တရုတ်ပြည် ပီကင်းဈေးကြီး မှာ တစ်ယောက်ကစ (၇၉) ယောက် ထိ တွေ့ရှိ လာတဲ့ နောက်ဆုံးရ ကူးစက်မှု အခြေအနေ…

တရုတ်ပြည် ပီကင်းဈေးကြီး မှာ တစ်ယောက်ကစ (၇၉) ယောက် ထိ တွေ့ရှိ လာတဲ့ နောက်ဆုံးရ ကူးစက်မှု အခြေအနေ…

၅၅ ရက်ကြာ တရုတ်နိုင်ငံ ပီကင်းမြို့မှာ ကိုဗစ် လူနာမတွေ့ရာက ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ တစ်ယောက်စတွေ့တယ်။ အခုထိ ၇၉ ယောက်တွေ့ထားတယ်။ အားလုံးက Xin Fa Di အသားငါးဟင်းသီးဟင်းရွက်ဈေးကြီးနဲ့ ဆက်နွယ်ပြီးဖြစ်တာ။ အဲ့ဒီဈေးကြီးက ဧက ၂၆၀ ကျော်လောက်ကျယ်ဝန်းတယ်။ မြောက်ပိုင်းပြည်နယ် အတော်များများကို ကုန်းစိမ်းပို့နေတဲ့ ဈေးကြီး။

ဈေးကမှန်း ဘယ်လိုစသိတာလဲဆိုတော့ လူနာတွေရဲ့ သွားထားတဲ့ နေရာတွေကို ခြေရာခံရာက ပထမဆုံးလူနာရယ် ဒုတိယလူနာရယ်က အဲ့ဒီကုန်စိမ်းဈေးကြီးကို သွားထားတယ်လို့ ဖြေရာကစသိတာ။ လောလောဆယ် အဲ့ဒီဈေးရဲ့ ဈေးခေါင်းကြီးရယ်၊ ဈေးရှိတဲ့ဒေသက ဒုမြို့နယ်ဦးစီးမှုးရယ်၊ ဈေးရှိတဲ့ဒေသက ကွန်မြူနစ်ပါတီ အတွင်းရေးမှုးရယ် အလုပ်ပြုတ်ကုန်တယ်။

မနေ့က တနင်္ဂနွေနေ့အထိ Test နမူနာပေါင်း 76499 ခုယူပြီးပြီ။ အဲ့လူတွေ ထဲက စုစုပေါင်း 59 ယောက် Positive တွေ့ထားတယ်။ အဲ့ဒီကုန်စိမ်းဈေးရဲ့ 70 ရာနှုန်းသောလုပ်သားတွေဖြစ်တဲ့ လူ 6000 ကျော်ကို Test စစ်ကြည့်ထားတာ အကုန် Negative ထွက်ထားတယ်။

အနီးအနားက လူနေရပ်ကွက်တွေကနေ လူတွေကို Test စစ်ထား သလောက်ကလည်း Negative ပဲတဲ့။ Genome sequencing မျိုးရိုးဗီဇစစ်ကြည့်လိုက်တော့ အခု ဗိုင်းရပ်စ်က ဥရောပကလာတာတဲ့။ ဒါပေမယ့် ကူးစက်မှုဘယ်လိုဖြစ်လာတာလဲဆိုတာ အဖြေရှာဖို့လိုနေသေးတယ်တဲ့။

ဖြစ်နိုင်ခြေတစ်ခုက ရေခဲရိုက်ထားတဲ့ အသားတွေဟာ ပြင်ဆင်ချိန် တုန်းက COVID-19 ရှိတဲ့လူနာကနေ ဗိုင်းရပ်စ်ပိုးပါသွားစေပြီး သယ်ယူပို့ဆောင်တဲ့အချိန်မှာ အအေးဓာတ်က ဗိုင်းရပ်စ်ကို အသက်ရှင်စေခဲ့တာ။ တရုတ်ပြည်ရောက်တော့မှ အသားပြင်ဆင်လှီးဖြတ်တဲ့သူဆီကူးတာ။ အဲ့ကနေ တခြားလူတွေဆီ ကူးစက်ကုန်တာ။ ဖြစ်နိုင်ခြေနည်းတယ်လို့ တော့မြင်ပါတယ်။

အဲ့သလိုသာဖြစ်ခဲ့ရင် COVID-19 ဟာ ရေခဲရိုက် အသားငါးလောက ကို အကြီးအကျယ်အကျယ်ထိခိုက်စေမှာဖြစ်တယ်။ အဲ့သလိုသာဖြစ်ခဲ့ရင် မြန်မာပြည် #အသားစိမ်းငါးစိမ်းလောကမှာလည်းလန့်ကုန်ကြမယ်။ အဲ့သလိုသာဖြစ်ခဲ့ရင် ဝူဟန့်အသားငါးဈေးမှာ ဖြစ်ခဲ့တဲ့ဇာတ်လမ်းက ပိုရှုပ်မယ်။

