မှတ်ပုံတင် မရှိတဲ့ ဖုန်းဆင်းမ်ကဒ်တွေ ကြောင့် ဖြစ်လာသည့် တရာခံ မပေါ်တဲ့ ရာဇဝတ်မှုတွေ

မှတ်ပုံတင် မရှိတဲ့ ဖုန်းဆင်းမ်ကဒ်တွေ ကြောင့် ဖြစ်လာသည့် တရာခံ မပေါ်တဲ့ ရာဇဝတ်မှုတွေ

မှတ်ပုံတင်မရှိတဲ့ ဖုန်းဆင်းမ်ကဒ်တွေ ကြောင့် ဖြစ်လာသည့် တရာခံမပေါ် တဲ့ ရာဇဝတ်မှုတွေ နှင့် သားကောင်ဖြစ်လာသည့် ပြည်သူတွေရဲ့ ဘဝ…

“တရားခံ ဘယ်သူလဲဟေ့”

မြန်မာပြည်မှာ လက်ကိုင်ဖုန်း တစ်လုံးကို ၃၅ သိန်းက သိန်း ၅၀ အထိ ဈေးပေါက်နေချိန်၊ ဂျပန်နိုင်ငံမှာ လူတကာကို အလကားပေးနေတာ ကိုယ်တွေ့မျက်မြင်ကြုံရတော့ အံ့ဩကုန်နိုင်ဖွယ် ဖြစ်ရပါတယ်။ အမယ် အမယ် အဲဒီလို အလကားဝေနေရင် အပေါစားလို့ အထင်ခံရမှာ စိုးတာကြောင့် တချို့ ကလည်း trick လှည့်ကွက်လေးတွေ သုံးကြတယ်။

တနေ့တော့၊ ဘူတာနားမှာ လူစည်စည်တွေ့ လို့ ဝင်စပ်စုမိတာပေါ့။ ဆယ်ကျော်သက် ဂျပန်မလေးတွေ တူညီဝတ်စုံ မီနီစကပ်တိုတိုနဲ့ ခုန်ပေါက်မြူးကြွ ဆတ်စလူးထနေကြတာကိုး။ သူတို့လက်ထဲမှာ မဲပုံးတွေနဲ့ပါ။ အနားက စားပွဲပေါ်မှာတော့ နောက်ဆုံးပေါ် လက်ကိုင်ဖုန်းတွေ ပြထားတယ်။ မဲပေါက်သူတွေ ကို ကြိုက်တဲ့ဖုန်း အလကားပေးမှာတဲ့ဗျ။ ဂျပန်လို ခဲတိုင်းဒင်းဝလို့ ခေါ်တဲ့ လက်ကိုင်ဖုန်းတွေ ပေါ်ခါစတုန်းက ယန်း ၁၀ သိန်းကျော် (ကျပ် ၁၄ သိန်းလောက်) ပေးရတာဆိုတော့ လက်ကိုင်ဖုန်း ကိုင်နိုင်တဲ့သူဟာ ရာထူးကြီးကြီး ပိုက်ဆံရှိရှိ၊ သထိန်းပဲဆိုပြီး အထင်ကြီးတဲ့ မျက်လုံးတွေနဲ့ ကြည့်ကြတယ်။ ခုတော့ အလကား၊ ဖရီး၊ မုလျော၊ အခမဲ့ ဆိုတော့ ပျော်ပြီလေ။

