ပွဲမပြီးသေးတဲ့ ကိုဗစ် နဲ့ အပျော်အပါးတွေ မှာ လူတွေ တရုန်းရုန်း ပြန်ဖြစ်နေ တဲ့ မြန်မာပြည်

ပွဲမပြီးသေးတဲ့ ကိုဗစ် နဲ့ အပျော်အပါးတွေ မှာ လူတွေ တရုန်းရုန်း ပြန်ဖြစ်နေ တဲ့ မြန်မာပြည်

မနေ့ကတော့ ယူအက်စ်မှာ ကိုဗစ်ကြောင့် သေဆုံးရမှု အရေ အတွက်ဟာ ၃၀၁ ယောက်ပဲ ရှိခဲ့တယ်။ “၃၀၁ ယောက်ပဲ” လို့ ပြောရတာကိုက တကယ်တော့ အဲဒါလည်း နည်းနည်းနောနော လူ့အသက်တွေ မဟုတ်ဘူး။ ဒါပေမယ့် အဲဒါဟာ လွန်ခဲ့တဲ့ မတ်လ ၂၆ ရက်နေ့ နောက်ပိုင်း အနည်းဆုံးသော နေ့စဉ် အသေ အပျောက် ပမာဏပါပဲ။

ဒီကြားထဲမှာ အမြင့်ဆုံး အနေနဲ့ တရက်တည်း လူ ၃၀၀၀ ကျော် အသေ အပျောက် စာရင်းတက်ခဲ့တဲ့ နေ့တောင် ရှိခဲ့တယ်။ ကူးစက်ခံနေရတဲ့ နှုန်းထားကတော့ ကျသွားတယ်လို့ ဘယ်လိုမှ ပြောလို့ မရနိုင်သေးပါဘူး။ သေဆုံးနေရမှု ကျလာတာကိုတော့ အားတက်မိတာ အမှန်ပဲ။ ကျွန်တော်နေတဲ့ ဝစ္စကွန်ဆင် မှာဆိုလဲ ကိုဗစ်ကြောင့် သေဆုံးရမှုမှာ မနေ့က တယောက်ပဲ ရှိခဲ့တယ်။ ကူးတာ တန့်မသွားတဲ့ အတူတူတော့ အကူးခံရပေမယ့် ပြန်သက်သာလာကုန်ကြပြီ ဆိုတဲ့ သတင်းကိုသာ အကောင်းထား နေရတာလဲ ကြာခဲ့ပြီပေါ့။

မနေ့ကတော့ ကျွန်တော်နေ တဲ့ မြို့က ညီလေး တယောက် သူ ရောက်ခဲ့တဲ့ ရေအိုင် အနီးအနားကို လိုက်ဖ်လွှင့်ပြတာ လူတွေက ဒီနိုင်ငံမှာ ဘာမှကို ဖြစ်မနေခဲ့သလို အေးအေးဆေးဆေးပါပဲ။ Mask တွေလည်း တယောက်မှ တပ်ထားတာ မတွေ့ရတဲ့ အပြင် Social distance ဆိုတာလည်း ချိုနဲ့လားပဲ။ တကယ်တော့ ပြောသာ ပြောနေရ၊ အဲဒါကလည်း အဆန်းကို မဟုတ်ပြန်ဘူး။

ကျွန်တော် ချစ်တဲ့ ရွှေပြည်ကြီး မှာလည်း Mask မတပ်ကြတော့ဘူး…တို့၊ Social distance ကို မလိုက်နာတော့ဘူးတို့လို့ ပြောနေကြတာ တွေ့နေရတာပါပဲ။ လူနည်းလို့ ပေါ့ဆကုန်သလား၊ ဝမ်းပူဆာ မနေသာတာကြောင့် ဂရုမစိုက်နိုင်အားတော့တာလားတော့ မပြောတတ်ပါ။ ဝမ်းစာရေး၊ တာဝန် အရေးတွေကြောင့် မလွှဲမရှောင်သာ သွားလာလှုပ်ရှားနေရတာကို အပြစ်ဖို့ ဝေဖန်ခြင်း မပြုလိုပေမယ့် မကြာခဏ မြင်ရတတ်လေ့ ရှိတဲ့ ဆုံတွေ့၊ စားသောက် ပျော်ပါး နီးစပ်၊ ပူးကပ် အလို့ငှာတွေကိုတော့ အူယားမိပါတယ်။ နည်းနည်းလေး ထပ်မအောင့်နိုင်ကြတော့ဘူး တဲ့လား။

လုပ်ငန်းတွေ ပြန်ဖွင့်ရတာ၊ ရုံးတွေ ပြန်တက် ရတာ၊ ကျောင်းတွေ ပြန်ဖွင့်ဖို့ စီစဉ်ရတာတွေဟာ မရှိမဖြစ် လိုအပ်ချက်တွေပါ။ ဘယ်တိုင်ြး ပည်မှာမှ အကြာကြီး ပိတ်ထားဖို့ မဖြစ်နိုင်လို့ သူသူကိုယ်ကိုယ် အရဲစွန့်ပြီး လုပ်စရာရှိတာကို လုပ်ကြရတဲ့ အခါ လိုက်နာသင့်တဲ့ သတ်မှတ်ချက်နဲ့ ကျန်းမာရေး သတိတော့ ပြတ်သွား လို့ မဖြစ်သေးဘူး။ မဖြစ်မနေ သွားလာဖို့ လိုအပ်တာကိုပဲ သွားကြလာကြပြီး အပျော်အပါးတွေကြောင့် လူစုကြတာကိုတော့ အတတ်နိုင်ဆုံး မလုပ်ကြသေးတာက ပိုကောင်းတယ် မဟုတ်လား။

ကျွန်တော်တို့ မေ့မထားသင့်တာက ကိုဗစ်နဲ့ ရင်ဆိုင်ရာ မှာ အစိုးရရဲ့ ကိုင်တွယ်မှုတင်သာ မက ပြည်သူရဲ့ ပူးပေါင်း ပါဝင်မှုကလည်း အင်မတန်မှ အရေးကြီးတယ် ဆိုတာ ပါပဲ။ ပြောစကားတွေ ထပ်နေပြီလား။ မတတ်နိုင်ဘူး။ ဒီပွဲက ပြီးမှ မပြီးသေးတာ။ တခြားနေရာ မှာသာ ယူအက်စ် ကို အားကျချင် ကျကြပါ။ ကိုဗစ်မှာ တော့ဖြင့် ယူအက်စ်မှာ နေကြသလို လိုက်မနေကြ ပါနဲ့…လို့။

ချစ်ခြင်းမေတ္တာဖြင့်…
ကလိုစေးထူး ဇွန်လ ၁၅ ရက်၊ ၂၀၂၀ ခုနှစ်။

Add a Comment

Your email address will not be published. Required fields are marked *

15 − thirteen =