဟာ စာတွေစစ်စရာရှိ တာကြောင့် ကျောင်းမှာတော်တော်နောက်ကျတဲ့ အထိရှိနေပါတယ်။ စာတွေစစ်တဲ့အထဲ အာရုံရောက်နေတာကြောင့် အချိန်ကုန်လို့ ကုန်မှန်းတောင် သတိမထားမိတဲ့အထိပါပဲ။ အလုပ်ထဲမှာ ဈာန်ဝင်နေတုန်း ရုတ်တရက် အပေါ်ထပ်ကနေ အောက်ကိုဆင်းလာတဲ့ ခြေသံကြားလိုက်ရပါတယ်။ (ဆရာရှိနေတဲ့အခန်းက ဒုတိယထပ်မှာပါ။)

ရုတ်တရက်လည်းဖြစ်တဲ့အပြင် ကျောင်းထဲ မှာလည်း ဘယ်သူမှမရှိတာမို့ ဆရာက ကျောင်းထဲကိုခိုးဝင်လာတဲ့သူရှိတယ်လို့ ထင်တာပါ။ အဲ့ဒါကြောင့် “ဘယ်သူလဲ” လို့ ခပ်ကျယ်ကျယ်အော်မေးလိုက်ပါတယ်။ ဒါပေမဲ့ ပြန်ထူးတဲ့အသံမကြားရပါဘူး။ ဆရာက နေရာကထလိုက်ပြီး တစ်ခန်းဝင်တစ်ခန်းထွက် လိုက်ရှာပါတယ်။ ဒါပေမဲ့ ဘယ်အခန်းမှာမှ ဘယ်သူ့ကိုမှ မတွေ့ရ ပါဘူး။ ဒီလိုနဲ့ ဆရာဝင်ကြည့်ရမဲ့ အခန်းတစ်ခန်းပဲ ကျန်ပါတော့တယ်။ ဒီအခန်းထဲမှာတော့ တစ်ယောက်ယောက်ကို သေချာပေါက်တွေ့ကိုတွေ့ရမယ်လို့ ဆရာက ထင်လိုက်ပါတယ်။ ဒါပေမဲ့ တကယ်တမ်း ဝင်ကြည့်တော့ အခန်းထဲမှာ ဘယ်သူ့ကိုမှ မတွေ့ရပါဘူး။

ဆရာတစ်ယောက် ဇဝေဇဝါ ဖြစ်နေတုန်း ဗြုန်းဆို ရှိသမျှ မီးတွေအကုန်ငြိမ်း သွားပါတယ်။ အမှောင်ထဲမှာ ဆရာတစ်ယောက် ဘာလုပ်ရမှန်းမသိဖြစ်နေတုန်း သူ့နားကတစ်ယောက်ယောက်ဖြတ်သွားသလိုလို၊ အခန်းရဲ့ တစ်ဘက်ထောင့်က ခိုးခိုး ခစ်ခစ်ရယ်သံလိုလို ကြားရပါတယ်။ ဒီတော့မှ ဆရာ လည်း ငါတော့ သရဲခြောက်ခံနေရပြီဆိုပြီး ကြက်သီး မွှေးညှင်း ထလာ ပါတော့တယ်။

အဲ့ဒီအချိန်မှာ တံခါးဖွင့် သံလိုလို ကျွီဆိုတဲ့ အသံကို ဖြည်းဖြည်းချင်းကြားရပါတယ်။ အသံလာရာကို အမှောင်ထဲနေ ကြည့်ကြည့်တော့ အခန်းတံခါးပွင့်တဲ့ နေရာကနေ အလင်းရောင်ခပ်မှိန်မှိန်တစ်ခုတွေ့ရပြီး အဲ့ဒီအလင်းရောင်နဲ့ပဲ အခန်း တံခါး ဖြည်းဖြည်းချင်း ပွင့်လာတာကိုတွေ့နေရတာပါ။ အဲ့ဒီအလင်းရောင်ထွက်နေတဲ့၊ တံခါး ဖြည်းဖြည်းချင်းပွင့်လာတဲ့ အခန်းက အခု ဆရာ ရှိနေတဲ့အခန်းရဲ့မျက်နှာချင်းဆိုင်က အခန်းပါ။ အဲ့ဒီအခန်းထဲကနေပဲ ခပ်မှိန်မှိန် အလင်းရောင် တစ်ခုလင်းနေတာပါ။

မကြာခင်မှာပဲ အဲ့ဒီအခန်းထဲကနေ သာယာချိုသာတဲ့အသံနဲ့ သီချင်း ဆိုသံကိုကြားလိုက်ရပါတယ်။ အသံက အမျိုးသမီး အသံဖြစ်ပြီး သူဆိုနေတာ ဘယ်လို ဘာသာစကားနဲ့ဆိုနေမှန်းမသိသလို၊ သီချင်းစာသားရဲ့ အဓိပ္ပာယ်ကိုလည်း သူနား မလည်ပါဘူး။ ဒါပေမယ့် သူ့ဘဝမှာ ကြားရသမျှသီချင်းသံတွေထဲမှာ အဲ့ဒီသီချင်းသံက အချိုသာဆုံး၊ သာယာနာပျော်ဖွယ် အရှိဆုံးပါပဲတဲ့…

