သြဇာအာဏာ လျော့လာ တဲ့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး နဲ့ ခြေရာ အတိုင်းခံ နေရတဲ့ အမေရိကန်

သြဇာအာဏာ လျော့လာ တဲ့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး နဲ့ ခြေရာ အတိုင်းခံ နေရတဲ့ အမေရိကန်

လွန်ခဲ့သော ၇၅ နှစ်က ကမ္ဘာခေါင်းဆောင်ကြီးများသည် စစ်ပွဲကြီး ကို ဆင်နွှဲနေရစဉ် တွင်ပင် စစ်ကြီးပြီးဆုံးက ငြိမ်းချမ်းရေး ကို မည်သို့မည်ပုံ ထိန်းသိမ်းသွားကြမည်ကို ပုံစံချ ခဲ့ကြသည်။ ယခုအချိန်၌လည်း ထိုသို့ လုပ်ရန် လိုအပ်လာနေပြီ ဖြစ်သည်။

ဂျပန်တို့ ပုလဲဆိပ်ကမ်းကို ဝင်ရောက် တိုက်ခိုက်ပြီး ရက်သတ္တပတ် အနည်းငယ် အကြာတွင် ဝင်စတန် ချာချီသည် အိမ်ဖြူတော်သို့ ရောက်ရှိလာခဲ့၏။ထိုအချိန်တွင် အမေရိကန် သမ္မတ ဖရန်ကလင် ရုစ်ဘဲလ် သည် စစ်ကြီးပြီးလျှင် တည်ဆောက်ကြမည့် ကမ္ဘာလုံခြုံရေး အား ထိန်းသိမ်းနိုင်မည့် အဖွဲ့အစည်းကြီး၏ အမည်အား မည်သို့ ပေးရမည် ကို ခေါင်းခြောက်အောင် စဉ်းစားနေချိန် ဖြစ်သည်။

ထိုည က ဧည့်သည် ဖြစ်သူ ချာချီ ၏ အိပ်ခန်း တံခါးကို ခပ်ပြင်းပြင်း ခေါက်သံကြား ရသဖြင့် ချာချီ လည်း ရေချိုးမည့်ဆဲဆဲ မျက်နှာသုတ်ပုဝါကို ခါးတွင် ပတ်ကာ တံခါးဖွင့်ပေးလိုက်ရာ တံခါးဝတွင် လွန်စွာ တက်ကြွသော မျက်နှာပေးနှင့် ရပ်နေသူ ရုစဘဲလ် ကို တွေ့လိုက်ရသည်။ ရုစ်ဘဲလ်က ချက်ခြင်း ဆိုသလို နာမည်ကို စဉ်းစားလို့ ရပြီ ဖြစ်ကြောင်း၊ တဆက်တည်း ဆိုသလို သူ၏နှုတ်ဖျားက ထွက်လာသော စကားသည်က “UNITED NATIONS” ပင် ဖြစ်ပေသည်။

ကမ္ဘာခေါင်းဆောင်များက နိုင်ငံရေး နယ်ပယ်တွင်သာ မက စီးပွားရေး တွင်လည်း အလား တူ ဖွဲ့စည်းရန် ကြံလာခဲ့သည်။ ဤသို့ဖြင့် ၁၉၄၄ ဇူလိုင်လတွင် နယူး ဟမ်ရှိုင်ယား ရှိ ဘရက်တန် ဝုဒ် မြို့ မောင့် ဝါရှင်တန် ဟိုတယ် ၌ ပြုလုပ်သော ညီလာခံ တွင် ကမ္ဘာ့ဘဏ် နှင့် ကမ္ဘာ့ငွေကြေးရံပုံငွေ အဖွဲ့ကြီး တို့ ပေါ်ပေါက်လာခဲ့ရပြန်သည်။

ကုလသမဂ္ဂ ဆိုသော ကမ္ဘာ့လုံခြုံရေး အဖွဲ့အစည်းကြီး တရပ်ထူထောင်ရန် ဝါရှင်တန် ရှိ ဒမ်ဘာ အုတ်ခ် တွင် အစီအစဉ်များ ချပြခဲ့ပြီး ကရိုင်းမီးယားရှိ ယောလ်တာ တွင် ကြီးသုံးကြီး ဖြစ်သော ချာချီ၊ ရုစ်ဘဲလ်နှင့် စတာလင်တို့က သဘောတူခဲ့ကြသည်။

