မြောက်ကိုရီးယား တော်ဝင် မင်းသမီးလေး နဲ့ တောင်ကိုရီးယား သမ္မတ တို့ရဲ့ စကားစစ်ထိုးပွဲ

မြောက်ကိုရီးယား တော်ဝင် မင်းသမီးလေး နဲ့ တောင်ကိုရီးယား သမ္မတ တို့ရဲ့ စကားစစ်ထိုးပွဲ

တောင် နဲ့ မြောက် စကားတွေ အပြန် အလှန်…

မြောက်ကိုရီးယား သတင်းထဲမှာ.. “ တောင်ကိုရီးယား သမ္မတ မွန်းက အရှက်မရှိဘူး “ “ သူပြောတာတွေကို နားထောင်ရတာ ကိုယ့်ကိုယ်ကိုတောင် မသိလိုက်ပဲ အန်ချင်လာတယ်..။” တဲ့။

“ သမ္မတမွန်းဟာ တော်သလို၊ တတ်သလို သဘောကောင်းသလို ဟန်ဆောင်နေတာ အော့နှလုံးနာဖွယ်ကောင်း….” မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) ရဲ့ ညီမ ကင်မ်ယိုဂျောင် (Kim Yo Jong) က အဲ့ဒီလို ပြောတယ်ဆိုပြီး မြောက်ကိုရီးယား သတင်းမှာကြေညာ ပစ်လိုက်တယ်.. ။ (ဇွန်လ၊ ၁၇ ရက်)

ကင်မ်ယိုဂျောင်က မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန် နဲ့ တောင်ကိုရီးယား သမ္မတမွန်း တို့ရဲ့ စီးပွါးရေး လျှို့ဝှက်စာချုပ်ထဲက စီးပွါးရေး စီမံကိန်းအကြောင်းတွေကိုလည်း ကမ္ဘာကသိအောင် ကြေညာတယ်။ ဒီလို သမ္မတွေအကြားလျှို့ဝှက်စာချုပ်ကို ကြေညာပစ်တာ တကယ့်ကို စည်းမျဉ်းချိုး ဖောက်တာပဲ။

ပြီးတော့ မနေ့ကတစ်နေ့လုံး တောင်-မြောက် ကိုရီးယား ချစ်ကြည်ရေး အဆောက်အအုံကို လိုအပ်တာထက် ၁၀ ဆပိုတဲ့ မိုင်းအကြီးစားနဲ့ဖောက်တဲ့ ဗီဒီယိုကို သူတို့ ရုပ်မြင်သံကြား TV မှာ ခဏခဏပြနေတယ်။ “ မီးပင်လယ်အောက်က ဆိုးလ်မြို့” ဆိုတဲ့ အိမ်ပြာတော်ကို ဗုံးခွဲတဲ့ ဗီဒီယို ကိုလည်း ခဏခဏပြနေတယ်။

“ ဆိုးလ်မြို့က ကျွန်တော်တို့နဲ့ နီးနီးလေး။ ပြာဖြစ် သွားမယ်” သူတို့ ၁၉၉၄ ခုနှစ်ကတည်းက အဲဒီလိုစ ပြောခဲ့တာ။ ဒေါသဖြစ်ရင် ပြောနေကျ..။ ဒါဟာ တောင်ကိုရီးယားကို စိတ်ဆိုးအောင်၊ ပြီးတော့ သူတို့ ပြည်သူတွေကို သမ္မတ မွန်း ကိုအားကိုးရင် ဒီလိုဖောက်ခွဲပစ်မယ်လို့ ခြောက်လှန့်နေပုံ ရတယ်လို့ ပညာရှင်တွေက သုံးသပ်တယ်။

တကယ့်ပြဿနာက ၂၀၁၉ ခုနှစ် နျူးကလီးယား ဖျက်သိမ်းတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ ထရမ့်နဲ့ ပြဿနာ။ ကုလသမဂ္ဂက မြောက်ကိုရီးယားကို စီးပွားရေးပိတ်ဆို့တဲ့အတွက် တောင်ကိုရီးယားကလည်း စည်းမျဉ်းဥပဒေအရ စီးပွားရေးကူညီမှု မပေးနိုင်ခဲ့ဘူး။ စည်းမျဉ်းအရ သူတို့ကို ကူညီရင် တောင်ကိုရီးယားလည်း စီးပွားရေး အပိတ်ခံရမှာလေ။