ဒါပေမဲ့ သူ့စိတ်က အဲ့ဒီ အသံရှိရာကို သွားချင်နေပါတယ်။ သူ့စိတ်ကသူ့ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ အသံလာရာ ကို ဖြည်းဖြည်းချင်းလျှောက်သွားမိပါတယ်။ အဲ့ဒီလိုနဲ့ တစ်ဖက်ခန်းကိုရောက်သွားတော့ ထူးဆန်းအံ့သြဖွယ်ရာကောင်းတာ ကို သူမျက်ဝါး ထင်ထင်မြင်ရပါတော့တယ်။

အဲ့ဒီအခန်းထဲမှာ ရှိနေတာက အမျိုးသမီးတစ်ယောက်ပါ။ အဲ့ဒီအမျိုးသမီးက သူ့ကိုကျောပေးပြီးရပ်နေပါတယ်။ သူမ ဝတ်ဆင် ထားတာက အဖြူရောင်ဝတ်စုံဖြစ်ပြီး သူမမှာ ရှည်လျားလှပတဲ့ ဆံပင်ရှည်တွေရှိပါတယ်။ သူမသီချင်းဆိုနေစဉ် အဲ့ဒီဆံပင်တွေက တစ်ဖက် တစ်ချက်ကို ဖြည်းဖြည်းညင်သာစွာလှုပ်ရှားနေပါတယ်။

သေချာကြည့် လိုက်တော့ သူမက တစ်စုံတစ်ရာကို သီချင်းဆိုပြနေတာပါ။ သူမဆိုပြနေတာက အရိပ်ပုံဏ္ဍာန်တစ်ခုကိုပါ။ ဒါပေမယ့် အဲ့ဒီအရာက ဘာလဲဆိုတာကိုသူသဲသဲကွဲကွဲမမြင်ရပါဘူး။ ဆရာတစ်ယောက် အဲ့ဒီမြင်ကွင်းကို ထိတ်လန့် ခြောက်ခြားစွာကြည့်နေတုန်း အရိပ်ပုံဏ္ဍာန်က လှုပ်ရှား လာပါတယ်။ အဲ့ဒီအရိပ်က လက်နှစ်ဖက်ကို ဆန့်တန်းလိုက်ပါတယ်။ ( လက်လို့ ထင်ရတာပဲလို့ ဆရာကပြောပါတယ်။)

အဲ့လိုလှုပ်ရှားလိုက်ပြီး အရိပ်သဏ္ဍာန်ဆီက အသံထွက် လာပါတယ်။ သူ့ဆီက စကားသံထွက်လာပြီး သူပြောလိုက်တာက “ငါတို့ဆီလာခဲ့ပါလား” ဆိုတာပါပဲ။ အမျိုးသမီးကလည်း သီချင်းဆက်ဆိုနေပါတယ်။ ဆရာကပြောပြတာက အဲ့ဒီအချိန် သူ့စိတ်က သူတို့အနီးကို အရမ်းသွားချင်နေပါသတဲ့။ ဒါပေမယ့် သူ့ရဲ့အသိစိတ်နဲ့ ထိန်းပြီး လက်ကျန်သတ္တိလေးနဲ့ ဘုရားစာတွေ ဆိုလိုက်ပါသတဲ့။ သူဘုရားစာရွတ်တဲ့ အသံက ကျယ်လေလေ အမျိုးသမီးရဲ့ သီချင်းဆိုသံက တိုးသွား လေလေဖြစ်လာပါသတဲ့။ နောက်ဆုံးမှာ အမျိုးသမီးရဲ့ သီချင်းဆိုသံလုံးဝပျောက်ကွယ်သွားပြီး နောက်ခဏ မှာ အမျိုးသမီး နဲ့ အရိပ်သဏ္ဍာန်လဲပျောက်ကွယ်သွားပါတယ်။ အဲ့ဒီနောက် ငြိမ်းသွားတဲ့မီးတွေပြန်လင်းလာပါတော့တယ်တဲ့…

အဲ့ဒီတော့မှ ဆရာလည်း လှေကား ကနေပြေးဆင်း၊ သူ့ကားရှိရာကိုသွား၊ အိမ်ကိုတစ်ခါတည်းမောင်းပြေးပါသတဲ့လေ။ ယောင်းတို့ရော… အဲ့လိုအဖြစ်မျိုးကြုံဖူးလား? တကယ်လို့ ကြုံခဲ့ရင်ကော သီချင်းဆိုသံနောက် လိုက်သွားမှာလား? အဲ့လို အမျိုးသမီးတွေ၊ အရိပ်တွေနဲ့ တွေ့မိလို့ လိုက်သွားရင်လည်း ဘယ်ရောက် သွားမလဲမသိဘူးနော်.. တစ်ခါလောက်ကြုံရင် လိုက်သွားပြီး အတွေ့အကြုံလေး တွေ အက်ဒ်မင့်ကို ပြန်ပြောပြနော်

Sugar Cane (For Her Myanmar)