နိုင်ငံတော်အတိုင်ပင်ခံ ၏ မွေးနေ့ အထိမ်းအမှတ် ရန်ကုန် ၌ ဆိုင်းဘုတ် များထောင်၊ YBS ယာဉ်လိုင်း အချို့ အခမဲ့ စီးနင်းခွင့်ပေး

နိုင်ငံတော်အတိုင်ပင်ခံ ၏ မွေးနေ့ အထိမ်းအမှတ် ရန်ကုန် ၌ ဆိုင်းဘုတ် များထောင်၊ YBS ယာဉ်လိုင်း အချို့ အခမဲ့ စီးနင်းခွင့်ပေး

နိုင်ငံတော် အတိုင်ပင်ခံ၏ ၇၅ နှစ်ပြည့် စိန်ရတု မွေးနေ့ အထိမ်းအမှတ် အဖြစ် နိုင်ငံအတွင်း ကိုဗစ်- ၁၉ ရောဂါကြောင့် အခက်အခဲများ၊ ကန့်သတ်မှုများဖြင့် နေထိုင်နေရသည့်ကြားမှ ပြည်သူများက မွေးနေ့အမှတ်တရများ ပြုလုပ်ပေးခဲ့ကြသည်။

ယနေ့ ဇွန် ၁၉ ရက်တွင် ကျရောက်သော ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့တွင်းရှိ နေရာအချို့တွင် ၎င်းရုပ်ပုံပါ ဘေလ်ဘုတ်များစိုက်ထူ၍ မွေးနေ့ဆုတောင်းပေးခြင်းအပါအဝင် YBS ယာဉ်လိုင်းအချို့ကလည်း မွေးနေ့အမှတ်တရအဖြစ် အချိန်ကန့်သတ်၍ အခမဲ့စီးနင်း ခွင့်ပေးခဲ့ကြသည်။အမှတ်တရပြုလုပ်ကြသူများအတွင်း ၇၁ နှစ်ပြည့်မွေးနေ့မှစတင်၍ အတိုင်ပင်ခံမွေးနေ့အတွက် အမှတ်တရများလုပ်ဆောင်ပေးခဲ့သော အစီအစဉ်တင်ဆက်သူတစ်ဦးလည်းဖြစ်၊ ပရဟိတလုပ်ငန်းများလည်း လုပ်ဆောင် နေသည့် ဦးမာင်မောင်အေး နှင့် မိတ်ဆွေများကလည်း အမှတ်တရတစ်ခုပြုလုပ်ခဲ့ကြသည်။

ဦးမောင်မောင်အေး နှင့် မိတ်ဆွေ ၁၅ ဦးခန့်၏ပူးပေါင်းမှုဖြင့် အနယ်နယ်အရပ်ရပ်မှ ပြည်သူများ မွေးနေ့ဆုတောင်း ပေးပို့နိုင်ရန် Facebook တွင် Power Leader 75 ဟူသည့် Page တစ်ခုထောင်ပြီး ယင်း Page သို့ အတိုင်ပင်ခံအား မွေးနေ့ဆုတောင်းပေးလိုသူများက ကြိုက်နှစ်သက် သည့် စာသားများဖြင့် ဓာတ်ပုံရိုက်၍ ပေးပို့စေခဲ့ပြီး အတိုင်ပင်ခံ၏ ရုပ်ပုံကို ပုံဖော်၍ မွေးနေ့အမှတ်တရပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဦးမာင်မောင်အေးက မြန်မာတိုင်းမ်သို့ပြောသည်။

“ ဒီနှစ်မှာကျတော့ ကိုဗစ် ရှိတော့ လူတွေစုလို့ မရတော့ဘူး။ အဲဒီတော့ အမှတ်တရလေးတစ်ခုလည်း လုပ်ဖို့ရှိတယ်ဆိုတော့ အွန်လိုင်းပေါ်ကနေပဲ အမေစုကို ချစ်တဲ့သူတွေနဲ့ တစ်ခုခုလုပ်ကြမယ်ဆိုပြီး စုပြီးတော့ အခုလို လုပ်လိုက်တာဖြစ်ပါတယ် ” ဟု ၎င်းက ပြောသည်။

