အဆုံးအဖြတ် ပေးမည့် အထွေထွေ သပိတ် တိုက်ပွဲကြီး နှင့် တရုတ်၏ အဆို ပြုချက် ထွက်ပေါ်

ယခုအခါ မြန်မာ ပြည်တွင်း အခြေအနေများသည် အာဏာသိမ်း အဖွဲ့၏ ဥပဒေမဲ့ အပြု အမူများ တိုးမြှင့် လုပ်ဆောင်လာသည်နှင့် အမျှ

မိမိတို့ နိုင်ငံကို ပြည်ပမှ ရုတ်တရက် ကျူးကျော် ခံလိုက်ရသည့် အနေ အထားမျိုးနှင့် ရင်ဆိုင်လာနေရပြီ ဖြစ်သည်။

အာဏာသိမ်း တပ်များက နိုင်ငံတဝှမ်း ရှိ ဆေးရုံ နှင့် ကျောင်းများ ကို အကြမ်းဖက် ဝင်ရောက် သိမ်းပိုက် တပ်စွဲနေလေသည်။

မည်သည့် အတွက်ကြောင့် ထိုသို့ လုပ်သည်ကို သဲသဲကွဲကွဲ မသိရသေးသော်လည်း ဆန္ဒပြသူများ လှုပ်ရှား ခိုအောင်းရာ နယ်မြေ အဖြစ် ယူဆလိုက်တာကြောင့်လည်း ဖြစ်နိုင်ပေသည်။

သို့သော် မုံရွာ တက္ကသိုလ်တွင် ကျောင်းသားများ နှင့် ပြည်သူများက စစ်တပ်ကို မောင်းထုတ် ပြစ်နိုင်ခဲ့ကြသည် ဆိုသည့် သတင်း ဗီဒီယို ဖိုင် ထွက်ပေါ်လာခဲ့သည်။

ရန်ကုန် ပန်းဘဲတန်း မြို့နယ် အတွင်း ရှိ NLD ရပ်ကျေးဥက္ကဌ ဖြစ်သူ အစ္စလာမ် ဘာသာဝင် ဦးခင်မောင်လတ်ကို နေအိမ်မှ ဖမ်းဆီးခေါ်သွားပြီးနောက်

ညတွင်းချင်း သေဆုံးသွားခဲ့ရမှု သည် လုံးဝ လက်ခံနိုင်စရာ မရှိဟု ဆိုကာ အလုပ်သမား သမဂ္ဂ ပေါင်းစုံမှ ယနေ့တွင် တနိုင်ငံလုံး အထွေထွေ သပိတ်ကြီး ပြတ်ပြတ်သားသား ဆင်နွှဲပြီး

စစ်အာဏာရှင်တို့၏ ယန္တယား တခုလုံး ရပ်တန့်သွားအောင် ပြုလုပ် သွားမည်ဟု ကြွေးကြော်လာခဲ့ကြသည်။

ရည်မှန်းချက် အောင်မြင်မည် ဆိုက တော်လှန်ရေးကြီး အတွက် အလှည့်အပြောင်းကြီး တခု ဖြစ်လာ ပေတော့မည်။

စစ်အာဏာရှင်များဖက်က မိမိတို့ သည် တိုင်းပြည်ကို ထိန်းချုပ်နိုင်စွမ်း ရှိကြောင်း ၎င်းတို့အား ထောက်ခံသူများ နှင့် နိုင်ငံတကာကို ပြသလိုစိတ် အားကြီးနေသည်နှင့် အမျှ

မန္တလေး၊ ပုဂံ နှင့် လာရှိုး အစရှိသည့် မြို့များတွင် ငြိမ်းချမ်းစွာ ထိုင်သပိတ် ဆင်နွှဲနေသော ပြည်သူများအား အသံဗုံး များ၊ လက်ပစ်ဗုံးများဖြင့် ပစ်ခတ် ဖြိုခွဲ ခဲ့ကြပြန်သည်။

သို့သော် လက်ရှိ အခြေအနေအရ အာဏာသိမ်း အဖွဲ့ အနေဖြင့် နိုင်ငံတကာ၏ အသိအမှတ်ပြုရန် ဥပဒေ လေးစား လိုက်နာပြရေးကို ခေါင်းထဲတွင် မရှိတော့ဘဲ

