အဖေ့ ကို လုပ်ကျွေး ပြုစုပြီး တစ်သက်လုံး ကျေးဇူးဆပ်မယ် ဆိုတဲ့ ရဲမေလေး . . .

အဖေ့ ကို လုပ်ကျွေး ပြုစုပြီး တစ်သက်လုံး ကျေးဇူးဆပ်မယ် ဆိုတဲ့ ရဲမေလေး . . .

မိဘအရိပ်အောက်က ထွက်ပြီး ရဲထဲ ဝင်မယ် လုပ် တော့ ဘယ်သူမှ မငိုပေမယ့်..အဖေကတော့. အိပ်ယာလေးထဲ.ကြိတ်ကာငိုရှာတယ်..

သားသမီးရယောက်ကို ဝမ်းဝအောင်ကျွေး ခါးလှအောင် ဆင်ခဲ့ပေမယ့် အိမ်ပြန်ခရီးတိုင်းကို. ပင်ပန်းလိုက်တာဆိုပြီး မငြီးခဲ့သလို ဆင်းရဲလိုက်တာဟာဆိုပြီးလည်း အဖေ့မျက်ရည်.မြေမခခဲ့ပါဘူး…

အဖေ့လက်ကို ဆွဲပြီး သွားလေရာ..မခွာတဲ့ ဖေချစ်သမီလေး.. အငယ်ဆုံးလေးမို့ အချစ်ပိုပြီး ခွဲခွာမည့်အရေး တွေး၍ ရတက်မအေးပဲ ငိုရှာတဲ့အဖေ သင်တန်းသွားကာနီးကို ”မသွားပါနဲ့ သမီးရယ် အဖေနဲ့ပဲ အတူနေပါ..”ဆိုပြီး တုန်ရီအက်ကွဲတဲ့ အသံကြီးနဲ့

”အဖေက နေဖို့နဲ့ သေဖို့ဆိုရင် သေဖို့ကနီးနေပါပြီ.အဖေ မသေခင်လေး အဖေနဲ့ပဲအတူနေရအောင်ပါကွာ..မသွားနဲ့နော်သမီး” ဆိုပြီး ရှိုက်သံလေးနဲ့ ပြောရှာတယ် သူ့ကြည့်တော့လည်း အရိုးပေါ်အရေတင် ခန္ဓာလေးနဲ့..

အကျဘက်ကို ဦးတည်နေတဲ့အဖေ နယ်ဝေးလွတ်ဖို့ မပြောပါ နဲ့ မျက်စိအောက်က ပျောက်ရင်တောင် အဖေက စိတ်ပူတတ်တာ..

လောကသဘာဝ လွန်ဆန်လို့မရတဲ့ ဓမ္မတာတွေကြား..အပျိုဖော်ဝင်လို့ အဖေနဲ့ အိပ်ယာခွဲအိပ်ရတာတောင် အိမ်ပေါ်အိမ်အောက်..

ကမ္ဘာခြားသွားသလို ခံစားပြီး ငိုခဲ့ရတာ သမီးကလူကြီးဖြစ်နေပြီ အဖေနဲ့မအိပ်ရတော့ဘူးနော် ဆိုပြီး အမေနဲ့မမတို့က ခွဲအိပ်ခိုင်းတယ် ၁၆နှစ်ဆိုတဲ့အရွယ်ကို မုန်းခဲ့ဖူးတယ်.အဖေနဲ့သမီးကို နီးလျက်နဲ့ဝေးစေခဲ့လို့.တစ်ညလုံးလည်း အိပ်မရခဲ့ဘူး..အိမ်အောက်ထပ်မှာရှိတဲ့ အဖေ့ကို.လွမ်းစေခဲ့လို့…

လူကြီးမဖြစ်ချင်သေးဘူး အဖေ့ရင်ခွင်ထဲ အိပ်လို့ရတဲ့ ကလေးလေးပဲ ဖြစ်ချင်တာလူကြီးဖြစ်လို့ ခွဲအိပ်ရတော့ ညတိုင်း ဖက်အိပ်နေကျ အဖေ့ကျောပြင်လေးကို လွမ်းတယ်

သားသမီး ၇ယောက်မွေးထားပေမယ့် အဖေက အငယ်ဆုံးအထွေးဆုံးလေးဖြစ်တဲ့ ကိုယ့်အချစ်ဆုံး မထိရက် မဆူရက် မရိုက်ရက် အစားအစာဆိုလည်း..