နောက်ဖြစ်နိုင်ခြေတစ်ခုက တရုတ်ပြည်မှာ ရောဂါပိုးရှိတဲ့ သူဆီကနေ အဲ့ဒီကုန်စိမ်းဈေးထဲမှာ လူမသိသူမသိကူးတာ။ တစ်ယောက်ကလေးကနေစပြီးတော့ အများကြီးဖြစ်သွားတာ။

အဲ့ဒီကုန်စိမ်းဈေးကြီးဆိုတာလည်း တရုတ်ပြည်နေရာအနှံ့က လူပေါင်း စုံဝင်ထွက်နေတာ။ အဲ့ဒီလိုပြည်တွင်းက ပြန်ကူးတာဖြစ်နိုင်ခြေအများဆုံး။

အခုဖြစ်နေတဲ့အခြေအနေကိုသုံးသပ်ရရင်….

တရုတ်ကွန်မြူနစ်အစိုးရရဲ့ သတင်းဖုံးဖိတတ်တဲ့ အကျင့်ကြောင့် တရုတ်ပြည် ရဲ့သတင်းကို ယုံကြည်ဖို့ကခက်နေကြတယ်။ သတင်းကို ထိန်ချန်ထုတ်ပြန်တတ်တဲ့ အစိုးရတိုင်းရဲ့ စကားကိုပြည်တွင်းပြည်ပဘယ်သူမှ မယုံကြည်ကြဘူး။ ဘာတွေချန်ထားလဲပဲ အမြဲတွေးကြတယ်။ ဘယ်လောက်ပဲကြိုးစားလုပ်လုပ် မယုံကြဘူး။

အခုဖြစ်ရပ်မှာ အသားငါးစိမ်းကနေကူးသလားဆိုတာ စောင့်ကြည့်ရ မယ်။ ဘာပဲဖြစ်ဖြစ် လူစည်ကားတဲ့ ကုန်စိမ်းဈေးဟာဗိုင်းရပ်စ်စိတ်ကြိုက် အကူးစက်လွယ်ဆုံးနေရာဆိုတာကို ပြနေတယ်။ ကိုဗစ်ကာလမှာ ကုန်စိမ်းဈေးတွေသန့်ရှင်းရေးနဲ့ ရောဂါကူးစက်ပြန့်ပွားမှုထိန်းချုပ်ရေးကို အသေအချာလုပ်ဖို့ ဒီကိစ္စက မီးမောင်းထိုးပြနေတယ်။

ပီကင်းမြို့မှာ လူကြားသူကြားထဲမှာ လူမသိသူမသိရောဂါသည်တွေရှိနေတယ်ဆိုတာ သေချာတယ်။ စစ်ချလိုက်ရင် ထပ်ထွက်လာနိုင်တယ်လို့ ဟောင်ကောင် ကူးစက်ရောဂါကျွမ်းကျင်သူတွေက မှန်းနေကြတယ်။

ဒီကိစ္စဟာ လူနေထူထပ်တဲ့ ရန်ကုန်မြို့ကြီးရဲ့ဈေးတွေကို အသေအချာရောဂါမပြန့်ပွားအောင်ထိန်းချုပ်ဖို့ သံချောင်းခေါက်သံပါပဲ။

ဝူဟန့်မြို့မှာ ဈေးကနေထိန်းမရအောင် တရုတ် တနိုင်ငံလုံးကိုပြန့်သွားခဲ့တယ်။ အခုပီကင်းမှာ ကံကောင်းလို့ စောစောစီးစီးအကုန်လိုက်စစ်နိုင်လို့။ မပေါ့ကြနဲ့။ ဖြစ်ရင်တစ်ယောက်ကနေထိန်းလို့မရအောင်ဖြစ်သွားနိုင်တယ်။ ဝူဟန်တုန်းက အားလုံးမြို့ကနေကပ်ဆိုက်လို့ထွက်ပြေးဖို့ကြိုးစားကြတာ နဲ့ သောက်သောက်လဲ သေကြတာကိုမမေ့နဲ့။

ပီကင်းမြို့က ကိုဗစ် အခြေအနေကို သိရသလောက် ထပ်တင်ပေး ပါမယ်။

Richard Myo Thant
(15-June-2020)
https://www.facebook.com/richard.myothant