ဤသို့ဖြင့် ဟစ်တလာ သည် ဘာလင် မြို့၏ ဘန်ကာထဲတွင် သက်ရှိထင်ရှား ရှိနေခဲ့စဉ် ၁၉၄၅ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ ၌ ကုလသမဂ္ဂ ပဋိညာဉ် စာတမ်းကို ဆန်ဖရန်စစ္စကို တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ ကုလသမဂ္ဂဟု အမည်ကို ပထမဆုံး ချပြခဲ့သည့် ရုစ်ဘဲလ်ကတော့ ကွယ်လွန်သွားခဲ့ပြီ ဖြစ်သော်လည်း သူ့နေရာကို ဆက်ခံသည့် ထရူးမင်းမှ ‘ယနေ့သည် ကမ္ဘာသမိုင်းတွင် ကြီးမြတ်သော နေ့ကြီး တနေ့ ဖြစ်လာပေတော့မည်၊ နိုင်ငံများက စစ်ပွဲကြီးများ အဆုံးသတ်နိုင်ရေး အတွက် မိမိတို့၏ ကွဲလွဲချက်များကို ဘေးချိတ်ပြီး မယိမ်းမယိုင် ခိုင်မြဲသော ယုံကြည်ချက် ဖြင့် အားထုတ်သွားကြ မ ည်ဟု သံဓိဠာန် ပြုသော နေ့ ဟုလည်း တွင်ကျန်ခဲ့ပေတော့မည်” ဟု ကျူးရင့်ခဲ့သည်။

သို့သော် ကမ္ဘာသူ ကမ္ဘာသားများ၏ အားတက်ရွှင်လန်းမှုက ကြာကြာမခံခဲ့။ မကြာမီ နှစ် အနည်းငယ် အတွင်းမှာပင် စစ်အေးတိုက်ပွဲကြီး စတင်လာခဲ့ပြီ ဖြစ်သည်။ ကုလသမဂ္ဂ အဖွဲ့ကြီး၏ ပထမဆုံး အတွင်းရေးမှူးချုပ် ဖြစ်လာသူ ဒမ်ဟက်မာရှိုးက မိမိတို့ အဖွဲ့ကြီးသည် လူ့အနွယ်ဝင်များကို နတ်ပြည်သို့ ပို့ဆောင်ပေးမည် မဟုတ်ပဲ ငရဲတွင်းကသာ ကယ်တင်ရန် ဖြစ်သည်ဟု အားပေးလာခဲ့သည်။

အဖွဲ့ဝင် ၅၁ နိုင်ငံ နှင့် စတင်ဖွဲ့စည်းခဲ့သော ကုလသမဂ္ဂသည် စစ်အေးတိုက်ပွဲကြီး အတွင်းမှာပင် နိုင်ငံအသီးသီး ကိုလိုနီ ကျွန်ဘဝ မှ လွတ်မြောက်လာခဲ့ခြင်း၊ ဆိုဗီယက် အင်ပိုင်ယာကြီး ပြိုကွဲခဲ့ခြင်းများကြောင့် အဖွဲ့ဝင် ၁၉၃ နိုင်ငံ အထိ တိုးပွားလာခဲ့သည်။ ယင်းနှင့် အတူ စည်းမျဉ်းခံ ကမ္ဘာစနစ်ကြီး တခုလည်း ပေါ်ပေါက်လာခဲ့ရသည်။