မိမိတို့ စခန်း မကျရေး အတွက် ဘန်ကာ ထဲမှ နေ၍ အသေအကြေ ခုခံနေရသည့် ဘဝသို့ ရောက်နေပြီ ဖြစ်သည်။

ထိုသို့ အခြေအနေများ ဆိုးသည်ထက် ဆိုးလာသဖြင့် တရုတ် နိုင်ငံတော် ကောင်စီ ဝင် နှင့် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီက သတင်းစာ ရှင်းလင်းပွဲမှ တဆင့် အချက် (၃) ချက်ကို အဆိုပြုလာခဲ့သည်။

၎င်း၏ အဆိုပြုချက်ကို အကျဉ်းချုပ် တင်ပြရလျှင်..

(၁) ပါဝင် ပတ်သက်နေသူများ အားလုံး ချုပ်တည်းကြဖို့၊ ဖွဲ့စည်းပုံ နှင့် ဥပဒေဘောင် အတွင်းမှ ဆွေးနွေး ညှိနှိုင်းပြီး ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ဆက်လက် လုပ်ဆောင်ကြရန်။

ပထမဆုံး ဦးစားပေး အနေဖြင့် သွေးထွက်သံယိုမှုများ ထပ်မံ မဖြစ်ပွားအောင် ကာကွယ်သွားရန်။

(၂) အာဆီယံ ၏ ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ရ မူကို တရုတ်က ထောက်ခံပြီး၊ အာဆီယံ မှ ဝင်ရောက် ဖြန်ဖြေပေးမှုကိုလည်း ထောက်ခံသည်။

မြန်မာပြည်၏ အချုပ်အခြာ အာဏာ နှင့် ပြည်သူများ၏ ဆန္ဒအပေါ် လေးစားမှုကို အခြေခံပြီး ဖြစ်ပေါ်နေသည့် တင်းမာမှု များ လျော့ပါးစေရေး အတွက်

တရုတ်သည် သက်ဆိုင်သူ အားလုံး နှင့် ထိတွေ့ဆက်သွယ်ပြီး အပြုသဘော ဆောင်သည့် ကဏ္ဍမှ ဖြေရှင်းပေးရန် အသင့်ရှိကြောင်း။

(၃) မည်သို့သော အခြေအနေများ ဖြစ်ပေါ်လာပါစေ တရုတ်-မြန်မာ ဆက်ဆံရေး ခိုင်မာအောင် ဆက်လက် တည်ဆောက်သွားရေး ဆိုသည့် မိမိတို့ ခံယူချက်ကို မပြောင်းလဲပဲ ဆက်လက် ကျင့်သုံးသွားမည်။

ဤနေရာတွင် တရုတ်၏ ချစ်ကြည်ရင်းနှီးမှုသည် မြန်မာပြည်သူများ အတွက် ရည်ရွယ်ခြင်း ဖြစ်သည်။

တရုတ်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မြန်မာပြည်ရှိ နိုင်ငံရေး ပါတီ အသီးသီး နှင့် ချစ်ကြည် ရင်းနှီးမှု ကို ကာလကြာမြင့်စွာ ကတည်းက တည်ဆောက်လာခဲ့သူ ဖြစ်ကြောင်း အစရှိသည်တို့ ပါရှိသည်။

တရုတ်၏ အဆိုပြုချက်သည် စစ်တပ်၏ အာဏာသိမ်းမှု အောင်မြင် နိုင်စရာ အကြောင်း မရှိတော့သည်ကို ဝန်ခံလိုက်ခြင်း ဖြစ်ပြီး

စေ့စပ်ဆွေးနွေး ခြင်းဖြင့်သာ ပြေလည်နိုင်တော့မည်ဟု တရားဝင် အသိပေးလိုက်ခြင်းပင် ဖြစ်သည်။

မြန်မာ စစ်ခေါင်းဆောင်များဖက်မှ ဂျူးလော်ဘီ သမားငှားရမ်းခဲ့သည့် အကြောင်းကို ၎င်း၏ ပါးစပ် ဆော့မှုကြောင့် ဘူးပေါ်သလို ပေါ်သွားခဲ့သဖြင့်