ကျနော်လည်း ဘေးနားက မသိမသာ ယောင်လည်လည် အကဲခတ် နေတာပေါ့။ အမယ်… မဲနှိုက်သူတိုင်း အားလုံးပေါက်ကြတာပဲ။ မဲပေါက်သူတွေ ပျော်ပျော်ပါးပါး ကြိုက်တဲ့ဖုန်းကိုရွေး၊ ပုံစံစာရွက်ဖြည့်နေပြီး ကိုယ့်ကိုယ်ကိုယ် တကယ့် ကံထူးရှင် ထင်နေကြတာ။ ဗလာမဲမရှိ နောက်ကလူတွေလည်း အားလုံးပေါက်တာ သူတို့ မသိကြဘူးဗျ။ အောင်မယ်လေး၊ ဒီနေ့ သွားရင်းလာရင်း ကံကောင်းလွန်းလို့ မဲပေါက်ပြီး ဖုန်းတစ်လုံး အလကားရတာပဲ တွေးတာပေါ့။ ဒီနည်းရိုးသွားပြန်တော့ မိုင်းနပ်စ်ကမ်ပိန်းဆိုတာ လာပြန်ပါ လေရော။ ဆိုင်းဘုတ်တွေမှာ ဂဏန်းရှေ့က မိုင်းနပ်စ်ထည့်ပြီး –¥ 2000 ဆိုတာကနေ –¥ 5000 အထိ အပြိုင်အဆိုင် ကြော်ငြာကြတယ်။ ရယ်စရာ ပြောရရင် အဲဒီအချိန်က ဂျပန်ကို ခဏအလည်လာတဲ့ မြန်မာပြည်က နာမည်ကျော်အဆိုတော်ကြီး တစ်ယောက် အလွန် အံ့ဩသွားတယ်။ မိုင်းနပ်စ်ဆိုတာ ဘာအဓိပ္ပာယ်လဲ မေးတော့ ကြိုက်ရာဖုန်းကို အလကားပေးမယ့်အပြင် သူတို့ ကြော်ငြာထားသလို ယန်း ၂၀၀၀ ကနေ ၅၀၀၀ အထိ ပြန်ပေးဦးမှာလို့ ရှင်းပြလိုက်တယ်။

ခဏကြာအောင် သူစဉ်းစားပြီးတဲ့အခါ ဒါဖြင့် သူတို့ဆီက အဲဒီဖုန်းနဲ့ ပေးတဲ့ ပိုက်ဆံကို ယူပြီး သူတို့မမြင်ကွယ်ရာမှာ ဖုန်းကို လွှင့်ပစ်ခဲ့မှာပေါ့လို့ ပြောပါတယ်၊ သူက မြန်မာပြည်ကို ပြန်မှာမို့ သုံးလို့မရတဲ့ ဖုန်းကို ပစ်ခဲ့ပြီး ပိုက်ဆံပဲယူသွားရင် မဖြစ်ဘူးလားလို့ တွေးလိုက်တာပါ။ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် အဲလိုလုပ်လိုက်ရင် တွက်ခြေကိုက်ပြီပေါ့လေ။

ဪ..ဂျပန်တွေပဲဗျာ၊ မပိုင်ဘဲ ဒါမျိုး ဘယ်လုပ်မှာလဲ။ မိုင်းနပ်စ်အနေနဲ့ ပိုက်ဆံပေးမယ်ဆိုတာ ငွေသား လက်ငင်း ထုတ်ပေးမှာမဟုတ်ဘဲ ကျသလောက် ဖုန်းဘေလ်ထဲက တစ်လချင်း ဖြတ်ပေးမယ့်အကြောင်း ပြောရပါတယ်။ သူတို့ဖုန်းကို ကိုယ်မသုံးရင် အဲဒီ ပိုက်ဆံကို ရမှာ မဟုတ်ပါဘူး။ နောက်ပြီး ကန်ထရိုက် ၂ နှစ် စာချုပ်တခါတည်း ချုပ်ရပြီး စာချုပ်မပြည့်ခင် ရပ်တာနဲ့ ဒဏ်ကြေး နင့်နေအောင် ဆောင်ရသေးတယ်။