သို့သော် ယခုအချိန်အထိ စည်းမျဉ်းခံ စနစ် တခု အမြဲလို တည်မြဲခဲ့သည်ကို မကြုံဖူးသေးပေ။ ကမ္ဘာကြီး ၏ အင်အား ချိန်ခွင်လျှာ ပြောင်းလဲလာမှု ကို စနစ်က အမှီ မလိုက်နိုင်ပဲ တဖြေးဖြေး နှင့် လှိုက်စား လာခဲ့သည်ချည်းသာ ဖြစ်သည်။ ၁၈၁၅ တွင် ဗီယင်နာ ကွန်ဂရက် အပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ နှင့် ၁၉၁၉ ဗာဆိုင်းစာချုပ် များ အသီးသီး ပြိုလဲသွားခဲ့ရသည်။ အင်အားကြီး နိုင်ငံတခုမှ မိမိတို့ ဆုပ်ကိုင်ထားသော အာဏာကို အခြားအင်အားကြီး နိုင်ငံတခုသို့ လွှဲပြောင်းပေးရဖို့ ကြုံလာတိုင်း စစ်ပွဲကြီး များ ပေါ်ပေါက်ခဲ့ရသည်ချည်းပင် မဟုတ်ပါလား၊ (ဤနေရာတွင် ချွင်းချက် ဆို၍ ဗြိတိသျှ တို့ မှ ၎င်းတို့အာဏာကို အမေရိကန်သို့ ရွှေ့လျားသွားခဲ့ခြင်းတွင်သာ စစ်ပွဲကြီး ဖြစ်မလာခဲ့သည်ကို တွေ့ရသည်)

ကိုဗစ်-၁၉ သည်ကား လူအနွယ်ဝင်များ အတွက် မကြုံစဖူး စိမ်ခေါ် မှုကြီး ဖြစ်လာသည့် အခါတွင်တော့ လူအနွယ်ဝင်များသည် ၎င်းတို့အပေါ် အစဉ်အဆက် စေစား ဦးဆောင်ခဲ့သည့် အမေရိကန်ကို အားကိုးတကြီး မော့ကြည့်လာကြသည့်အခါ တွင် မည်သူမျှ မတွေ့ရတော့ပဲ ထိုနေရာတွင် ဟာလာဟင်းလင်းကြီး ဖြစ်နေသည် ကိုသာ တွေ့မြင်ခဲ့ကြရသည်။

Vote
General Assembly Seventy-fourth session 28th plenary meeting
Necessity of ending the economic, commercial and financial embargo imposed by the United States of America against Cuba – Item 39 – A/74/91/Rev.1, A/74/L.6

အမေရိကန် သမ္မတ သည် ၎င်းအပေါ် ကျရောက်လာသည့် ကြီးမားသော တာဝန်ကြီး ဆိုသည်ကို သိနားလည်ခြင်း မရှိရုံမက ဆေးမြီးတို များ အကြောင်းသာ ဟောပြောပို့ချနေသည်။ ထိုကပ်ရောဂါကြီးကို စုပေါင်းညီညာစွာ တွန်းလှန်နိုင်ရေး အတွက် နိုင်ငံများကို စုရုံး ဦးဆောင်ရမည့်အစား တရုတ် အပေါ် အပြစ်ပုံချရင်း အချိန်ကုန်လွန်ခဲ့သူ ဖြစ်သည်။ ထိုမျှသာမကသေး ကမ္ဘာကျန်းမာရေး အတွက် တာဝန်ယူ နေသော အဖွဲ့ကြီးမှ နှုတ်ထွက်ရန်ပင် ခြိမ်းခြောက်ခဲ့သည်။ ကပ်ရောဂါ ဘေးဆိုးကြီးအတွက် ကမ္ဘာ့ခေါင်းဆောင်များသည် စုပေါင်း လုပ်ဖို့နေနေသာသာ ကြေငြာချက် တစောင်ပင် မထုတ်နိုင်ခဲ့။ မတ်လ အတွင်း ကျင်းပသော G-7 ထိပ်သီး အစည်းအဝေးတွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက် ပွန်ပီယိုမှ ကြေငြာချက်တွင် “ဝူဟန် ဗိုင်းရပ်စ်” ဟု ထည့်သွင်း ဖေါ်ပြရမည်ဟု ပြောလာသဖြင့် ပွဲပျက်သွားခဲ့ရသည်။