တရုတ်တို့ သံသယ ဝင်လာပြီး ယခုလို ပါဝင် ပတ်သက် လာခြင်းလည်း ဖြစ်နိုင်ပေသည်။

စစ်အာဏာသိမ်းတို့ကို အဓိက သံတမန်ရေး အရ ထောက်ခံ နေသည့် တရုတ်ထိပ်တန်း အကြီးအကဲ တဦး၏ အဆိုပြုချက်ကို ပေယျာလကံ ပြုပါက တရုတ် အဖို့ ကမ္ဘာအလယ်တွင် အရှက်တကွဲ အကျိုးနည်း ရတော့မည် ဖြစ်၍

အာဏာသိမ်း အဖွဲ့မှ ကျေနပ်အောင် တခုခု လုပ်ပြဖို့ ရှိနေသည်ကို CRPH အနေဖြင့် ကြိုတင် ပြင်ဆင် ထားရတော့မည် ဖြစ်သည်။

အနည်းဆုံးက ၎င်းတို့ လုပ်နေကျ ပုံစံအတိုင်း အမျိုးသား ရင်ကြားစေ့ရေးဟု ဆိုကာ NLD နှင့် တိုက်ရိုက် ဆွေးနွေးသည့် သဘော မသက်ရောက်အောင် နိုင်ငံရေး ပါတီများ အားလုံးကို ဖိတ်ကြားလာနိုင်ခြင်းပင် ဖြစ်သည်။

လက်ရှိတွင် ၎င်းတို့ လုပ်နိုင်သည်များက လက်ခုပ်ထဲက ရေလို အနိုင်ကျင့်၍ ရနေသော ပြည်သူများကို ပစ်ခတ်၊ သတ်ဖြတ် ဖမ်းဆီးခြင်း၊ လမ်းများကို ပိတ်ဆို့ခြင်း၊

နေအိမ်များသို့ ညအချိန်ဝင်ရောက် ဖမ်းဆီးခြင်း အစရှိသည့် အကြမ်းဖက် နည်းလမ်းမျိုးစုံကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လာနေကြပြီ ဖြစ်သည်။

သို့သော် ဖိနှိပ်လေ ထကြွလေ ဆိုသည့် သဘောတရား အရ ၎င်းတို့ကို ဆန့်ကျင်လာမှုများနှင့် CRPH ကို ထောက်ခံလာမှုများက တိုး၍ တိုး၍ ဖြစ်ပေါ်လာနေကြသည်။

ယခုအခါ ပြည်သူများကို CRPH အနေနှင့် မိမိတို့ လုပ်ဆောင်နေသည်များ အချိန်နှင့် တပြေးညီတင်ပြနိုင်ရန် CRPH Myanmar (Telegram Channel) ကို ဖွင့်လှစ်တော့မည် ဖြစ်၍ subscribe လုပ်ထားရန် ပြည်သူများကို ပန်ကြားချက် ထုတ်ပြန်လာခဲ့သည်။

မြန်မာ စစ်တပ်မှ အရပ်သားများကို သတ်ဖြတ်လာနေကြသည်နှင့်အမျှ မည်သူကမှ ပြည်တွင်းရေးဟု ဆိုကာ ရေငုံနှုတ်ပိတ် နေ၍ မရတော့သဖြင့် နိုင်ငံတကာ ဖိအားပေးမှုများက မကြုံစဖူးအောင် မြင့်တက်လာနေလေပြီ။

မြန်မာနိုင်ငံ ဆိုင်ရာ အထူး အကြံပေးကောင်စီမှ နိုင်ငံ အတွက် သွင်းကုန်များကို ပေးချေရန် တခုတည်းသော ရရာ ရလမ်း ဖြစ်သည့် ရေနံ၊ သဘာဝ ဓါတ်ငွေ့ နှင့် တွင်းထွက် ပစ္စည်းများမှ ရရှိနေသည့် ဝင်ငွေများကို ဖြတ်တောက် ပြစ်ရန် နည်းလမ်း ရှာဖို့ တောင်းဆိုလိုက်သည်။

မြန်မာ သို့ အဓိက ကုန်တင်ပို့နေသည့် အိမ်နီးချင်း နိုင်ငံများ ရှိ စီးပွားရေး လုပ်ငန်းရှင်များကလည်း လုပ်ငန်းများ ထိခိုက်လာနေပြီ ဖြစ်၍