ဂျပန်နိုင်ငံမှာ လက်ကိုင်ဖုန်းတွေကို အလကားပေးတဲ့အပြင် မိုင်းနပ်စ်ဆိုပြီး ပိုက်ဆံတောင် ပြန်ပေးနေသေးတာဆိုတော့ ဖောချင်းသောချင်း လွယ်လွယ်ကူကူရတယ်ထင်ရင် မှားပါလိမ့်မယ်။ အကြီးအကျယ် မှားသွားပါလိမ့်မယ်။ ရွင်လန်းပျော်မြူး ဆတ်စလူး ကောင်မလေးရဲ့ မဲပုံးထဲနှိုက်လိုက်ပြီး ကောင်မလေးက လပ်ကီးလို့ အော်လိုက်တဲ့အချိန်ကနေ ဇာတ်လမ်းက အခုမှစတာပါ။

အဲဒီမှာ လျှောက်လွှာပုံစံ တစ်ထပ်ကြီး ဖြည့်ရပါပြီ။ ပြီးတော့၊ အိုင်ဒီတွေ၊ အထောက်အထားတွေကို ပြခိုင်းတော့တာပဲ၊ နိုင်ငံခြားသားဆိုရင် တရားဝင်ဗီဇာရှိမရှိ၊ ဘာဗီဇာအမျိုးအစားလဲ၊ ဗီဇာသက်တမ်း ဘယ်လောက်ကျန်သေးသလဲကအစ အသေးစိတ် စစ်ဆေးပါတော့တယ်။ တရားဝင် ဗီဇာမရှိသူတွေကို လက်မခံပါဘူး။ ခုနက လပ်ကီးဆိုပြီး မဲပေါက်တဲ့ဖုန်း လုံးဝမပေးဘဲ ငြင်းပါတော့မယ်။ ပေးလိုက်ရင် သူတို့လည်း ဥပဒေနဲ့ငြိပြီး ပြဿနာအကြီးအကျယ် တက်တော့မှာပါ။

အထောက်အထားအားလုံးမှန်ကန်ပြီး ဥပဒေစည်းမျဉ်းနဲ့ ညီညွတ်မှသာ ဖုန်းနံပါတ် တစ်ခုနဲ့ လက်ကိုင်ဖုန်းကို ထုတ်ပေးတာပါ။ ဆိုလိုတာကတော့ ဒီဖုန်းနံပါတ်ဟာ ဒီလူနာမည်နဲ့ ဒီနေရပ်လိပ်စာမှာ ရှိတယ်လို့ ဥပဒေအရ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ဒီဖုန်းနံပါတ်နဲ့ ပြဿနာတစ်ခုခုဖြစ်ရင် ပိုင်ရှင်နဲ့ သူ့လိပ်စာကို လိုက်လာမှာပါ။ ဒါကြောင့် ဂျပန်နဲ့ တခြားခေတ်မီနိုင်ငံအားလုံးမှာ ဖုန်းနံပါတ်တိုင်းဟာ ပိုင်ရှင်နာမည်၊ နေရပ်လိပ်စာနဲ့ အမြဲတွဲလျက်ရှိနေပါတယ်။ ဒီအချက်အလက်တွေကို ရဲ၊ ထောက်လှမ်းရေးနဲ့ အစိုးရလုံခြုံရေးဌာနတွေမှာ သိမ်းထားပါတယ်။

ဒီစနစ်ရဲ့ အလွန်ကောင်းတဲ့အချက်ကတော့ အရေးပေါ် အခြေအနေမှာ ဖုန်းကောက်ဆက်လိုက်တာနဲ့ အိမ်ကို အကူအညီ ချက်ချင်းရောက်လာတာ ဖြစ်ပါတယ်။ အပြင်ရောက်နေတဲ့ လက်ကိုင် မိုဘိုင်းလ်ဆိုရင်လည်း ဆက်သွယ်ရေးတာဝါက အနီးဆုံးတည်နေရာကို ညွှန်ပြပေးတာကြောင့် ကူညီမယ့်သူတွေ ရှာလို့ လွယ်ပါတယ်။ အရေးပေါ်နံပါတ် ဂျပန်မှာဆို ရဲဌာန 119 ၊ မီးသတ်နဲ့ဆေးရုံ 114 ၊ အမေရိကားမှာ 911 ကို ဆက်ရင် ပါးစပ်က စကားတစ်ခွန်းမှ မပြောဘဲနဲ့တောင် ဖုန်းနံပါတ်ကို ခြေရာခံပြီး အကူအညီရောက်လာမှာပါ။