တရုတ် ၏ ဗိုင်းရပ်စ် အပေါ် အစပိုင်းတွင် ဖုံးကွယ်ရန် အလွဲလွဲ အချော်ချော် ကြိုးစား ခဲ့သေးသော်လည်း မအောင်မြင်သည့် အခါတွင်မှ ပြင်းထန်သော ပိတ်ဆို့မှုများ ပြုလုပ်လာခဲ့သဖြင့် အောင်မြင်မှုများ ရခဲ့ပြီး ယင်း အပေါ် လက်သီးလက်မောင်း တန်းလာခဲ့ကြပြန်သည်။ ၎င်းတို့ ကျေးဇူးကို တသသ ဖြစ်နေစေရန် နိုင်ငံများအား ဗိုင်းရပ်စ် အတွက် အထောက်အကူပစ္စည်းများ တင်ပို့လာကြသည်။ ဥရောပနိုင်ငံများကတော့ ၎င်းတို့ တခါက လွန်စွာ ဂုဏ်ယူဝင့်ကြွားခဲ့ကြသည့် နယ်ခြားမဲ့ ရှင်အန်း ဧရိယာကို ပိတ်ဆို့လိုက်ကြသည်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကတော့ ဘယ်ဆီရောက်နေမှန်း မသိ ပျောက်ဆုံးနေပြီ ဖြစ်သည်။

စည်းမျဉ်းခံ ကမ္ဘာ့စနစ်ကြီးက အောက်ခြေမှ လှုပ်ခါ လှိုက်စားလာနေပြီ ဖြစ်သည်။ ၂၀၀၇-၀၈ အတွင်း ဖြစ်ပေါ်ခဲ့သော ဘဏ္ဍာရေး အကျပ်အတည်းကြီးကြောင့် နိုင်ငံတကာ အဖွဲ့အစည်းများ အပေါ် စိတ်ပျက်လာမှု နှင့် အတူ လူပြိန်းကြိုက် ဝါဒများ တွင်ကျယ်လာခဲ့သည်။ ထိုသို့ သော အနေအထားများ ပေါ်ပေါက် လာနေသည့်တိုင် ကုလ တွင် ဗီတိုအာဏာ စွဲကိုင်ခွင့်ရနေသည့် စစ်နိုင် နိုင်ငံကြီးများက ၎င်းတို့ ရရှိထားသော အာဏာများကို ယစ်မူးနေကာ ပြုပြင်ပြောင်းလဲရေး လုပ်ရန် ငြင်းဆန်နေခဲ့ကြသည်။ ကုလ ၏ စည်းမျဉ်းများကတော့ ရှိနေဆဲ ဖြစ်သော်လည်း ၎င်းတို့ကိုယ်နှိုက်က လျစ်လျူရှုလာခဲ့ကြသည်။ ရုရှားသည် ပြောင်ပြောင်တင်းတင်းပင် ယူကရိန်း ပိုင်နယ် တစိတ်တဒေသ ကို ဝင်ရောက်သိမ်းပိုက်ခဲ့သည်။ တရုတ်ကလည်း တောင်တရုတ်ပင်လယ်အား ၎င်းတို့ပိုင် ရေအိုင်ကြီးအလား ထင်တိုင်းကြဲလာခဲ့ကြသည်။

အမေရိကန်ကတော့ စည်းမျဉ်းခံ စနစ်ကြီး ကို ထိန်းသိမ်းရမည့် ကုန်ကျစရိတ် အ တွက် ငြည်းညူလာကြပြီး သူ့တို့ကိုယ်သူတို့ လူပုကလေးများ ၏ ကြိုးနှင့် တုပ်ခြင်း ခံထားရသည့် ‘ဂူလီဗာ” အလား တင်စား ပြောဆိုလာကြသည်။ ၎င်းတို့သည်လည်း ကုလသမဂ္ဂ၏ အခွင့်အာဏာ မပေးပဲနှင့် ဗြိတိန်နှင့် အတူ အီရတ်ကို ဝင်ရောက်ကျူးကျော်ခဲ့ကြပြီး ဖြစ်သည်။ နောက်ပိုင်း ဘာရက် အိုဘာမား သည် နိုင်ငံတည်ဆောက်ရေး ဆိုကာ နိုင်ငံတကာ ရင်ပြင်မှ မသိမသာ ဆုတ်ခွာစပြုလာခဲ့သည်။ လက်ရှိတွင်တော့ ကုလသမဂ္ဂ စနစ်ကြီးကို ဦးဆောင် ဖန်တီးခဲ့သည့် နိုင်ငံ၏ သမ္မတ ဖြစ်သူသည် အဆိုပါ စနစ်ကြီးကို ဖြိုဖျက်ရန် ဝန်ချီစက်ကြီး အပေါ် တက်ထိုင်နေပြီ ဖြစ်သည်။