မြန်မာပြည်တွင်း အခြေအနေများ တည်ငြိမ်မှု ရရေး ကြားဝင် ဆောင်ရွက် ရန် သူတို့၏ အစိုးရများကို တိုက်တွန်းလာနေကြသည်။

မြန်မာ ဈေးကွက်ထဲသို့ ရောက်ရှိနေကြပြီး ဖြစ်သည့် ဂျပန် ကုမ္ပဏီပေါင်း ၄၀၀ ကျော် အနက်မှ အများစုသည် အာဏာသိမ်း အဖွဲ့ အနေဖြင့်

ရှေ့လျှောက် လူထု၏ နည်းမျိုးစုံဖြင့် ဆန့်ကျင်လာတော့မည့် အရေးကြောင့် မိမိတို့ လုပ်ငန်းများ ပြန်လည် ရုပ်သိမ်းရန် စဉ်းစားနေကြပြီဟု ဂျပန် တိုင်းမ် သတင်းစာ တွင် ရေးသားထားသည်။

ဩစတေးလျ အစိုးရမှာလည်း ရက်ပေါင်း သုံးဆယ်ကျော် စောင့်ဆိုင်းနေပြီးမှ ယခုအခါ မြန်မာ စစ်တပ်ကို လေ့ကျင့် သင်ကြားပေးနေမှုများ ရပ်ဆိုင်းကြောင်း ထုတ်ပြန်ကြေညာလာခဲ့သည်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အစည်းအဝေး မှ ကြေညာချက် ထုတ်ပြန်နိုင်ရေး အတွက် အခြေအတင် ညှိနှိုင်းနေဆဲ ဖြစ်သည်။

အားလုံးထဲတွင် စစ်တပ်ကို မလှုပ်နိုင်အောင် အဓိက ဖိအားပေးနေသည်များမှာ မြန်မာ လူငယ်များ၏ သတ္တိရှိစွာ အကြမ်းမဖက်ဘဲ နေ့စဉ်နှင့် အမျှ

ရင်ဆိုင်နေမှုများပင် ဖြစ်သည်ဟု ပြည်ပမှ လေ့လာသူများက တညီ တညွတ် တည်း သုံးသပ်ခဲ့ကြသည်။

စစ်တပ်ဖက်က သိဖို့ လိုနေသည်မှာ ၎င်းတို့ ရှေ့ဆက်တိုးလေ ပိုပြီး ပြင်းထန်သည့် နိုင်ငံတကာ ဒဏ်ခတ်မှုများ နှင့် ရင်ဆိုင်ရတော့မည် ဆိုသည်ကိုပင် ဖြစ်သည်။

သို့သော် စစ်တပ်ကို မည်သို့မျှ နောက်မဆုတ်ရန် စစ်ကောင်စီထဲ ပါဝင်လာသည့် အရပ်သား အလိုတော်ရိ အမျိုးသား သစ္စာဖေါက်များက အပြင်းအထန် တွန်းအားပေးနေသည်ဟုလည်း သတင်းများ ထွက်ပေါ်လျှက် ရှိသည်။

မည်သို့ပင် ဖြစ်စေ တရုတ်က ၎င်းတို့ လုပ်ရပ်ကို မထောက်ခံရဲတော့သည့် အနေ အထားမျိုး ရောက်လာ၍ ပြည်သူတို့၏ အောင်ပွဲမှာ နီးကပ်သည်ထက် နီးကပ်လာနေပြီ ဖြစ်သဖြင့်

အထွေထွေ သပိတ်တိုက်ပွဲကြီးတွင် မိမိတို့ တတ်နိုင်သည့်ဖက်မှ ပါဝင်ကြရတော့မည်လည်း ဖြစ်သည်။

ထိုသို့ အနေအထားမျိုး ရောက်အောင် ရှေ့တန်း မှ ပါဝင် နေကြသည့် ဂျင်ဇီး ကျောင်းသားလူငယ်များ၏ ကျေးဇူးကို တနိုင်ငံလုံးမှ မှတ်တမ်းတင် ဂုဏ်ပြုနေကြပြီလည်း ဖြစ်သည်။

အရေးတော်ပုံ အောင်ရမည်!!!

Sir Hla Soe Wai

Add a Comment

Your email address will not be published. Required fields are marked *

five × four =