မွေးနေ့ဆုတောင်း ဓာတ်ပုံ ၇၅၀၀ ဖြင့် ပုံဖော်ခဲ့ခြင်းဖြစ်ပြီး ပုံတစ်ခုကို ထောက်လိုက်ရုံဖြင့် မွေးနေ့ဆုတောင်းပေးသူ၏ ပုံပြန်လည်ပေါ်လာမည်ဖြစ်ပြီး ပုံအားလုံးကို စုပေါင်း၍ အတိုင်ပင်ခံပုံကို ပုံဖော်ထားခြင်းဖြစ်ကြောင်း သိရသည်။ထိုပုံကို ပုံကြီးထုတ်၍ ရန်ကုန်မြို့တော်စည်ပင် ထံမှ ဘေလ်ဘုတ်လုပ်ငန်းများ ငှားရမ်းလုပ်ကိုင်နေသူတစ်ဦး၏ လှူဒါန်းမှုဖြင့် လူစည်ကားရာနေရာများဖြစ်သည့် အနော်ရထာလမ်းနှင့် လသာလမ်းထောင့်၊ လှည်းတန်းလမ်းဆုံနှင့် တာမွေလမ်းဆုံတို့တွင် ဘေလ်ဘုတ်များထူထောင်ခဲ့ကြောင်း ဉီးမောင်မောင်အေးက ပြောသည်။

၎င်းသည် ဒေါ်အောင်ဆန်းစုကြည် ၏ ၇၁ နှစ်ပြည့်မွေးနေ့မှစတင်၍ မွေးနေ့အထိမ်းအမှတ်နှင့် လှူဒါန်းမှုများပြုလုပ်ခဲ့ပြီး ပြီးခဲ့သည့် ၇၄ နှစ်ပြည့်မွေးနေ့ကို ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံတွင် လူဦးရေ ၇၄၀ ဖြင့် နိုင်ငံတော်အတိုင်ပင်ခံ၏ ရုပ်ပုံကို ပုံဖော်ခဲ့သည်။အတိုင်ပင်ခံ၏ ၇၁ နှစ်၊ ၇၃ နှစ်နှင့် ၇၄ နှစ်ပြည့်မွေးနေ့တို့တွင် ရရှိခဲ့သည့် ရန်ပုံငွေ ကျပ်သိန်း ၂၇၀ ကျော်ကို ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းသို့ လှူဒါန်းခဲ့ပြီး ၇၂ ပြည့်မွေးနေ့တွင်မူ YX လေယာဉ်ပျက်ကျမှုနှင့် တိုက်ဆိုင်ခဲ့သည့်အတွက် ကျန်ရစ်ခဲ့သည့်မိသားစုဝင်များအား ကောက်ခံ ရှိသည့်အလှူငွေ ကျပ်သိန်းတစ်ရာကို ခွဲဝေလှူဒါန်းခဲ့ကြောင်း သိရသည်။

သို့သော် ယခု ၇၅ နှစ်ပြည့်မွေးနေ့အတွက်မှု အလှူငွေကောက်ခံခြင်း မရှိခဲ့ကြောင်း ဦးမာင်မောင်အေးက ပြောသည်။ယခုနှစ်ကျရောက်သည့် စိန်ရတုမွေးနေ့အတွက် YBS ၇၅ ယာဉ်လိုင်းက ယာဉ် ၂၃ စီးကို အခမဲ့ပြေးဆွဲပေးခဲ့ပြီး ယင်းသို့ပြေးဆွဲပေးခြင်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရေရရှိရေးနှင့် ရေပေးဝေရေး လုပ်ငန်း တာဝန်ခံအဖွဲ့၊ ယမစီမဲခေါင်ကုမ္ပဏီ၊ သခင်အုန်းမြင့်၊ သုံးရောက်ခြယ်အဖွဲ့၊ အော်တန်းသစ်ကုမ္ပဏီတို့၏ အလှူငွေဖြင့် ပြေးဆွဲပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဇွန် ၁၉ ရက်နေ့တွင် ပြေးဆွဲနေသည့် ယာဉ်လိုင်းအချို့ ကလည်း အတိုင်ပင်ခံမွေးနေ့အထိမ်းအမှတ် အနေဖြင့် အချိန်ကန့်သတ်၍ အခမဲ့စီးနင်းခွင့်ပြုခဲ့သည်။ထို့ပြင် တိုင်းနှင့်ပြည်နယ်အချို့ရှိ မြို့ကြီးအချို့တွင် အတိုင်ပင်ခံမွေးနေ့အမှတ်တရ သစ်ပင်စိုက်ခြင်းများပြုလုပ်ခဲ့ကြသည်။

မြန်မာတိုင်းမ်