ထိုင်းနိုင်ငံ ကို တိုးတက်အောင် ပြုပြင်ပြောင်းလဲ ခဲ့တဲ့ ဘုရင်ဘူမိဘော ရဲ့ အတုယူဖွယ် နည်လမ်းများ

ထိုင်းနိုင်ငံ ကို တိုးတက်အောင် ပြုပြင်ပြောင်းလဲ ခဲ့တဲ့ ဘုရင်ဘူမိဘော ရဲ့ အတုယူဖွယ် နည်လမ်းများ

ဒုတိယကမ္ဘာစစ်ကာလမှာ ထိုင်းဘုရင့်နန်းလျာတွေဟာ စစ်ဒဏ် ကင်းလွတ်ရာ ဆွစ်ဇာလန်မှာ ပညာသင်ယူနေကြတာပါ။ အကိုဖြစ်သူ အာနန္ဒာနဲ့ ညီဖြစ်သူ ဘူမိဘောတို့ဟာ ကလေးဘဝအရွယ်ထဲက နိုင်ငံခြားမှာပဲ ကြီးပြင်းလာခဲ့ကြပါတယ်။ အာနန္ဒာ ၉ နှစ်သားအရွယ်မှာ ထိုင်းပြန်ပြီး ဘုရင်အဖြစ် ဘိသိက်မြှောက်ခံ ခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်ကာလမို့ ပြီးတာနဲ့ စစ်မက်ကင်းရာ ဆွစ်ဇာလန်ကို ပြန်ခဲ့ပါတယ်။ ပညာဆက်လက်သင်ယူခဲ့ကြပါတယ်။ အာနန္ဒာဘယ်သွားသွား အရိပ်ပမာ အမြဲရှိနေတာက ညီအကိုလည်းဟုတ် သူငယ်ချင်းလည်းဟုတ် တိုင်ပင်ဖော်လည်းဖြစ်တဲ့ ဘူမိဘောပေါ့။

ဒုတိယကမ္ဘာစစ်အပြီး အာနန္ဒာနဲ့ ဘူမိဘောတို့ ပညာလည်းသင်ယူပြီးဖြစ်လို့ ထိုင်းကိုပြန်လာခဲ့ကြပါတယ်။ ဒီလိုနဲ့ ဘူမိဘော ၁၈ နှစ်အရွယ်မှာ ဒီနေ့ထိ တရားခံမပေါ်သော မဖြေရှင်းနိုင်ခဲ့တဲ့ ဘုရင်အာနန္ဒာဟာ အိပ်ယာပေါ်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်။ နောက်နေ့မှာပဲ ဘူမိဘောဟာ အကိုသေဆုံးမှုကို ဝမ်းနည်းချိန်မရပဲ ကိုးဆက်မြောက် ရာမဘုရင်အဖြစ်တင်မြှောက်ခံခဲ့ရပါတယ်။

ဒီသမိုင်းစဉ်မှာ အသေးစိတ်တွေ အမှတ်မှားမှုတွေ ရှိကောင်းရှိမှာပါ။ ဘယ်လိုဆိုဆို ဘူမိဘောဟာ ဘုရင်အဖြစ်ကို ၁၈နှစ်အရွယ်မှာ ရောက်ရှိလာခဲ့ပါတယ်။ ဘုရင်ဖြစ်ပြီးပြီးချင်းမှာ မယ်တော် မိဖုရားကြီးရဲ့ အုပ်ထိန်းမှုနဲ့အတူ ဆွစ်ဇာလန်မှာ ဆက်လက်ပညာဆည်းပူးခဲ့ရပါတယ်။

သူ ထိုင်းကိုအပြီးပြန်လာတဲ့နှစ်ကို မမှတ်မိတော့ပေမဲ့ သူလက်ထပ် ခဲ့တဲ့ မိဖုရားကတော့ ဥရောပမှာ ပညာသင်နေတဲ့ ထိုင်းနိုင်ငံသူ ခေတ်ပညာတတ်ပါပဲ။ သံအမတ်ကြီးတစ်ယောက်သမီးပါ။ လက်ထပ်တော့ ၁၉၄၉ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့ပါ။ ကျွန်တော်တို့ရဲ့ အာဇာနည်နေ့ ၂ နှစ်မြောက်မှာပေါ့။

