R2P ကိစ္စ ကလည်းဟော့နေတော့ ဒီစာစု ကို ကြိုဖတ် ထားသင့်ပါတယ်

US တပ် မလာဘူးဆိုလို့ တချို့က စိတ်ညစ်သွားတယ် ဘာညာ နဲ့ ဖြစ်ကုန်တော့ အရှိကို အရှိတိုင်း မြင်အောင်တော့ ပြောပြချင်လို့ ဒီစာကို ရေးပါတယ်။ ဘာကောင်မှတော့ မဟုတ်ပါဘူး။ ကိုယ်ဉာဏ်မီသလောက်ပေါ့လေ။

Revolution စလုပ်ပြီဆိုကတည်းက အဓိက စိတ်ထဲမှာ ပြင်ဆင် ထားရမှာ (၃) ခုရှိတယ်။

(၁) မင်းလောင်း မမျှော်ပါနဲ့။

(၂) ကယ်တင်ရှင် မမျှော်ပါနဲ့။

(၃) ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးပါ။

နံပါတ် (၁) အဆင့်ကို ပြည်သူတွေ အောင်မြင်စွာ ကျော်လွှား နိုင်ခဲ့တယ်။ မင်းလောင်း မရှာခဲ့ဘူး။ ‌စစ်တပ် အာဏာစသိမ်းတဲ့ နေ့ကတည်းကစလို့ Collective Leadership ပုံစံနဲ့ နယ်ပယ်အသီးသီးမှာ လှုပ်ရှားမှု ပုံစံ အသီးသီး လုပ်ဆောင်ခဲ့ကြတယ်။ ကိုမင်းကိုနိုင်တို့လို လမ်းပြနိုင်သူ တချို့ရဲ့ လမ်းပြဦးဆောင်မှုကို ခံယူတာက လွဲလို့ ဒီတိုက် ပွဲပြီးရင် ဘယ်သူကတော့ဖြင့် မင်းဖြစ်သင့်တယ်လို့ မင်းလောင်းရွေးတာ ရှိမနေခဲ့ဘူး။

ဒီ တချက်နဲ့ တင် ပြည်သူတွေဟာ တော်တော်လေး ရင့်ကျက်လာပြီ ဖြစ်တယ်လို့ သုံးသပ် နိုင်တယ်။ အခုအချိန်ထိ ဒီပုံစံနဲ့ CDM တွေ၊ Protest တွေကို ထိန်းထားနိုင်တဲ့အတွက် အောင်မြင်မှု လမ်းကြောင်းမှန်ပေါ်မှာ အတိုင်းအတာတခုထိ ရောက်နေပြီလို့ ပြောနိုင်ပါတယ်။

နံပါတ် (၂) အဆင့်မှာတော့ ကျော်လွှားနိုင်သူရော၊ မကျော်လွှားနိုင်သူပါ (၄)မျိုး(၄)စား တွေ့ရတယ်။

ပထမတမျိုးက အိမ်ထဲမှာနေ ဘုရားပဲရှိခိုးနေပြီး အမေရိကန်လာကယ်ပါစေ ဆုတောင်းနေတဲ့ သက်ကြီးပိုင်းအုပ်စု ရှိတယ်။ သူတို့ကိုလည်း အပြစ်မပြောသာပါဘူး။ သူတို့ အရွယ်အရ သိပ်မစွမ်းတော့လို့ ကယ်တင်ရှင် မျှော်တာ ယုတ္တိရှိပါတယ်။ ဒီအမျိုးအစားထဲမှာ ငယ်ငယ်ရွယ်ရွယ် သန်သန်မာမာကြီးနဲ့ Keyboard fighter တောင် မလုပ်ရဲဘဲ ကယ်တင်ရှင်မျှော်နေတဲ့ ငပျင်းငကြောက်တချို့လည်း ပါတယ်။

ဒုတိယတမျိုးကျတော့ US/ UN လာကယ်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ လမ်းပေါ်ထွက် ဆန္ဒပြနေတဲ့သူတွေလည်း ရှိတယ်။ သူတို့ကျတော့ အခုလို US တပ်က မလာဘူးဘာညာ သတင်းထွက်တော့ စိတ်ဓာတ်ကျတာ ဖြစ်ကြတာပေါ့။