ဖုန်းနံပါတ်တိုင်းမှာ မှတ်ပုံတင်ထားတဲ့ ပိုင်ရှင်အတိအကျ ရှိနေတာကြောင့် မကောင်းမှုဒုစရိုက်လုပ်ရင်လည်း ပိုင်ရှင်ဆီကို ဆိုက်ဆိုက်မြိုက်မြိုက် လိုက်လာမှာပဲ။ မူးယစ်ဆေး၊ တားမြစ်ပစ္စည်း အရောင်းအဝယ်လုပ်တာ၊ အကြမ်းဖက်မှုကျူးလွန်တာတွေကို တယ်လီဖုန်းနံပါတ်ကနေ ခြေရာခံပြီး ဖမ်းမိတဲ့အမှုတွေ အများကြီး ရှိပါတယ်။

ဒါပေမဲ့၊ မြန်မာနိုင်ငံမှာတော့ ငွေရရင် ပြီးရော တယ်လီဖုန်းဆင်းမ်ကဒ်တွေကို အစစ်အဆေး၊ အမေးအမြန်းမရှိ စည်းမဲ့ကမ်းမဲ့ ရောင်းထားတာကြောင့် နောက်ဆက်တွဲ ပြဿနာတွေ ဆက်တိုက် ဖြစ်နေတာ တွေ့ရပါတယ်။ မှတ်ပုံတင်နဲ့ စစ်ဆေးစိစစ်တာမရှိဘဲ လက်လွတ်စပယ်ရောင်းထားတာ လက်ရှိ တယ်လီဖုန်းကုမ္ပဏီ လေးခုစလုံးပဲ။ MPT, Oredoo, Telenor နဲ့ နောက်ဆုံး စစ်တပ်ရဲ့ MyTel တို့ဟာ မှတ်ပုံတင်မဲ့ ဆင်းမ်ကဒ်တွေ ရောင်းတာကြောင့် ဆက်သွယ်ရေးဝန်ကြီးဌာနက တစ်နှစ်ကို ဒေါ်လာ ၄ သိန်းကျော် ဒဏ်ကြေးချတာလည်း မဖြုံကြဘူး။

မှတ်ပုံတင်မဲ့၊ တနည်းအားဖြင့် ပိုင်ရှင်အမည်မပေါက်တဲ့ ဖုန်းနံပါတ်တွေကြောင့် မြန်မာနိုင်ငံမှာ ရာဇဝတ်ပြစ်မှုအမျိုးမျိုးကို တရားခံရှာမတွေ့ဘဲ လွတ်သွားတာပေါ့။ အကြမ်းဖက် လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ၊ မူးယစ်ဆေးဂိုဏ်းဝင်တွေဆီက လက်ကိုင်ဖုန်းကို ဖမ်းမိလည်း အဆက်အသွယ်တွေကို လိုက်လို့မရဘူး။ ဖုန်းနံပါတ်တခြား၊ လူတခြား ဖြစ်နေတာကိုး။ နေရပ်လိပ်စာဆိုတာ ဝေးရော။

