ကိုဗစ် ရှိနေသေးတာ ကို မေ့နေကြတဲ့ ရွှေမြန်မာများ နှင့် ဖြစ်လာနိုင်ခြေ ရှိတဲ့ တတိယလှိုင်း…

ကိုဗစ် ရှိနေသေးတာ ကို မေ့နေကြတဲ့ ရွှေမြန်မာများ နှင့် ဖြစ်လာနိုင်ခြေ ရှိတဲ့ တတိယလှိုင်း…

နိုင်ငံတကာမှာ ကိုဗစ် နှိပ်စက်လို့ အတော်ကြီး ခံရခက်နေ ပါပြီ။ အမေရိကန်မှာ ကိုဗစ်ကနေ လူမျိုးရေးပြသနာ ကူးစက်သွားပြီး မြို့ကြီးအတော်များများတွင် ဆန္ဒပြ ပွဲတွေ အကြမ်းဖက်မှုတွေ ဖြစ်ပေါ် နေတာ ကြားရပါတယ်။ သည်အခြေအနေထဲမှာ ရုန်းရင်းဆန်ခတ် နှိမ်နင်းရတဲ့ ရဲတွေ ဟာ ကိုဗစ်မကြောက် အားဘဲ တာဝန် ကျေကျေ ထမ်းဆောင်နေရင်းက ကိုဗစ်က အလစ်ဝင်တိုက်လို့ နောက် တန်းပြန် ဆေးကုနေရတဲ့ သတင်း လည်း ကြားရပါတယ်။

ရုရှားနိုင်ငံမှာတော့တစ်နေ့ ၁ဝဝဝ ကျော်လောက် ရောဂါ ကူးစက် နေပေမယ့်လည်း ကိုဗစ်ကြောင့် လုပ်ထားရတဲ့ ထိန်းချုပ်မှုတွေကို ဖြေလျှော့ပေးလိုက်ပါသတဲ့။ ကိုဗစ်ကြောင့်မသေ။ ပြည် သူတွေငတ်သေမှာစိုးလို့ထင်ပါရဲ့။ စင်ကာပူမှာတော့ ကျောင်း ပြန်ဖွင့်ဖို့ စိုင်းပြင်းနေပါတယ်။ ရောဂါအန္တရာယ်ကင်းအောင် စနစ် တကျ ကျောင်းဖွင့်ဖို့ ကြိုးစားနေပါတယ်။

ဖိလစ်ပိုင်က ဒူတာတေး ကတော့ ရှင်းရှင်းပဲ။ ကိုဗစ် ရောဂါ ကာကွယ်ဆေး မရသေးသရွေ့တော့ ကျောင်းတွေ ပေးမဖွင့်နိုင်ဘူးလို့ ခပ်ပြတ်ပြတ်ပြောနေပါသတဲ့။ မြန်မာပြည်မှာတော့ ပြည်တွင်း ကူးစက်မှုမတွေ့ဘဲ ပြည်ပက ပြန်လာတဲ့သူတွေဆီကပဲ ရောဂါပိုး တွေ့နေတာပါ။ သူတို့ကို အတတ်နိုင်ဆုံး ထိန်းချုပ်ပြီး ဇွန် ၁၅ ရက်နေ့အထိ ၅ ယောက်ထက်ပိုမစုရ အမိန့်ကို ဆက်ထိန်းထားဆဲပါပဲ။ စားသောက်ဆိုင်တွေကတော့ ကိုယ့်သဘောနဲ့ကိုယ် သွေးတိုးစမ်း ဖွင့်နေကြပါပြီ။

ဘယ်သွားသွား mask တပ်ပါလို့ အမိန့်ထုတ်ထားပေမယ့် နှာခေါင်းစည်းတပ်သူ အလွန်နည်း ပါတယ်။ လူမြင်ကွင်းလောက်မှာပဲ ဟန်ပြတပ်ပေမယ့် လူလစ်တာနဲ့ ချက်ချင်းချွတ်ပစ်ကြပါတယ်။

mask တပ်ထားတာ အသက်ရှူကျပ်တာကိုး။ အင်မတန် လူဦးရေ ထူထပ် အသွားအလာများ ဈေးဆိုင်တွေများတဲ့ ကျောက်တံတားမြို့နယ်မှာတောင် အချင်းချင်း ကူးတာမျိုး မကြားတော့လည်း မကြောက်ကြတာလည်း ဖြစ်မှာပေါ့။

