တရုတ် အစိုးရကို ကိုဗစ်သတင်းထိန်ချန်မှု နဲ့ တရားစွဲ လိုက်တဲ့ အာဂသတ္တိရှင် ဝူဟန်မြို့သား

တရုတ် အစိုးရကို ကိုဗစ်သတင်းထိန်ချန်မှု နဲ့ တရားစွဲ လိုက်တဲ့ အာဂသတ္တိရှင် ဝူဟန်မြို့သား

ဇန်နဝါရီ လလယ်တုန်းက ကျန့်ဟိုင် ဆိုတဲ့ သူဟာ ဝူဟန်မြို့က ဆေးရုံမှာ သူ့အဖေကိုသွားတွေ့တုန်းက အင်မတန်ကြောက်စရာကောင်းတဲ့ ကူးစက်ရောဂါဖြစ်နေတယ်ဆိုတာ မသိခဲ့ပါဘူး။ တရုတ်အာဏာပိုင်တွေဟာ ဒီကိုရိုနာဗိုင်းရပိစ်ဟာ ကူးစက်လွယ်ပြီး လူတွေသေနိုင်တယ်ဆိုတာ တနေ့တခြားသိသာ ထင်ရှားလာနေသော်လည်း ဘာသတိပေးမှုမှ အသေအချာမလုပ်ခဲ့ပါဘူး။

ထို့အပြင် ကမ္ဘာကိုလည်း အသိမပေးပဲ ကြိတ်ပြီးဖြေရှင်းဖို့ကြိုးစားနေခဲ့ပါတယ်။ အဲ့ဒီအာဏာပိုင်တွေ သတင်းထိန်ချန်ထားခဲ့တဲ့ အချိန်လေးဟာ တရုတ်ပြည် ဝူဟန်ကပြည်သူတွေအတွက်ရော တကမ္ဘာလုံးအတွက်ပါ အကြီးအကျယ်ထိခိုက်နစ်နာစေခဲ့ပါတယ်။

ဆရာဝန်တွေကို ရဲတွေက ပါးစပ်ပိတ် ဖို့ကြိုးစားခဲ့တယ်။ ဆေးရုံတွေမှာ PPE အသေအချာမရခဲ့လို့ ကျန်းမာရေးဝန်ထမ်းတွေ ရောဂါကူးစက်ခံခဲ့ရပါတယ်။ ပြည်သူလူထုအပေါ်ကူးစက်ရောဂါသတင်းထိန်ချန်ထားမှုသည် လူအစုလိုက်အပြုံလိုက်သေစေနိုင်တဲ့ပြစ်မှု မျိုးကျူးလွန်တာနဲ့ တူပါတယ်။

အခုတရုတ်ပြည်သား မစ္စတာကျန့်ဟိုင်ဟာ သူ့ရဲ့ အဖေ အသက် ၇၆ နှစ်ရှိ တပ်မတော်သားဟောင်းကြီး ကျန့်လီဖ သေဆုံးမှုနဲ့ တရုတ်အာဏာပိုင်တွေကို တရားစွဲဆိုထားပါတယ်။ ပြီးခဲ့တဲ့အပတ် ဗုဒွဟူးနေ့က မစ္စတာကျန့် တရားစွဲဖို့ကြိုးစားခဲ့တာဟာ တရုတ်ပြည်တွင်းမှာ ပထမဆုံး အမှု ဖြစ်တယ်လို့ ဆိုပါတယ်။

သူတောင်းဆိုထားတဲ့ လျှော်ကြေးကတော့ ယွမ် ၂ သန်း (မြန်မာငွေ သိန်း ၄၀၀၀) နီးနီးလောက်ရှိပါမယ်။ သူတောင်းတဲ့လျှော်ကြေးက သူ့အဖေရဲ့ဆေးကုသစားရိတ်တွေ၊ အသုဘစားရိတ်တွေ၊ သူ့အဖေသာ အသက်ရှင်ခဲ့ရင် ရမယ့်ပင်စင်ခံစားခွင့်နဲ့ မိသားစုရဲ့ ထိခိုက်နစ်နာခဲ့မှုတွေပါပါတယ်။