ဘယ်သဝေထိုးနေနေ ညအဖေက ငါ့သမီးလေးစားဖို့ဆိုပြီး အမြဲချန်ထားတာ..ကိုယ်ကလည်း. အပေါင်းအသင်းစုံလို့ အဖေ အရက်သောက်ဖြစ်ရင်တောင် လိုက်ပြီး အိမ်ပြန်လာတဲ့အခါ..

အဖေမသောက်ပါဘူးဆိုပြီး အဖေ့ကို အရက်နံ့ပျောက်အောင်မာလကာရွက် ကျွေးပြီး အမေ့ကို ကူညာခဲ့တာ ကိုယ်အရိုက်ခံရလည်း အဖေက ကာဆီးကာဆီးနဲ့ အဖေ့ကြောင့် ဒီကလေးမလေးဆိုးနေတာလို့ ဝိုင်းပြောတောင် အဖေကအပြုံးပျက်တာမဟုတ်ဘူးအိမ်လုံးမှာမိသားစု ၉ယောက်ကို ၇ယောက်နဲ့ ၂ယောက် ဖိုက်တဲ့ ရဲဘော်ရဲဘက်..

ကူဖော်ကူဖက်တွေ မိသားစုများပေမယ့် အဖေတစ်ခု သမီးတစ်ခုဘဝရဲ့ မေတ္တာအသိုက်အမြုံလေးကနေ အဖေ့အရိပ်အောက်က ထွက်မယ့်သမီးကို အိပ်ယာထက်မှာ..ခွေခွေလေးနဲ့ မသွားပါနဲ့သမီးရယ် ဆိုပြီးတားရင်းငိုချင်းချခဲ့တာတွေ မမေ့ဘူး.သားအဖ၂ယောက်လွမ်းခန်းလေးကို

ကိုယ်ဖြစ်ချင်တာ ရအောင်လုပ်မယ် ”သင်တန်းဆင်းရင် အဖေ့ကိုပြန်လာခေါ်မယ်နော် နေကောင်းအောင်နေပေးပါ”ဆိုပြီး ဦးလေးချပြီး အဖေ့မျက်ရည်တွေကို မိုက်မိုက်ကန်းကန်း ကျောခိုင်းပစ်ခဲ့တယ် ကိုယ့်လစာလေးကိုယ်ရရင်.အဖေ့ဆန္ဒတွေ ဖြည့်ဆည်းပေးမယ် .အဖေ့လုပ်ချင်တာ ဖြည့်ဆည်းပေးမယ်..

အဖေနဲ့အတူနေမယ် ရဲဖြစ်သွားရင် စူပါမန်းလို..တန်ခိုးထွားမယ်ပဲထင်ခဲ့တာ ရဲထဲရောက်မှ ဘယ်ဘုရားက တန်ခိုးထွားမှန်းမသိဘူး အဖေ့သမီးခမျာ အကုန်လုံးကို လက်အုပ်ချီနေရတယ် ဝန်ထမ်းဖြစ်ပြီးမှ..ဝန်ထမ်းဆိုတာ သူများဝန် ထမ်းရတဲ့ပုဂ္ဂိုလ်တွေမှန်းသိတယ်

”သူအို သူနာ သူသေ”ဆိုတဲ့ လောကနိယာမရယ် ရှောင်လွှဲလို့မရတဲ့ ”သေခြင်းတရား” ဆိုတဲ့ သဘာဝတရားကြီးရယ်နဲ့..မတွေ့စေချင် မဖြစ်စေချင်သေးပါဘူး..

ပစ်မှားမိတဲ့ကံမရှိပေမယ့် ပစ်ထားမိတဲ့ကံတွေပါ အဖေရယ်. အခုလိုလေး နေခွင့်ပြုစုခွင့် ရရင် ဘဝကြီးက နေပျော်ပါတယ် အသက်ရှည်ရှည်နေပေးနော်..