Covid-19 ကြောင့် စီးပွားရေးကျရတဲ့အထဲ တောင်ကိုရီးယားသမ္မတက နိုင်ငံတကာကို ဆန့်ကျင်ပြီး မြောက်ကို မကူညီရဲပါ။ အဲ့ဒီမှာ မြောက် တို့ရဲ့ဒေါသတွေဟာ တောင်ကိုရီးယားအပေါ် စုပုံကျတော့တာပဲ..။ “ ကလဲ့စားချေမယ်” တဲ့။

သမ္မတမွန်းက ကိုယ်စားလှယ်လွှတ်ပေးပါမယ်လို့ ထပ်ပြောတယ်။ မြောက်ကိုရီးယားဘက်က ကင်မ်ယိုဂျောင်က လက်မခံတဲ့ အပြင် ပိုပိုပြီး ရိုင်းစိုင်းလာတော့တာပဲ။ “ အဲဒီလူက အမေရိကန်ကကြိုးဆွဲမှ က ရဲတဲ့ ရုပ်သေးရုပ်ပါ” တဲ့။

၂၀၁၈ ခုနှစ် သမ္မတ မွန်း သွားလည်တုန်းကပေါ့။ သမ္မတမွန်းက “ ကင်မ်ယိုဂျောင် ရဲ့ ဖန်ကလပ်တောင် တောင်ကိုရီးယားမှာရှိတယ်ဗျ” လို့ ပြုံးရယ်ပြီး ရင်းနှီးအောင်လုပ်ခဲ့ပေမဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ရဲ့ ညီမ ကင်မ်ယိုဂျောင် (Kim Yo-jong) က ဟက်ဟက်ပက်ပက်မရှိဘူး။ မျက်နှာတင်းတင်း၊ ပြုံးသလို၊ မပြုံးသလိုတဲ့…။

ဒီတစ်ခါတော့ တောင်ကိုရီးယားသမ္မတကို နာမည် တပ်ပြီး ကဲ့ရဲ့ ရှုတ်ချတော့တာပဲ..။ ဒါဟာ တစ်နည်းအားဖြင့် ကင်မ်ယိုဂျောင်ဟာ မြောက်ကိုရီးယားကို နက်နက်ရှိုင်းရှိုင်း ဩဇာသက်ရောက်မှုရှိနေတယ်ဆိုတာ ပြလိုက်တာဖြစ်တယ်။ မြောက်ကိုရီးယားမှာ ခေါင်းဆောင် ကင်မ်ဂျုံအန် ကလွဲရင် အခြားခေါင်းဆောင်အနည်းငယ်ပဲ ကြေညာချက်တွေ ထုတ်နိုင်တာကိုး။

မြောက်ကိုရီးယားနိုင်ငံမြောက်ပိုင်း Kaesong မြို့က ပန်မွန်ဂျောင် (Panmunjom) လို့ လူသိများတဲ့ရွာလေးဟာ တောင်နဲ့ မြောက်ကိုရီးယားနယ်စပ်က စစ်မဲ့ဇုန်လို့ သတ်မှတ်ထားတာ။ ၁၉၅၀ ပြည်တွင်းစစ်ပြီးကတည်းက ၂၀၁၈ ခုနှစ်အထိ လက်မှတ်ထိုးကြ၊ အစည်းအဝေးလုပ်ကြ..။ ခရီးသွားတွေ လာလ ည်ကြ..။ အဲဒီနယ်မြေမှာ လုံးဝ လက်နက်ကိုင်ဆောင်ခွင့်မရှိပါ။ (၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ-၂၆ စာချုပ်ထဲ ထပ်ရေးထား) အဲဒီစာချုပ်ကို ချိုးဖောက်ပြီး ကင်မ်ယိုဂျောင်က စစ်တပ်တွေချထားလိုက်ပြီ။

GANGNEUNG, SOUTH KOREA – FEBRUARY 10: Kim Yo-jong, sister of North Korean leader Kim Jong-un, attends the Women’s Ice Hockey Preliminary Round – Group B game between Switzerland and Korea on day one of the PyeongChang 2018 Winter Olympic Games at Kwandong Hockey Centre on February 10, 2018 in Gangneung, South Korea. (Photo by Bruce Bennett/Getty Images)