ကမ္ဘာရာသီဥတု ထိန်းသိမ်းရေး ပဲရစ် သဘောတူညီချက် နှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်မည့် အီရန် နျူကလီးယား သဘောတူညီချက်များ ကို ပေလျကံ ပြုခဲ့သည်။ နေတိုး မဟာမိတ်များ အပေါ် ထားရှိရမည့် ကတိကဝတ်များကိုလည်း လေးစားလိုက်နာခြင်း မရှိတော့။ ကမ္ဘာကုန်သွယ်ရေး အဖွဲ့ကြီးအတွက် ခန့်အပ်ရန် အဆိုပြုထားသည့် တရားသူကြီး အားလည်း ပိတ်ဆို့ပစ်လိုက်ပြန်သဖြင့် လုပ်ငန်းလည်ပတ်မှု များ ရပ်ဆိုင်းသွားခဲ့ရသည်။ ထိုမျှမကသေး အီးယူ ကိုပင် “ရန်သူ” ဟု ခေါ်ဝေါ် သုံးစွဲခဲ့သည်။ မထင်လျှင် မထင်သလို နိုင်ငံများ နှင့် ခေါင်းဆောင်များကို စီးပွားရေး ဒဏ်ခတ်မှုများ အလွန်အကျွံ ပြုလုပ်လာသဖြင့် ဒေါ်လာ အပေါ် မှီခိုနေရမှုကို လျော့ချပြစ်ရန် နိုင်ငံများက ပူးပေါင်းကြံစည်လာနေပြီ ဖြစ်သည်။

ယူနက်စကို နှင့် လူ့အခွင့်အရေး ကောင်စီမှလည်း ယခုထိ နှုတ်မထွက်သေးသည်ကိုပင် တအံ့ တဩ ဖြစ်လာနေကြသည်။ သို့သော် ထိုအဖွဲ့ကြီးများတွင် ပါသည်ဆိုရုံသာ ရှိတော့သည်။ သူ၏ အမေရိကား ပထမဆိုသော အပြောအဆိုများက နိုင်ငံပေါင်းချုပ် အသင်းကြီးတွင် မပါဝင်ရန် လှုံ့ဆော်ပြောဆိုခဲ့ဘူးသည့် အထက်လွှတ်တော် အမတ် ဟင်နရီ ကက်ဘော့ လော့ခ်ျ နှင့် သွားဆင်နေပြီး ရုစဘဲ့ နှင့် ထရူးမင်းတို့၏ နိုင်ငံစုံ ပူးပေါင်းရေး ဝါဒ နှင့် ပြောင်ပြောင်ကြီး ဆန့်ကျင်လျက် ရှိနေသည်။ “အနာဂတ်သည် ဂလိုဘယ်လစ် များ အတွက် မဟုတ် မျိုးချစ်များ အတွက် ဖြစ်သည်ဟု ယမန်နှစ်က ကုလ အထွေထွေ ညီလာခံ တွင် ပြောဆိုသွားခဲ့ပြန်သည်။

ထိုသို့သော အကြောင်းများကြောင့် ကုလသမဂ္ဂ အဖွဲ့ကြီး အဖို့ ၇၅ နှစ်မြောက် စိန်ရတု အတွက် မပျော်ရွှင်ရတော့ပဲ ရင်တမမ နှင့် ဖြစ်လာနေရသည်။ လက်ရှိ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သည် ကုလ သမဂ္ဂ သမိုင်းကို သုံးပိုင်းခွဲခြား ပြခဲ့သည်။ အမေရိကန် နှင့် ဆိုဗီယက်တို့ ကျားကုတ်ကျားခဲ အနိုင်ကြဲခဲ့သည့် စစ်အေးတိုက်ပွဲကာလများကို bipolar ဟု ခေါ်ဝေါ်ခဲ့သည်။ ထိုကာလများအတွင်း ငြိမ်းချမ်းမှု ထိန်းသိမ်းရေး လုပ်ငန်းများတွင်သာ ပါဝင်နိုင်ခဲ့သည်။ ကွန်မြူနစ် ဝါဒ ပြိုလဲသွားပြီးနောက် အမေရိကန် တဦးတည်း ခေါင်းထောင် နိုင်ခဲ့သည့် ကာလများကို ၎င်းက Unipolar ဟု ဆိုသည်။ ထိုကာလတွင် ကုလ၏ မူလရည်မှန်းချက်များကို တက်တက်ကြွကြွ အကောင်အထည် ဖေါ်နိုင်ခဲ့ပြီး ကူဝိတ် လွတ်မြောက်ရေး အတွက် အမေရိကန် ဦးဆောင်သော နိုင်ငံစုံတပ်ကြီးကိုပင် ဖွဲ့စည်း စေလွှတ်နိုင်ခဲ့သည်။ ကမ္ဘာအနှံ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများကို ကာကွယ်နိုင်ရန် Responsibility to protect မူ ကို ချပြနိုင်ခဲ့သည်။