ကျွန်တော်တို့လူမျိုးက မျက်စိရှေ့ ဝုန်းဒိုင်းကူးစက်ပြီး ကိုယ့်ဆွေမျိုးတွေ ဆေးရုံရောက်မှ ကြောက်တတ်တာမျိုးလေ။ နဂိုကတည်းက လွတ်လွတ် လပ်လပ် ပျော်ပျော်ပါးပါး အေးအေး ဆေးဆေး နေလာခဲ့ကြတော့ ဒီလို ကိုဗစ်ကြီးဖြစ်လာတဲ့အခါ အတော် ကြောက်ကြပါတယ်။ ပြီးတော့လည်း နဂိုစရိုက် အတိုင်း ပေါ့ပေါ့ပါးပါး လွတ်လွတ် လပ်လပ်နဲ့ အေးအေးဆေးဆေး ပြန်နေလိုက်ကြတာ မဆန်းပါဘူး။

ပြီးတော့လည်း ပြီးတာပဲ။ သေခြင်း တရား၊ သင်္ခါရတရားကို အမြဲနှလုံး သွင်းနေကြသူတွေမို့ မကြောက်ကြ တာလား မသိပါဘူး။ ကြောက်တာတွေများလို့ ထုံသွားတာလည်း ဖြစ်မှာပါ။ ငယ်ငယ်က တည်းက မိဘကိုကြောက်၊ ကျောင်းရောက်တော့ ဆရာကိုကြောက်၊ အလုပ်ထဲရောက်တော့ သူဌေးကို ကြောက်၊ အထက်အရာရှိကို ကြောက်၊ အိမ်ရောက်တော့ မိန်းမကိုကြောက်။ အသက်ကြီးလာတော့ သားသမီးကို ကြောက်၊ ငရဲကိုကြောက်၊ ဒုက္ခ ဆင်းရဲကိုကြောက်၊ ယူနီဖောင်းဝတ် လာတဲ့သူကိုကြောက်။

နောက်ဆုံး ဘတ်စ်ကား ပေါ်ရောက်ရင်တောင် စပယ်ရာ ကြောက်၊ ခါးပိုက်နှိုက်ကြောက်နဲ့ အကြောက်တရားနဲ့ နေရတာကြာတော့ မကြောက်ချင်တော့တာ လား မသိ။ ဒါမှမဟုတ် ကိုဗစ်ကြောင့် စီးပွားရေးတွေပြိုလဲ အလုပ်တွေ ပြုတ်၊ လစာတွေလျှော့ခံရပြီး မလောက်မငှ စားနေရတာကြောင့် သေမထူးဇာတ် ခင်းနေကြတာလား။ ဈေးထဲတွေ သွားကြည့်ပါ။ နှာခေါင်းစည်း တပ်ထားတဲ့ဈေးသည် မရှိသလောက်ပါပဲ။ ဈေးဆိုင်တွေ သွားကြည့်ပါ။ နှာခေါင်းစည်းမတပ်ဘဲ နားရွက်မှာ ချိတ်ထားတာမျိုးတွေ ပဲ တွေ့ရမှာပါ။ ကိုဗစ်က တတိယလှိုင်း အနေနဲ့ လာနိုင်ခြေရှိတယ်ဆိုတာ ကမ္ဘာ့သတင်း တွေကြည့်ရင် တွေ့မှာပါ။ တာဝန်ရှိသူတွေက စိုးရိမ်တကြီး ပူပန်ဆောင်ရွက်နေကြတာ တွေ့တော့ အားနာပါတယ်။ တကယ်တမ်းဖြစ်ရင် မီးသဂြိုလ်စက်တော့ လက်မလည်ဖြစ်သွားနိုင်ပါတယ်။ တကယ်ကြောက် စရာကောင်းပါတယ်။

ဒါပေမဲ့ မကြောက်တဲ့သူ ကတော့ မြို့ထဲမှာ ကိုဗစ်မရှိဘူး။ ဘယ်မှာရှိတယ် လို့ ခင်ဗျားထင်လို့လဲပြောတော့ ကိုဗစ်က ဆေးရုံမှာပဲ ရှိတာ လို့ ပြန်ပြောပါတယ်။ ဒီလောက်ကြီးလည်း အတင့် မရဲပါနဲ့။ ဟိုလောက်ကြီးလည်း ကြောက်မနေပါနဲ့။ ကျန်းမာရေးအသိစိတ်နဲ့ တစ်ကိုယ်ရည် ကာကွယ် စောင့်ရှောက်ပါ။ အထူးသဖြင့် ပစ္စည်းနဲ့ လက် ထိတွေ့တိုင်း လက် ဆေးပါ။ လူတွေကြားထဲသွားရင် နှာခေါင်းစည်းတပ်ပါ။ အသိ သတိနဲ့နေပြီး လုပ် စရာရှိတာ ဆက်လုပ်ကြဖို့ တိုက် တွန်းအားပေးလိုက်ပါရေစ။

ကိုဗစ်ရှိသေးတယ်နော် မေ့နေကြမှာ စိုးလို့ – ကောင်းသန့်

Add a Comment

Your email address will not be published. Required fields are marked *

two × 4 =