တတိယ တမျိုးကျတော့ US/ UN လာလာမလာလာ ကိုယ်လုပ်စရာရှိတာ လုပ်မယ် ပြည်တွင်းအင်အားပိုအားကိုးတယ်၊ လာရင်လည်း ပိုကောင်းမယ်ဆိုပြီး မျှော်လင့်ချက်လေး နည်းနည်းပဲ ထားတယ်။ အခုလို သတင်းထွက်လည်း အဲ့လူတွေက သိပ် shock မဖြစ်သွားပါဘူး။ လုပ်စရာရှိတာ ဆက်လုပ်မှာပါပဲ။

စတုတ္တတမျိုးကတော့ အနောက်အုပ်စုကို လုံးဝမမျှော်၊ ဖိရင်ကြွ ထိရင်ချ လူထုသာ အဓိက ဆိုတဲ့ အုပ်စုပေါ့။ leftist ideology ကို ပိုအားသန်တဲ့ အုပ်စုလို့ ဆိုရင်လည်း သိပ်မမှားဘူးပေါ့။

အဲ့တော့ အခု ဒီ နံပါတ်(၂) အဆင့်မှာ တချို့ ကျော်နိုင်တယ် တချို့ မကျော်နိုင်ဘူး။ ဒါပေမယ့် အရေးတော်ပုံ တကယ် အောင်ချင်ရင် ဒီအဆင့်ကို ကျော်နိုင်မှ ရပါမယ်။ ကယ်တင်ရှင်ကို zero-setting ထား၊ လုံးဝ မမျှော်ဘဲ သွားတာ အကောင်းဆုံးပါ။

အခုကယ်တင်ရှင်မျှော်သူတွေက ဘာဖြစ်နေလဲ ဆိုတော့ UN ကယ်ပါ၊ US ကယ်ပါ၊ လူမျိုးစုလက်နက်ကိုင်တွေ ကယ်ပါ၊ နောက်ဆုံး တချို့‌တွေ နေရွှေသွေးအောင် post တွေမှာ ဘကြီးရွှေ နားချပေးပါ၊ ပြည်သူဘက်က ရပ်တည်ပေးပါတို့ သွားပြောတာတွေက ရှိသေးတယ်။ အပေါ်သုံးမျိုးအော်တာကို နားလည်ပေးလို့ရပေမယ့် ဘကြီးရွှေ ကယ်ပါ သမားတွေကတော့ တကယ် ပုစွန်ဦးနှောက်လို့ပဲ ပြောချင်ပါတယ်။

အပေါ်သုံးခုလည်း အရမ်းကောင်း လှတယ်တော့ မဟုတ်ပါဘူး။ UN က လာရင်တောင် Process များလို့ အချိန်ကြာပါတယ်။ ဒါဆို US ရော? US ကို ကယ်ပါ ဆို‌တော့ US နိုင်ငံသားတွေက ပြန်ပြောတာပေါ့၊ ငါတို့ရဲ့ တန်ဖိုးရှိတဲ့ စစ်သားတွေကို မင်းတို့ လွတ်မြောက်ဖို့ အသေခံခိုင်းချင်တာလားပေါ့။ အဲ့လိုဆိုတော့ ပြည်မက လူတွေ အခု ခံ‌စားနေရတာ အတွက် ကူရာကယ်ရာ မရှိတော့ဘူးလားပေါ့။

ဒီနေရာမှာ ကျနော် ဘာလို့ ကူရာ ကယ်ရာလို့ သုံးလဲ။ (၂)ပိုင်းခွဲပြောချင်လို့ပါ။ ကျနော်တို့မှာ ကယ်ရာ (ကယ်တင်ရှင်) မရှိပါ၊ သို့သော် ကူရာ (ကူညီမယ့်သူ) တွေ ရှိပါတယ်။ ဘယ်သူတွေက ကူမှာလဲဆိုရင် အပေါ်က ပြောခဲ့တဲ့ အင်အားစု အားလုံးက ပါပဲ။