ဇရာတွေပြလို့ အိုစာပါစေ ခါးတွေကိုင်းလို့ ခြေလက်တွေချိနဲ့ပါစေ… ကလေးလေးလို ရေချိုးပေးချင်တယ် အရိုးအဆစ်တွေနာရင် ကလေးလေးလို

ဆေးလူးပေးချင်တယ် ခေတ်မမှီလို့မသိတဲ့အကြောင်းတွေဆို ကလေးတစ်ယောက်လို ရှင်းပြချင်တယ် ကိုယ့်ခြေကိုယ့်လက်နဲ့ စားရတာအဖေအဆင်မပြေရင် ကလေးလေးလိုပဲ ထမင်းဟင်း ခွံ့ကျွေးချင်တယ် ကလေးလေးလိုပဲ လိုချင်တာမှန်သမျှ ဖြည့်ဆည်းပေးချင်တယ်.အဖေစိတ်ချမ်းသာမယ်ဆိုရင် အဖြေကိုက်တဲ့ ဘီယာလေးပါ အပါပေါ့

အားတော့ နာပါရဲ့ အဖေ လခစား.ဝန်ထမ်းတစ်ယောက်ရဲ့ဘဝမှာတော့ အဖေ့အိမ်လောက် မစိုပြေခဲ့ မပြည့်စုံခဲ့လှပါဘူးမေတ္တာတရားနဲ့ ပြည့်နေတဲ့ ရင်ထဲမှာတော့ အဖေက သမီးရဲ့ သူရဲကောင်း အဖေက သမီးရဲ့ ဖခင်ကောင်း အဖေက သမီးရဲ့ သူငယ်ချင်းကောင်း

အဖေက သမီးရဲ့ ရဲဘော်ရဲဘက် အဖေက သမီးရဲ့ အချစ်ဦး အဖေက သမီး အတွက် ကမ္ဘာပေါ်မှာ နာကျင်ခံစားရအောင် မလုပ်တဲ့ တစ်ဦးတည်းသောယောကျာ်း

ပြောင်းပြန် အချိုးကျချင်တာကသမီးက အဖေ့ရဲ့ အိုတောင်ဝှေးလေး…သမီးငယ်ငယ် က အဖေသွားလေရာလက်ဆွဲခေါ်တယ် အပေါင်းအဖော်တွေကြား မော်ကြွားပြီးပြောတာက ဒါလေးက ငါ့ရဲ့ ”အိုတောင်ဝှေးလေး”ဆိုပြီး ဂုဏ်ယူမဆုံး တပြုံးပြုံးနဲ့ ပြောခဲ့သလို အဖေအိုတဲ့အခါ တောင်ဝှေးလေးလို အားကိုးရစေချင်တာပေါ့..

သင်္ခါရသဘောတရားအတိုင်း ဘဝတစ်ခုရဲ့..နေဝင်ချိန်ရောက်ခါနီးပြီမို့ အသက်တွေကြီး တဲ့အခါ ထမီမနိုင် ပုဆိုးမနိုင် ကျင်ကြီးမနိုင် ကျင်ငယ်မနိုင်ဘဝနဲ့”ငါအိုနေပြီ” ဆိုတဲ့အတွေးနဲ့ စိတ်မကောင်း ဖြစ်နေမလား..အဖေ အားအင်ချိနဲ့တဲ့အခါ ….

ဒီသမီးလေးကိုမှီပါ စိတ်သွားတိုင်းကိုယ်မပါနိုင်တဲ့အခါ.. ဒီသမီးလေးကို..ခိုတွဲပါ လဲကျချိန်ကြုံတဲ့အခါ.. ဒီသမီးလေးကို အားပြုပါ.. ဘဝရဲ့ လက်ကျန်သက်တမ်းကို လောဘ ဒေါသ မောဟတရားတွေနဲ့ ကင်းဝေးအောင်နေပါ

ဒါလေးက အဖေပြောတဲ့ ”အဖေ့ရဲ့အိုတောင်ဝှေးလေး”လေ တစ်နည်းပြောရရင် အဖေ့ရဲ့ ”အိုစာမင်းစာလေး”ပေါ့ ခြေဆုပ်လက်နယ်နှိပ်ပေးရင် သမီးနဲ့..နေရတာပျော်ရဲ့လားအဖေ ဆိုပြီး မျက်နှာလေး မော့မော့ပြီးမေးတော့ ပျော်တာပေါ့သမီးရယ်ဆိုပြီး မျက်ရည်လေး ဝေ့လို့….