ကင်မ်ယိုဂျောင်ရဲ့ ကိုယ်ခန္ဓာမှာ ဖြတ်သန်း စီးဆင်းနေတာ “ တော်လှန်ရေးသွေး”..။ မြောက်ကိုရီးယားတည်ထောင်သူ ဘုရားသခင်ကြီး Kim Il-sung ရဲ့ မြေးဆိုတော့လည်း…။ နောင် သမ္မတ ဖြစ်မယ့် အလားအလာရှိတဲ့ မြောက်ကိုရီးယား တော်ဝင်မင်းသမီး လည်းဖြစ်တယ်။

သမ္မတမွန်းက“ ကိုရီးယား နိုင်ငံကြားမှာ ဆက်ဆံရေးတိုးတက်အောင်လုပ်ဖို့ ကျွန်တော် အတတ်နိုင်ဆုံးကြိုးစားခဲ့တယ်” “ဒီလို စကားမဆင်မခြင်ပြောတဲ့ မြောက်ကိုရီးယားအပေါ် အလွန်အမင်း စိတ်ပျက်မိပါတယ်” တဲ့။ သမ္မတမွန်းက ပညာရှိအမျက် အပြင်မထွက်ဆိုသလို စကားကို ထိန်းထိန်း သိမ်းသိမ်းပြောတယ်။

“ သူတို့ဘက်က လွန်လာရင် စစ်ရေးအရတုန့်ပြန်ရပါမယ်။ ကျွန်တော်တို့ကလည်း အဆင်သင့်ပါပဲ ” “တစ်ခုပြောချင်တာက ယဉ်ကျေးပါ။ ထိန်းသိမ်းသင့်တာ ထိန်းသိမ်းပါ” တောင်ကိုရီးယား စစ်ဦးစီးချုပ်ကပြောလိုက်တယ်။

“မထီမဲ့မြင်ပြု၊ အပြစ်တင်၊ အလွန်အစွန်း ရောက်သော အခြေအနေ..။” လို့ပြောပြီး တောင်ကိုရီးယားဘက်က နှစ်နိုင်ငံချစ်ကြည်ရေးဥက္ကဋ္ဌ အတော်စိတ်ပျက်ပြီး ရာထူးက နုတ်ထွက်လိုက်တယ်။ (ဇွန်လ ၁၆)… တောင်ကိုရီးယား သမ္မတကို နှိမ်ချပြောတာ တစ်တိုင်းပြည်လုံးကို မထီမဲ့မြင်ပြုတာပါပဲ။

“ စင်မြင့်၊ ကင်မရာ၊ မိုက်ခရိုဖုန်းရှေ့မှာ ရောက်ရင် ဘာအပြစ်မှမလုပ်ထားသလို၊ လူတွေကို မျှော်လင့်ချက်တွေပေး၊ အိပ်မက်တွေပေး၊ စိတ်ကောင်းရှိချင်ယောင်ဆောင်တဲ့၊ ရိုင်းစိုင်းတဲ့ တောင်ကိုရီးယား သမ္မတအကြောင်း လူတွေကို သိစေဖို့ဒီကနေ စကားလုံး ဗုံးတစ်လုံးကို ကျွန်မ ကြဲချ တိုက်ခိုက် လိုက်တယ်။ “

“ကိုယ်ရည်ကိုယ်သွေး ရှိသလို အယောင်ဆောင် တဲ့သူ…” “ တောင်ကစီးတဲ့ရေတွေတောင် တစ်ချိန် ပင်လယ်ကိုဦး တည်နေနိုင်သေး။ ဒီနှစ်နိုင်ငံရဲ့ ငြိမ်းချမ်းရေးဆိုတာကတော့ ဘယ်တော့မှ ဖြစ်မလာနိုင်ဘူး၊” “ လက်ရှိအခြေအနေက အနှစ်သာရမရှိဘူး။ “ မြောက်ကိုရီးယားက တော်ဝင် မင်းသမီးလည်း အမေရိကန် သမ္မတ စတိုင်လ်၊ ဒေါသအလျှောက် စကားလုံးတွေ သိပ်မရွေး..။

ဒီလိုကြမ်းကြမ်းတမ်းတမ်း ပြောဆိုတာဟာ ပြောဆို သူကိုပဲ ဂုဏ်သိက္ခာကို ယုတ်လျော့သွားစေတယ်ဆိုတာ ပညာတတ်၊ နိုင်ငံတစ်နိုင်ငံရဲ့ အကြီးအကဲတွေ နားလည်မှာပါ။

ခေတ်ကြီးကိုက ဒီလိုပြောမှ ဂုဏ်ရှိနေပြီလား။

မရွှေမိုး (ကိုရီးယား)
June 18th,2020.