နောက်ပိုင်းတွင် အမေရိကန်သည် အီရတ် နှင့် အာဖဂန်နစ္စတန် နွံအိုင်ကြီး အတွင်း သက်ဆင်းသွားခဲ့ရပြီးနောက် အခြေအနေများ ပြောင်းလဲသွားခဲ့ရသည်။ ကမ္ဘာတဝှမ်းတွင် အမေရိကန်တို့က ၎င်းတို့ လက်ခံထားသည့် တန်ဘိုးများကို အင်အား အသုံးပြု ပြဌာန်းလာနေပြီလားဟု သံသယ များ ဖြစ်ပေါ်လာကြသည်။ ထိုသို့ သံသယ ဖြစ်လာနေမှုများကို အခွင့်ကောင်းယူကာ လက်စားချေရန် အခွင့်အရေး စောင့်နေသော ရုရှား နှင့် စီးပွားရေး အားကောင်းလာသော တရုတ်တို့က အမေရိကန် လူတွင်ကျယ် လုပ်နေမှုကို စိန်ခေါ်လာခဲ့ကြပြီ ဖြစ်သည်။ ထို့အတွက် လက်ရှိ ကာလသည် ပြီးပြတ်ခြင်း မရှိသေး၍ နာမည် မပေးရသေးဟု ဂူတာရက်စ် က ဝန်ခံခဲ့ပြီး ကုလသမဂ္ဂသည်လည်း ၎င်းတို့၏ အားပြိုင်မှု များ တွင် ကြားညပ်လာခဲ့ပြီ ဖြစ်သည်။

အမေရိကန်တို့ တဦးတည်း ဩဇာလွှမ်းမိုးနေ၍ မရ။ မိမိတို့ အတွက်လည်း ဝေစုခွဲပေးရန် တောင်းဆိုလာကြခြင်းပင် ဖြစ်သည်။ တရုတ်သည် ယခင်က တကမ္ဘာလုံး ကုန်ထုတ်လုပ်မှု တွင် ၄% သာ ရှိရာမှ ၁၆% အထိ ရောက်ရှိလာခဲ့သည်။ ၎င်းတို့၏ နည်းပညာ ကုမ္ပဏီများ ဖြစ်သော အလီဘာဘာ၊ တင်းစင့်နှင့် ဟွာဝေးတို့ကလည်း ကမ္ဘာအနှံ့ သို့ ၎င်းတို့၏ လက်တန်ခြေတန်များကို ဆန့်ထုတ်လာခဲ့ကြသည်။ ကမ္ဘာတွင် ပြည်ပပို့ကုန် အများဆုံး တင်ပို့နိုင်သော တရုတ်သည် ယခုအခါ ကမ္ဘာကုန်သွယ်ရေး အဖွဲ့ချုပ်ကြီးအား အမေရိကန်မှ ဖျက်လို ဖျက်ဆီး လုပ်လာနေမှုကို ဒိုင်ခံ အကာအကွယ်ပေးရသူ ဖြစ်လာခဲ့သည်။

