သူများတွေ အတွက်သာ ပြုံးသွားရှာ တဲ့ ဘောလိဝုဒ်မင်းသား ရဲ့ အဆုံး စီရင်ခြင်း နောက်ကွယ်

သူများတွေ အတွက်သာ ပြုံးသွားရှာ တဲ့ ဘောလိဝုဒ်မင်းသား ရဲ့ အဆုံး စီရင်ခြင်း နောက်ကွယ်

သူများတွေအတွက်သာ ပြုံးသွား တဲ့သူတွေ…

ဘောလိဝုဒ်မင်းသား Sushant Singh တယောက် ကိုယ့် ကို အဆုံးစီရင် သွားတဲ့ သတင်းဖတ်ရတော့ အံ့အား သင့်တုန်လှုပ်မိတယ်။ သူ့အသက်က ၃၄ နှစ်ပဲ ရှိပါ သေးတယ်။ ဘောလိဝုဒ်မှာ ထိပ်တန်းအဆင့်အထိ မရောက်လာသေးပေမယ့် သူ့ဇာတ်ကားလေးတွေ အများစုက ကောင်းပါတယ်။ PK ၊ MS Dhoni နဲ့ Kedarnath လို ပေါက်ကားတွေလည်း ရိုက်ပြီးပြီ။ သူ့ရဲ့နောက်ဆုံးရုပ်ရှင်ကား Chhichhore ကလည်း အောင်မြင်ပါတယ်။အရွယ်ကောင်းတုန်း၊အောင်မြင် စပြုတုန်းမှာ ဘာလို့ ကိုယ့်အသက်ကို အဆုံးစီရင် သွား ရပါလိမ့်။

ဖတ်ရတဲ့သတင်းတွေ အရတော့ Sushant Singh က စိတ်ကျရောဂါ ခံစားနေရတာ အတော်ကြာပြီဆိုပဲ။ အဲဒီလို ဖတ်ရတာ ပိုလို့တောင် စိတ်မကောင်းဖြစ်ရ ပါသေးတယ်။ Sushant Singh ရဲ့ ပထမဆုံးရုပ်ရှင် Kai Po Che မှာ သူသရုပ်ဆောင်တာကြည့်ပြီးတော့ အရည်အချင်းရှိတဲ့မင်းသား အဖြစ် သတိထားမိတယ်။ နောက်တခု သူ့မှာအထူးခြားဆုံးက ပြုံးရွှင်ချိုသာတဲ့ မျက်နှာပါ။ အထူးသဖြင့် ပြုံးရယ်လိုက်တဲ့အခါမျိုးမှာ ဟန်လုပ်ယူထားတာမဟုတ်တဲ့ အပြုံး၊ သဘာဝကျ ကျနဲ့ နှစ်လိုဖွယ်အပြုံးမျိုးကို သူ့ဆီမှာ တွေ့ရတယ်။

ပထမဆုံးရုပ်ရှင်တင်မက နောက်ရိုက် တဲ့ ရုပ်ရှင်ကား တွေမှာ Sushant Singh ရဲ့ ဖော်ရွေချိုသာတဲ့ အပြုံး ကို အမြဲလိုလိုတွေ့ရတယ်။ သူ ပါဝင်တဲ့ ရုပ်ရှင်တွေ၊ music video တွေကို ကြည့်ဖူးသူတွေ ပိုသိမှာပါ။

သရုပ်ဆောင်မို့လို့ ပရိသတ် ချစ်အောင် အပြုံးဖန်တီး ထားတာရော မဖြစ်နိုင်ဘူးလားလို့ မေးစရာရှိတယ်။ သူ့ရဲ့ behind the scene ဗီဒီယိုတွေ၊ event တွေမှာလည်း သူ့ရဲ့ပျူငှာတဲ့ အပြုံးကို တွေ့ ရမှာပါ။ ဆိုလိုချင်တာက ပဲများပြီး အလကားနေရင်း ပြုံးပြနေတာမျိုး မဟုတ်ဘဲ သူ့စိတ်ရင်းကို လှစ်ဟ ဖော်ပြနေတဲ့ ဖော်ရွေတဲ့အပြုံးကို သူ့ရဲ့လှုပ်ရှားမှု ပုံရိပ်တိုင်းမှာ မြင်နိုင်ပါတယ်။ ဂူးလ်ဂဲ မှာ Sushant Singh ရဲ့ ပုံတွေကို ကြည့်လိုက်ပါ။ ပြုံးပျော်နေတဲ့ ရုပ်ပုံတွေက အများစု ပေါ်လာပါလိမ့်မယ်။

အဲဒီလို အမြဲပြုံးနေတတ်သူတယောက် က စိတ်ကျ ဝေဒနာ ခံစားနေရပြီး နောက်ဆုံး သူ့အသက်ကိုပါ အဆုံးစီရင်သွားတဲ့နည်းလမ်းနဲ့ လောကကြီးထဲက ထွက်ခွာသွားတဲ့ဖြစ်ရပ်ဟာ တွေးကြည့်ရင် စိတ်မ ကောင်းစရာပါ။ Sushant ရဲ့ အဖြစ်အပျက်​ကြောင့် လွန်ခဲ့တဲ့ ၆ နှစ်က ကွယ်လွန်သွားရှာတဲ့ ဟောလိဝုဒ် မင်းသားကြီး Robin Williams ကို သတိရမိတယ်။