ခုခေတ်၊ အင်တာနက်ပေါ်မှာ အွန်လိုင်းရှော့ပင်းတွေ၊ ဆားဗစ်စ်တွေ တွင်ကျယ်လာတဲ့အခါ လက်ကိုင်ဖုန်းနဲ့ ငွေပေးချေနိုင်တဲ့ စနစ်တွေကိုလည်း အသုံးများလာကြတယ်။ ဒီတော့၊ မသမာမှုတွေ၊ ရာဇဝတ်မှုတွေလည်း တိုးပွားလာတော့တာပေါ့။ ဘဏ်စာရင်းကို အခြေခံတဲ့ လက်ကိုင်ဖုန်း ငွေပေးစနစ်တွေက ပြဿနာသိပ်မရှိပေမဲ့ ဖုန်းနံပါတ်သက်သက်နဲ့ ငွေပေးငွေယူလုပ်တဲ့ Wave Money လို စနစ်တွေဟာ ရာဇဝတ်မှုတွေမှာ တော်တော်ပတ်သက်နေတာ တွေ့ရတယ်။

ငွေကြေးလိမ်လည်မှု၊ အကျပ်ကိုင်ငွေညှစ်မှု၊ မူးယစ်ဆေး ရောင်းဝယ်မှု တွေအထိ လက်ကိုင်ဖုန်းနဲ့ ငွေပေးတဲ့အခါ ငွေထုတ်ယူသွားသူကို ရဲက စုံစမ်းလို့မရဘဲ ခြေရာပျောက်တော့တာပဲ။ ခုတလော၊ အမျိုးသမီးတွေရဲ့ ကိုယ်လုံးတီးဓာတ်ပုံ၊ ဗီဒီယို၊ သမီးရည်းစား၊ စုံတွဲတွေ ဆက်ဆံတဲ့ ဓာတ်ပုံ၊ ဗီဒီယိုတွေ အသုံးပြုပြီး အကျပ်ကိုင် ငွေညှစ်တဲ့ အမှုအားလုံးမှာ Wave Money နဲ့ပဲ ငွေပေးခိုင်းတာ တွေ့ရတယ်။ ဘဏ်ရဲ့ လက်ကိုင်ဖုန်း app ကတဆင့် လွှဲပေးမယ်ဆိုတာ လုံးဝ လက်မခံဘူး။ တရားဝင် စေ့စပ်ထားပြီးသား ဆရာဝန်စုံတွဲ ငွေညှစ်ခံရတဲ့အမှုမှာ နာမည်ရော ဖုန်းနံပါတ်ပါ အတိအကျ ရဲကိုတိုင်တာတောင် ဖမ်းလို့မမိဘူး။ (ဒါနဲ့ သမီးရည်းစားစုံတွဲတွေကလည်း ဘာဖစ်လို့ အက်လို ဗီဒီယိုတွေ ကိုယ့်ဖာသာ ရိုက်ကြတာလဲငင်…)

Wave Money, Wave Pay လို ဖုန်းနံပါတ်နဲ့ပဲ ငွေပေးငွေယူလုပ်တဲ့ စနစ်မှာ အားနည်းချက်၊ ချို့ယွင်းချက်ရှိတာ သေချာနေပြီ။ ဟိုး မိုင်ထောင်ချီအဝေးက ဆားပုလင်းတောင် သိနေမှ ရွှေပြည်ကြီးက ကိုလှရွှေတို့ ဘာလုပ်နေကြသလဲ။ မြန်မာနိုင်ငံမှာ ပြည်သူ့အစိုးရအုပ်ချုပ်တဲ့ခေတ် ၂၀၁၇ ခုနှစ် ကစပြီး လက်ကိုင်ဖုန်းနံပါတ်တွေကို စနစ်တကျ မှတ်ပုံတင်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ ပြည်သူအတော်များများက ဒါကို အရေးကြီးတယ်လို့ မထင်ဘဲ သေသေချာချာ လိုက်နာတာ မရှိဘူး။ ကြောင်ရေချိုးတယ်လို့တောင် အပြစ်တင်တဲ့သူက ရှိသေးတယ်။