(ပျော်လိုက်ပါအဖေ…အဖေ့အိမ်မှာသမီးပျော်ခဲ့ရသလို ထပ်တူပျော်လိုက်ပါအသက်ရာကျော် နေပေးပါနော် အိမ်မှာ..အဖေရှိတယ်ဆိုတဲ့အားက ဘယ်စမ်းရေနဲ့မှ မလဲနိုင်အောင်အေးမျှတယ် အိုတဲ့အခါ..

တရားပဲရှာ ဘယ်သားသမီးအကြောင်းမှ မတွေးနဲ့ အဖေတွေးသလို သူတို့တွေးမယ်မထင်ဘူး ကျင်လည်ရမယ့် သံသရာက ဝဋ်ကျွတ်အောင် နိဗ္ဗာန်ဆိုတဲ့တရားထူးပဲရှာပါ နေ့စဉ်နေ့တိုင်း အဖေပြုတဲ့ကုသိုလ် ပွားများတဲ့ဘာဝနာကို ရုပ်တရား နာမ်တရားနဲ့ ရှူမှတ်ပွားများပြီး ဝိပသာနာတရားကို အမြဲနှလုံးသွင်းပါ..

အဖေက အဖေ့ဘဝအတွက် နိဗ္ဗာန်သွားမယ့် ရိက္ခာရှာပါ….သမီးက အဖေ့အတွက် အားဖြစ်စေမယ့် ဝမ်းစာရှာပေးပါ့မယ်အဖိုးအခမရှိခဲ့တဲ့ မိဘတစ်ယောက်ရဲ့ နောက်ဆုံးသော လက်ပြနုတ်ဆက် မှု့လေးကို ငြိမ်းငြိမ်းချမ့်းချမ်း နွေးနွေးထွေးထွေး အေးချမ်းတဲ့ အပြုံးတွေနဲ့ပဲ..ခွဲခွာကြရအောင် သေကာမှ.အသက်မဲ့သွားတဲ့ခန္ဓာကြီး ဖက်ပြီး.သမီး.နောင်တတွေနဲ့ မငိုပါရစေနဲ့..

တရားခွေလေး ဖွင့်ရင်း အဖေနဲ့အတူ ညအိပ်ယာဝင်တာတွေ အဖေ ဖူးချင်တဲ့ဘုရား အတူဝတ်တက် ခဲ့တာတွေ…

တရားထူးလေး နားထောင်မိရင် အဖေ့အတွက် အင်တာနက်က down ပေးခဲ့တာတွေ..ကိုမြကြီးရဲ့ ”မိုး”.. ကိုမြသောင်းရဲ့.”တောင်တောသာယာ” စတဲ့ သီချင်းကြီးတွေ ကြားရင် နောင်တချိန်ကျ အဖေ့ကို လွမ်းမိဦးမှာပါဒီဘဝမှာတော့..

ချစ်ခြင်းမေတ္တာတွေနဲ့ သားအဖတွေပေါ့..ဒီဘဝတစ်ခုပြီးရင် သမီးတို့ ဘယ်ဘုံ ဘဝမှာ ဘယ်လိုတွေ တွေ့ ဘယ်လိုတွေဆုံ ဘယ်လိုတွေကြုံပြီး ဘယ်လိုတရားသဘောမျိုးနဲ့ ထပ်ကွဲရမလဲ မသိဘူးနော်..

သံသရာတစ်ကွေ့မှာ.ထပ်ပြီး ဆုံတွေ့ခွင့်ရခဲ့ရင်..အဖေ့ကိုကျေးဇူးပြုဖူးသူ နဲ့ အဖေ့အခက်အခဲတွေကို ဖြေရှင်ပေးနိုင်သောသူပဲဖြစ်ရပါစေ..