UN ကူညီနေပါတယ်။ Strong Condemnation တွေ လုပ်တယ်။ Human Right Violations တွေအတွက် စုံစမ်းစစ်ဆေးဖို့ အထူးအကြံပေး အဖွဲ့တွေ ဖွဲ့တယ်။ အထူးသံတမန် စေလွှတ်တယ်။ မြန်မာ သံအမတ်ကြီးကို အသိအမှတ်ပြုပေးတယ်။ အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်မပြုဘူး။ ဒါတွေဟာ သံတမန်နည်းအရ ကုလရဲ့ အကူအညီပေးမှုတွေပါပဲ။

US ဘာတွေ ကူညီလဲ၊ Targeted Sanctions ချတယ် (ပြည်သူကို မထိပါ)။ လက်နက်ရောင်းချခွင့် ပိတ်တယ်။ CRPH နဲ့ NLD အစိုးရကိုသာ အသိအမှတ်ပြုကြောင်း ကြေညာတယ်။ စစ်ကောင်စီကို သူ့မဟာမိတ်နိုင်ငံတွေနဲ့အတူ ပူးပေါင်းရှုတ်ချတယ်။ အသိအမှတ်မပြုဘူး။ စစ်ကောင်စီရဲ့ နောက်ကကြိုးကိုင်သူ တရုတ်ကို တောင်တရုတ်ပင်လယ်မှာ မလှုပ်နိုင်အောင် လည်မျိုနင်းထားတယ်။ ဝီဂါအရေးဟာ Genocide မြောက်ကြောင်းကြေညာပြီး အုပ်ကြီးရှီကို ချီတုပ်လိုက်တယ်။ ဒါတွေဟာ US ရဲ့ ကူညီမှုတွေပါပဲ။

လူမျိုးစု လက်နက်ကိုင်တွေထဲမှာဆိုရင် KNU ဟာ လူထု ဆန္ဒ ပြပွဲတွေမှာ လူထုကို တတ်နိုင်သမျှ ကာကွယ်ပေးတယ်။ တခါတရံ စစ်တပ်က နယ်ကျွံလာရင် အရင်ကဆို ဆက်ဆံရေးရုံးတွေ အကြောင်းကြား ခြောက်လှန့်ပစ်ခတ်တာလောက်ပဲ လုပ်ပေမယ့် အခုဆို နည်းနည်း ကျွံရင် ကျွံသလို အပျောက်ဆော်နေတာ သိမှာပါ။

KIA ကတော့ ပြည်မကလူတွေနဲ့ ဘဝတူပါပဲ။ မြစ်ဆုံပြန်စနိုင်ရေးနဲ့ တရုတ်မြန်မာနယ်စပ်လမ်းကြောင်း ရှင်းလင်းနိုင်ရေးအတွက် အသည်းအသန် ထိုးစစ်ဆင်တာ ခံနေရတယ်။ တလှေတည်း မစီးချင်ရင်တောင် စီးမိရက်သား ဖြစ်အောင် ဖက်ဆစ်တပ်က တွန်း‌ပို့နေတယ်။ ဒီရက်ပိုင်း KIA တွယ်ထည့်လိုက်လို့ စစ်ခွေးတွေကျသွားတာ‌တွေ သတင်း ဖတ်မိမှာပါ။

ဒါတွေဟာ လူမျိုးစုလက်နက်ကိုင်တွေဘက်က တတ်နိုင်သမျှ ကူညီပေးနေခြင်းပါ။ လူမျိုးစု လက်နက်ကိုင်တွေ ပေါင်းပြီး နေပြည်တော် တက်သိမ်းဖို့တော့ မမျှော်ပါနဲ့။ ခုနက ပြောသလိုပါပဲ။ သူတို့လည်း မကယ်နိုင်ပါဘူး။ ကူရုံပဲ ရပါတယ်။

ဆိုတော့ကာ အခု US က မြန်မာတွေကို ပေးချင်တဲ့ message က တတိယအဆင့်ဖြစ်တဲ့ ကိုယ့်အားကိုယ် ကိုးပြီး ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးပါဆိုတာပါပဲ။ US တပ် မဝင်လာဘူးဆိုတာနဲ့ စိတ်ဓာတ်ကျမယ်ဆိုရင် ခင်ဗျားတို့ လုပ်နေတာဟာ နွေဦးတော်လှန်ရေးလို့ မခေါ်ထိုက် အသက်ပေးလိုက်ရတဲ့ အာဇာနည်‌တွေ တမလွန်ကနေ ငိုကြွေးနေလိမ့်မယ်။ ကယ်တင်ရှင် မလာတာနဲ့ အားလျှော့စရာ အကြောင်းမရှိပါ။