Robin Williams ကလည်း Sushant လို ဖော်ရွေ ပျူငှာတဲ့မျက်နှာထားရှိပြီး သူ့အပြုံးက မြင်သူတိုင်း နှစ်သက်ခင်မင်စေတဲ့ အပြုံးမျိုးပါ။ Jumanji တို့၊ Flubber တို့လို ရုပ်ရှင်တွေနဲ့ ဒီကပရိသတ်တွေ သိကျွမ်းကြတဲ့ Robin ကလည်း Sushant လိုပဲ စိတ်ကျရောဂါနဲ့ ကိုယ့်ကိုကိုယ် သတ်​သေ သွားရှာ ပါတယ်။ ဘယ်လိုဇာတ်ရုပ်ပဲ သရုပ်ဆောင်ပါစေ သူ့မျက်နှာမြင်လိုက်တာနဲ့ ခင်မင်ရင်းနှီးလာစေတဲ့ အေးချမ်းတည်ငြိမ်တဲ့ မျက်နှာမျိုးပါ။ ယုတ်စွအဆုံး Insomnia ဆိုတဲ့ ရုပ်ရှင်ကားထဲမှာ စိတ်မူမမှန်တဲ့ လူသတ်တရားခံအဖြစ် သရုပ်ဆောင်တာတောင် Robin ဟာ ကြင်နာ တတ်တဲ့ ဉီးလေးတယောက်လို ခင်မင်စရာ ကောင်းနေခဲ့တယ်။

Robin တို့၊ Sushant တို့လို လူမျိုးတွေရဲ့ အဖြစ်က ဝမ်းနည်းဖို့ ကောင်းပါတယ်။ ကိုယ်တိုင် မပျော်ရွှင်နိုင်ဘဲ အတွင်းစိတ်မှာ ပြိုကျအထီးကျန်နေပေမယ့် သူများတွေအပေါ်မှာ ပြုံးရွှင်ဖော်ရွေစွာ ဆက်ဆံခဲ့ ကြတယ်။အနုပညာတာဝန်လည်း ကျေခဲ့ကြတယ်။ ကိုယ်တိုင် မွေးထုတ်ဖန်တီးခဲ့တဲ့ ကိုယ့်ရဲ့အပြုံးကို ကိုယ်ကလွဲပြီး သူများတွေအတွက်ပဲ ဖြန့်ဝေပေးခဲ့ တာမျိုးပါ။ သူတို့မျက်နှာ၊ သူတို့အပြုံးကို မြင်ရတဲ့ သူတွေအဖို့ ​ကြည်နူးမှုနဲ့မေတ္တာတရားကို ရလိုက် ကြပြီး သူတို့ကိုယ်တိုင်ကတော့ လိုအပ်ချက်တွေ တပုံတပင်ထွေးပွေ့ပြီး လောကကို အရှုံးပေးသွားခဲ့ ရရှာတယ်။

ရုပ်ရှင်သရုပ်ဆောင်တွေမှ မဟုတ်ပါဘူး။ ကျန်တဲ့ နယ်ပယ်စုံ မှာလည်း ကိုယ်တိုင်က အဆင်မပြေမှု၊ အကျပ်အတည်းတွေနဲ့ ဆက်မရှင်သန်ချင်တော့ လောက်အောင် မွန်းကျပ်နေပေမယ့် သူများတွေ အတွက် အပြုံးမျက်နှာနဲ့ ဆက်ဆံနေကြသူတွေ ဘယ်လောက်များ ရှိပါသေးလဲ။ ဘဝဇာတ်ခုံမှာ ပျော်ရွှင်စရာ ဇာတ်ထုတ်ကပြီး ကန့်လန့်ကာရဲ့ နောက်ကွယ်မှာ ခိုးပြီး မျက်ရည်ကျနေရသူတွေ ဘယ်လောက်များ ရှိပါသေးလဲ။ သူများအမြင်မှာ အရာရာ အဆင်ပြေအောင်မြင်၊ပျော်ရွှင်နေတယ် ထင်ရပေမယ့် မျက်နှာဖုံးနောက်က မျက်နှာတွေ၊ ကွယ်ဝှက်ထားတဲ့နှလုံးသားတွေမှာ ခံစားနေရတဲ့ အမှန်တရားခါးခါးတွေကိုရော မြင်နိုင်ကြရဲ့လား။

ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့သူအားလုံး အနည်းနဲ့ အများ အပူကိုယ်စီ၊ ဒုက္ခကိုယ်စီ ထွေးပိုက်ထား ကြရတာမို့ ဘယ်သူကဖြင့် အဆင်ပြေနေတယ်၊ ဘယ်သူကဖြင့် ပြုံးပျော်နေတယ်ဆိုပြီး အရာရာ ပြီးပြည့်စုံနေတယ်လို့ တထစ်ချ မမှတ်ယူဘဲနဲ့ တတ်နိုင်သမျှ မေတ္တာထားပြီး ဆက်ဆံကြမယ်၊ ကိုယ်လုပ်ပေးနိုင်သလောက် ကူညီဖေးမကြမယ် ဆိုရင် တော့ အချိန်မတိုင်ခင်လောကကို အရှုံးနဲ့ နှုတ်ဆက်သွားတာမျိုးတွေ နည်းလာမယ်လို့ မျှော်လင့်မိပါတယ်။

Phyo Myint Wai

Add a Comment

Your email address will not be published. Required fields are marked *

twelve − eight =