ထိုင်းဘုရင်ဘူမိဘောဟာ ထိုင်းကိုရောက်ရောက်ချင်း ပထမဆုံး ပြုပြင်ပြောင်းလဲမှုအဖြစ် ပညာရေးကို စကိုင်ပါတယ်။ သူ့ပြည်သူတွေ ပညာမတတ်တာဟာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအတားအဆီးဖြစ်တယ်ဆိုတာ နိုင်ငံခြားမှာနေပြီး ပညာသင်ခဲ့တဲ့ ခေတ်ပညာတတ်တစ်ယောက်ဖြစ်လို့ ကောင်းကောင်းကြီး သိပါတယ်။ ပညာမတတ်ရင် အဆင်ခြင်မဲ့ လုပ်ရပ်တွေနဲ့ လိုရာပုံသွင်းခံရတဲ့ အတင်းအဖျင်းသာသာ အူတူတူအဖြစ်တွေ ဖြစ်လာမှာကိုသိပါတယ်။

တစ်နိုင်ငံလုံး ပညာမသင်မနေရအမိန့်အပြင် telecommunication နည်းပညာနဲ့ ချန်နယ် တစ်ခုကို တစ်ပြည်လုံးကြည့်နိုင်ဖို့ ဆောင်ရွက်ခဲ့ပါတယ်။ သူက အဲ့လိုလုပ်ချိန်မှာ ကိုယ့်တိုင်းပြည်မှာတော့ ဘာမှအဝင်မခံတော့ပဲ တံခါးပိတ်လိုက်တဲ့အချိန်ပါပဲ။ တိုင်းပြည်ပြုပြင်ဖို့ နံပါတ် ၁သည် ပညာရေးဆိုတာကိုလည်း ဒါကိုကြည့်နေရင်းနဲ့ ပိုသဘောပေါက် မိပါတယ်။

နံပါတ် ၂ အနေနဲ့ တိုင်းပြည်ရဲ့ အစွန်အဖျားတွေကို ခရီးထွက်ပြီး သူပြန်လာတာ နဲ့ လမ်းတွေကိုဖောက်စေပါတယ်။ လမ်းပန်းဆက်သွယ်မှု ချောမွေ့ခြင်းဟာ ကုန်စည်စီးဆင်းမှုကို အဓိကအထောက်အပံ့ဖြစ်စေပြီး ဒေသအလိုက်ကုန်ဈေးနှုန်းကွာဟမှုကို ကျဉ်းမြောင်းစေခြင်းဖြင့် အခြေခံစားကုန်ကဏ္ဍကို တည်ငြိမ်စေ ပါတယ်။ လမ်းတွေကောင်းလာတာနဲ့အမျှ urban နဲ့ rural ဆိုတဲ့ မြို့ပြနဲ့ကျေးလက် ဘက်ပေါင်းစုံကွာဟမှုကို လျော့ကျစေပါတယ်။

နံပါတ် ၃ ကတော့ စိုက်ပျိုးရေးကိုအခြေခံတဲ့တိုင်းပြည်ဖြစ်လို့ အဲ့ဒီ အချိန်က နံပါတ် ၁ ဆန်ထုတ်ကုန် မြန်မာပြည်ကိုယှဉ်နိုင်ဖို့ နန်းတော်ထဲမှာ စမ်းသပ်စိုက်ခင်းတွေဖော်ပြီး ကိုယ်တိုင်အားထုတ်ဆောင်ရွက်ပါတယ်။ ခုတော့ သိတဲ့အတိုင်းပါပဲ။ သူက နံပါတ် ၁ ဖြစ်သွားပါပြီ။ တိုင်းပြည်ဆုတ်ယုတ်အောင်လုပ်ခဲ့တဲ့သူတွေကို တရားခံအဖြစ် ပြောရင် သွားလေသူကြီးတွေကို အပြစ်ပြောတယ်ဆိုပြီး ပြောနေပါဦးမယ်။ ဒါပေမဲ့ မပြောလို့လည်း မရဘူး ဟုတ်နေတာကိုးလေ။