ကိုယ်လုပ်ရမယ့် အရာတွေ ဖြစ်တဲ့ Participate CDM, Support CDM, Strike against Dictatorship, Support CRPH, Implement Local Civil Administration, Disobey Unjust Laws, Make Social Punishment ဆိုတာတွေ ဆက်လုပ်ရမှာ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ် ချိနဲ့ ပြိုလဲဖို့ ကိုယ်လုပ်စရာ ရှိတာ ကိုယ်လုပ်နိုင်တာ အကုန်လုပ်ရမယ်။ ကိုယ်ကလုပ်စရာရှိတာလုပ်မှသာလျှင် ကူမယ့်လူတွေက ကိုယ်လုပ်တဲ့ step တိုင်းမှာ တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်း ကူညီပါလိမ့်မယ်။

အခုဆိုရင် ကိုရီးယားရှေ့နေတွေက မအလနဲ့ အပေါင်းအပါတွေကို ICC မှာ စွဲချက်တင်နိုင်ဖို့ ကြိုးပမ်းနေတာတွေ၊ နိုင်ငံခြားရောက် မြန်မာတချို့က သက်ဆိုင်ရာ နိုင်ငံတွေမှာ အာဏာသိမ်းကောင်စီကို Terrorist Group အဖြစ် ကြေညာ နိုင်ဖို့ ကြိုးပမ်းနေတာတွေလည်း တွေ့မှာပါ။ ဘာမှ အားငယ်စရာမရှိပါဘူး။ The world is watching ဆိုတာ ဘောပွဲကြည့်သလို ထိုင်ကြည့်နေတာ မဟုတ်ပါဘူး။ သူတို့ ကူနိုင်သမျှ ကူပေးနေတယ်။

တနည်းပြောရင် The world is with us ပါပဲ။ တာလီဘန်အကြမ်းဖက်အစိုးရတောင် ထောက်ခံအသိအမှတ်ပြုတဲ့ နိုင်ငံတွေ ရှိခဲ့တဲ့ ကမ္ဘာ့သမိုင်းမှာ ဘယ်နိုင်ငံခြားအစိုးရရဲ့ အသိအမှတ်ပြုမှုကို မှ မရတာ ဒီဖက်ဆစ် စစ်ကောင်စီပဲ ရှိပါတယ်။ ဒီတခုနဲ့တင် ကျနော်တို့ အနိုင်ဂိုးသွင်းထားပြီး ဖြစ်ပါတယ်။ အချိန်မစေ့ခင် ဂိုးပြန်သွင်းမခံရအောင် ‌ခံစစ်ကောင်းကောင်းနဲ့ တောင့်ခံ ထားနိုင်ဖို့ပဲ လိုပါတယ်။

ဒီပွဲဟာ ဓမ္မနဲ့ အဓမ္မကြား Stamina နဲ့ တိုက်ရမယ့်ပွဲဖြစ်တယ်။ ကျနော် တို့ သက်လုံကောင်းဖို့လိုတယ်။ ရန်သူဟာ ပြည်တွင်းပြည်ပက အမျိုးမျိုးသော Pressure အောက်မှာ ရှိနေတယ်။ လက်နက်တခုပဲ ကိုယ့်ထက်သာပါတယ်။ ကမ္ဘာကြီးအပါအဝင် ကျန်တာ အကုန်လုံး ကျနော်တို့ ရထားပါတယ်။ အားမလျှော့ပါနဲ့။ ဆက်တိုက်ကြပါမယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောတဲ့စကားနဲ့ ဒီစာ နိဂုံး ချုပ်ပါမယ်။

ပြည်သူ သာလျှင် အဓိကပါ အရေးတော်ပုံ အောင်ရမည်

Dr Phyo Zin Winn

Add a Comment

Your email address will not be published. Required fields are marked *

seven + eighteen =