ရဲတွေကလည်း အဲဒီဖုန်းနံပါတ်ကို ရေဆုံးရေဖျား လိုက်လံစုံစမ်းတာ မရှိဘူး။ ခုခေတ်မှာ ဆင်းမ်ကဒ်တစ်ခုကို ကျပ် ၅၀၀ ပေးရင် ပါးရိုက်ဝယ်လို့ရတယ်လို့ ပေါ့ပေါ့မတွေးနဲ့။ မှတ်ပုံတင်မှ ရောင်းတဲ့စနစ်နဲ့ဆို ရာဇဝတ်မှု လုပ်ဖို့ အလွန်ခက်ခဲသွားပါလိမ့်မယ်။ ဂျပန်လိုနိုင်ငံမျိုးဆိုရင် မှတ်ပုံတင်မစစ်ဘဲ ဒီနံပါတ်နဲ့ ဆင်းမ်ကဒ်ကို ရောင်းလိုက်သူပါ အဖမ်းခံရမှာ သေချာတယ်။ ဆင်းမ်ကဒ်ထုတ်တဲ့ ဖုန်းကုမ္ပဏီတွေမှာ ဘယ်သူတွေဆီ လက်ကားရောင်းတယ်၊ လက်ကားကုန်သည်ကလည်း ဘယ်လက်လီဆိုင်ကို ဒီနံပါတ်ပေးလိုက်တယ်ဆိုတဲ့ စာရင်းအတိအကျ ရှိရမယ်လေ။ ထီဆိုင်တွေတောင် ဘယ်နံပါတ်က ဘယ်ဆိုင်ခွဲဆိုတာ ချက်ချင်းသိတယ်။ အထောက်အထားမဲ့ ရောင်းသူကိုပါ ထိထိရောက်ရောက် အပြစ်ပေး အရေးယူရင် ဘယ်ရောင်းရဲမလဲ။

တခြားအရေးယူနိုင်တဲ့ နည်းလမ်းတွေလည်း အများကြီး ရှိတာပဲ။ တခြားနိုင်ငံတွေက ရဲတပ်ဖွဲ့ဆိုရင် သေချာပေါက် ဖမ်းနိုင်တာပေါ့။ ခုနက ဆရာဝန်စုံတွဲဆိုရင် ငွေညှစ်သူရဲ့ နာမည်၊ ငွေလွှဲပေးရမယ့် ဖုန်းနံပါတ် အတိအကျနဲ့ ရဲကို အမှုဖွင့်ပြီး တိုင်တာမဟုတ်လား။ ရဲက Wave Money ကုမ္ပဏီကို ဆက်သွယ်ပြီး ဒီဖုန်းနံပါတ်နဲ့ ငွေလာထုတ်သူရှိရင် ရဲကို ချက်ချင်းအကြောင်းကြားဖို့ ဆိုင်ခွဲအားလုံးကို ညွှန်ကြားလို့ရတာပဲ။ ငွေလာထုတ်တဲ့အခါ မှတ်ပုံတင်၊ လိပ်စာနဲ့ ဓာတ်ပုံယူထားလို့လည်း ရသေးတယ်။ အားလုံးအဆင်သင့်ဖြစ်ပြီဆိုမှ ငွေလွှဲပေးလိုက်ရင် မိတာပေါ့ဗျာ။

မြန်မာနိုင်ငံမှာ ငွေရဖို့တစ်ခုတည်းသိတဲ့ လောဘအိုး ဉာဏ်ကြီးရှင် တွေက ဝစ်သောက်ဆိုတဲ့ လိုင်စင်မဲ့ကားတွေ၊ လိုင်စင်မဲ့ဆိုင်ကယ်တွေ၊ မှတ်ပုံတင်မရှိတဲ့ ဖုန်းဆင်းမ်ကဒ်တွေကို အဆင်ခြင်မဲ့ ခွင့်ပြုခဲ့တာကြောင့် ပြည်သူလူထုမှာ ဘာအမှုဖြစ်ဖြစ် တရားခံမပေါ်ဘဲ ရာဇဝတ်မှုရဲ့ သားကောင်တွေလို လည်စင်းခံရတာ ချည်းပါဗျာ။

Min Myat Maung