နောက်တော့ AIS model အရ Agriculture ကနေ Industry ကိုပြောင်းဖို့ ကြိုးစားပါတယ်။ စမ်းသပ်နေရာကတော့ သူ့နန်းတော်ပါပဲ။ စမ်းသပ်မှုပေါင်း ၄၀၀၀ ကျော်လောက်ကို ဘူမိဘောဟာ သူ့နန်းတော်မှာ အများစုလုပ်ခဲ့တာပါ။ နို့ထွက်ပစ္စည်းတွေကို ကုန်ချောအဖြစ် အားဖြည့်နို့မှုန့်တွေကို ပါကင်ကောင်းကောင်းနဲ့ ထုတ်လုပ်ဖို့ တွန်းအားပေးခဲ့နိုင်ပါတယ်။

SME အသေးစားချေးငွေတွေနဲ့ တစ်ပိုင်တစ်နိုင် စက်မှုကဏ္ဍကနေ စလာလိုက်တာ ခုဆို စက်မှုထုတ်ကုန်နိုင်ငံအဖြစ်တောင် ရောက်နေပါပြီ။ သူ့ဈေးကွက်ကတော့ ထုံးစံအတိုင်း မြန်မာပြည်အပါပေါ့။

နောက်ထပ် ဆောင်ရွက်ချက်တွေလည်းအများကြီးပါ။ တဖြည်းဖြည်းနဲ့ ထိုင်းပြည်သူတွေဟာ ဘူမိဘောကို ဘုရင်ဖြစ်လို့ကြည်ညိုတာမဟုတ်တော့ပဲ ဘုရင်ဟာ ဘူမိဘောဖြစ်နေလို့ကို ကြည်ညိုနေကြတော့တာပါပဲ။

သင်ခန်းစာဖော်ထုတ်ချက်အရ တိုင်းပြည်ကိုပြုပြင်ပြောင်းလဲချင်ရင် ပြောင်းလဲလိုတဲ့ခေါင်းဆောင်ဟာ…

နံပါတ်(၁) ခေတ်ပညာတတ်ဖြစ်ပြီး ဆင်ခြင်ဉာဏ်ရှိရပါ့မယ်။ နံပါတ်(၂) တိုင်းပြည် အပေါ် တကယ်စေတနာရှိရပါ့မယ်။ နံပါတ်(၃) ပြုပြင်ခြင်းတွေကို ဆောင်ရွက်နိုင်တဲ့ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ရှိဖို့ လိုပါတယ်။

သူများဆီက အတုယူတာက တချို့တွေက ပြည်တွင်းဖြစ်ကို အထင်မကြီးကြလို့ပါ။ နောက်ထပ် အရေးအကြီးဆုံးက အမှန်တကယ် ကောင်းအောင်ပြုပြင်နေပါတယ်လို့ အပြုပြင်ခံနေရသူတွေက ယုံကြည်မှုရှိနေဖို့ပါ။ အပြန်အလှန်ယုံကြည်မှုတွေနဲ့ တက်ညီလက်ညီသာ တည်ဆောက်လိုက်ကြရင် တကယ့်ကို သွေးထက်တဲ့မြန်မာနိုင်ငံ သူများကို ၁၀ နှစ်နဲ့ မမှီဘူး မကျော်ဘူး လို့ ပြောနိုင်မလားလေ။

မြန်မာပြည်ကြီးတိုးတက်ရေး ဆန္ဒမွန်ဖြင့်..

အမြင်မတူလည်း ဘာမှမဖြစ်ပါ။ လွတ်လပ်စွာ မတူပဲနေနိုင်ပါသည် ခင်ဗျား။ (ဦးဆွေ – ️ဟန်ဇော်မင်း)

Add a Comment

Your email address will not be published. Required fields are marked *

four + 18 =