ဒီဘဝမှာလည်း အဖေ့ကျေးဇူးဆပ်မယ် မကုန်နိုင်တဲ့ကျေးဇူးတွေကို သံသရာအဆက်ဆက်ထိ ထပ်ပြီး..ဆပ်ချင်သေးတယ်.. အဖေရေ.ဇရာဆိုတာ လူကို အရုပ်ဆိုး အကျည်းတန်စေတယ်တဲ့ပြရုပ်တဲ့..

ဘယ်လောက်ပဲ အိုစာလို့ရုပ်ကျပါစေ..သမီးရင်ထဲ အဖေကတော့ ခမ်းနားနေဆဲပါ အဖေ့ဂုဏ်ထည်ဝါတွေ ကြီးမားနေတုန်းပါ အဖေ့မျက်နှာလေးက.အေးချမ်းတယ် အဖေ့ရဲ့လက်မောင်းပျော့ပျော့အိအိလေးကိုလည်း ချစ်တယ်.ကျောမြောင်က အသားမဲ့နေတဲ့

ကျောပြင်လေးကိုလည်း..ချစ်တယ် ပါးရေတွေ တွန့်နေတဲ့ အဖေ့ရုပ်သွင်လေးလည်း ချစ်တယ်..သွားမပါတော့တဲ့ ပါးချိုင့်ရာလေးလည်း ချစ်တယ်..တခါတခါ .ဇရာကိုညာလို့မရတဲ့ အဖေ့ရုပ်သွင်လေး.စေ့စေ့ကြည့်ပြီး ရင်ထဲမှာ ဝမ်းနည်းခြင်း.စိတ်မကောင်းခြင်းနဲ့. ချစ်ခြင်းမေတ္တာတရားတွေ ရောယှက်လို့နေတယ်

ကြည့်ပါဦး..ဇနီးသားသမီးကို ခါးလေးချိအောင် လုပ်ကိုင်ကျွေးခဲ့တဲ့ အာဂသူရဲကောင်းကြီး.. သန်မာလှပြီလို့ ထင်ခဲ့တာ သွက်လက်လှပြီလို့ ထင်ခဲ့တာ ကျန်းမာလှပြီလို့ ထင်ခဲ့တာ ဇရာတရားရဲ့. ထုထောင်းမှုတွေကြောင့် အဖေ့ခမျာ ဝေဒနာတွေ စိပ်လာပြီ ခါးတွေကိုင်းလို့ မျက်လုံးတွေမှုန်နေပီEnsure တွေ များများသောက်နော် အဖေ ဒါမှ..အဖေ့အသက် ဆက်လို့ရမှာ အဖေ့အသက်ကို ဆက်လို့ရရင် နတ်ဒေဝါတွေ ခေါ်ပြီးဆက်ချင်သလို

ဆေးပညာ ဆေးဆရာတွေနဲ့လည်း ခေါ်ဆက်စေချင်တယ်..ဖြစ်နိုင်မယ် ဆိုရင်ပေါ့ ဘယ်လိုနည်းနဲ့ပဲဆက်ရဆက်ရပါ မရှိ ရှိတဲ့အားနဲ့ ရအောင်ဆက်ချင်တယ် အဖေရေ အားရှိမှ..အသက်ဆက်လို့ရမယ်.

အသက်ဆက်မှ..ဒီသမီးလေးနဲ့အတူနေခွင့်ရမယ် ငါ့သမီးလေး လစာနဲ့ လောက်ငှပါ့မလားလို့မတွေးပါနဲ့. ရတဲ့လစာ ရှိတဲ့ခွန်အားက ချစ်ရတဲ့ အဖေ့အတွက်ပါ ဘာဖြစ်ဖြစ် သမီး မ မောပါဘူး.. အဖေက သမီးရဲ့..…”ကုသိုလ်အိုးကြီး”လေ..

အိဖြူဇင်

Add a Comment

Your email address will not be published. Required fields are marked *

1 + two =