အသက် ၅၀ အရွယ်ရှိ မစ္စတာကျန့် ရဲ့အပြောအရ အကယ်၍သာ အာဏာပိုင်တွေက ဖုံးဖိထားတာတွေမလုပ်ခဲ့ရင် သူ့အဖေသေရမှာမဟုတ်ဘူးတဲ့။ အဲ့ဒီလိုပဲ လူပေါင်းများစွာ အကြောင်းမဲ့သေရမှာ မဟုတ်ဘူးတဲ့။ ဒါဟာလူသတ်မှုကျူးလွန်တာနဲ့ အတူတူပါပဲတဲ့။

အခုအချိန်မှာ အိန္ဒိယ၊ အမေရိကန်နဲ့ နိုင်ဂျီးရီးယားကလူတွေကလည်း တရုတ်အာဏာပိုင်တွေကို တရားစွဲထားတယ်လို့ဆိုပါတယ်။ ခံခဲ့ရတဲ့ လူအတော်များများက တရုတ်အစိုးရကို မကျေနပ်ပေမယ့် ဘာမှမပြောရဲကြပါဘူး။ မစ္စတာကျန့် ကတော့ ရဲရဲတင်းတင်းပဲ တရားစွဲခဲ့တာဖြစ်ပါတယ်။ သူဘယ်တရားရုံးမှာ တရားစွဲတာလဲ အသေအချာမသိရသေးပါ။ သူ့ရဲ့ရှေ့နေက တရုတ်ပြည်က ထွက်ပြေးသွားတဲ့ရှေ့နေမို့ ပြည်ပကတရားရုံးတစ်ခုခုမှာ တရားစွဲတာလည်းဖြစ်နိုင်ပါတယ်။

တရုတ်ပြည်မှာ ဒီလိုအစိုးရကိုပြန်တရားစွဲတာဟာ ကျားမြီးဆွဲတာထက် အခြေအနေဆိုး နိုင်ပါတယ်။ မစ္စတာကျန့် ရဲ့ ဆိုရှယ်မီဒီယာက post တွေကို ရဲကဖျက်ပစ်သလို သူ့ကိုစောင့်ကြည့်နေပါတယ်။ မစ္စတာကျန့်ရဲ့ ဖခင်ကိုဆုံးရှုံးရလို့ ဒေါသဖြစ်ဖြစ်နဲ့ပြောပြခဲ့ပုံက… “အကယ်၍ ငါတို့က တစ်ခုခုသာပြောကြည့်။ ငါတို့ကို “သူခိုးဓားရိုးကမ်းသူတွေ” လို့ပြော တယ်။” “တကယ်တော့ သူတို့တွေကသာ ဓားမိုးပြီးငါတို့ကို ဓားနဲ့ထိုးနေတာပါတဲ့” “ဒါကြောင့် ငါဘာလို့ထုတ်မပြောရမှာလဲတဲ့။”

မေလတုန်းက သူ့အဖေနဲ့ သေဆုံးခဲ့သူတွေအတွက် အထိမ်းအမှတ် Memorial လုပ်ဖို့ကြိုးစားခဲ့ တာလည်း အာဏာပိုင်တွေက တားမြစ်ခဲ့ပါတယ်။ သူ့ရဲ့ရှေ့နေ Yang Zhaqing ရဲ့အဆိုအရ ရဲတွေဟာ မစ္စတာကျန့် ကို ဘယ်နေ့လာကုပ်သွားမလဲ စိုးရိမ်နေရပါတယ်တဲ့။ တရားစွဲပြီး နောက်နေ့မှာ သူက မစ္စတာကျန့် ဆီ မက်ဆေ့တွေပို့တာကို မစ္စတာကျန့် က ၂ နာရီ လောက်ကြာတဲ့အထိ အကြောင်းမပြန်ခဲ့လို့ သူက မစ္စတာကျန့် ကို ရဲတွေလာကုပ်သွားပြီလို့တောင် ထင်နေခဲ့တာပါတဲ့။

ဘာပဲဖြစ်ဖြစ်လောလောဆယ်မှာ တရုတ်ပြည်က လုပ်ခဲ့တာ ဘာမှမမှားပါဘူးလို့ တွင်တွင်အော်နေတဲ့ တရုတ်ကွန်မြူနစ် အာဏာပိုင်တွေအတွက် မစ္စတာကျန့် ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ဖိနပ်ထဲဝင်နေတဲ့ ခဲတစ်လုံးဖြစ်နေမှာ ကျိန်းသေပါကြောင်း။

Richard Myo Thant
https://www.facebook.com/richard.myothant

Add a Comment

Your email address will not be published. Required fields are marked *

7 + 16 =