ကမ္ဘာ့ဘဏ္ဍာရေး လောကတွင် ဒေါ်လာသည် လွှမ်းမိုးနေဆဲ ဖြစ်သော်လည်း တရုတ် ယွမ်ငွေသည် တဖြေးဖြေး နှင့် နေရာဝင်ယူလာနေပြီ ဖြစ်သည်။ ကမ္ဘာငွေကြေးရံပုံငွေ အဖွဲ့တွင်တော့ တရုတ်သည် နေရာမရသေးပဲ မဲပေးပိုင်ခွင့် ၆% သာ ရှိပေသေးသည်။ သို့သော် အဖွဲ့ကြီး အဖို့ အကျပ်အတည်း ကျနေသော နိုင်ငံများ အား ငွေထုတ်ချေးနိုင်ဖို့ ရုန်းကန်နေရချိန်တွင် တရုတ်တို့အား အားကိုးလာကြသည်။ သက္ကရာဇ် ၂၀၀၀ နောက်ပိုင်း အာဖရိက နိုင်ငံများသို့ စုစုပေါင်း ဒေါ်လာ ၁၄၀ ဘီလီယံ ထုတ်ချေးခဲ့ပြီး ဖြစ်သဖြင့် တရုတ်က မဲပေးပိုင်ခွင့် ရာနှုန်းကို မိမိတို့နှင့် ထိုက်တန်သလောက် တိုးမြှင့်ပေးရန် အရေး ဆိုနေပြီ ဖြစ်သည်။

ထိုသို့ ကမ္ဘာတဝှမ်းတွင် ပြောင်းလဲ ဖြစ်ပေါ်နေမှုများက သံတမန်ရေး နှင့် လုံခြုံ ရေး မျက်နှာစာသို့ ကူးစက်လာနေပြီ ဖြစ်သည်။ ထို့အတွက် ကုလသမဂ္ဂ အဖွဲ့ကြီးသည် လက်ရှိ အင်အားကြီး နိုင်ငံများ ယှဉ်ပြိုင်နေမှုတွင် ဘေးထွက်ထိုင်နေရပြီလော ဆိုသည့် မေးခွန်းက သဘာဝကျစွာ ထွက်ပေါ်လာခဲ့ရပြီ ဖြစ်သည်။ ထိုအတိုင်းဆိုက မကြာမီကာလ အတွင်း နိုင်ငံ ပေါင်းချုပ် အသင်းကြီး သွားရာနောက်သို့ ကောက်ကောက်ပါအောင် လိုက်သွားကြတော့မည်လော။ ထိုသို့ အဖြစ်မခံနိုင် က လက်ရှိ ပိုင်ဆိုင်နေဆဲ ဖြစ်သော အရှိန်အဝါနှင့် လစ်ဘရယ် စရိုက် ကို သုံး၍ ပြုပြင်ပြောင်းလဲမှုများ ကို မရမနေ ပြုလုပ်ပြီး ခေါင်းဆော င်မှု ကို ပြန်လည် ရယူရတော့မည် ဖြစ်သည်။ ပထမဦးစွာ ဗိုင်းရပ်စ် ကာကွယ်ဆေး ထုတ်လုပ်ရေး၊ နိုင်ငံများ စီးပွားရေး ပြန်လည် ဦးမော့ လာရေး နှင့် အန္တရာယ်နှင့် ရင်ဆိုင်နေရသော နိုင်ငံများ ကို အကူအညီပေးရေးတို့ နှင့် စတင်ရမည် ဖြစ်သည်။ ကမ္ဘာတဝှမ်း အငတ်ဘေး သာမက နျူကလီးယား လက်နက်များ ပြန့်ပွားလာမည့် အရေးကလည်း လက်တကမ်းသာ လိုပေတော့သည်။

ကုလသမဂ္ဂသည် လူအနွယ်ဝင်များအကြား လူကြိုက်များနေဆဲပင် ဖြစ်သည်။ လက်ရှိ အစိုးရများထက် ပို၍ ယုံကြည်ခြင်း ခံနေရသည့် အဖွဲ့အစည်းကြီးလည်း ဖြစ်သည်။ အမေရိကန်သည်လည်း လစ်ဘရယ် စည်းမျဉ်းခံ စနစ်ကြီး၏ အလံတော်ကို နောက်တကြိမ် လွှင့်ထူ ပြီး တကျော့ပြန်ဝင်လာနိုင်မည့် အလားအလာကလည်း ရှိနေသည်။ သို့သော် ကမ္ဘာအရေး များတွင် ပတ်သက်ရန် ချီတုံချတုံ ဖြစ်လာခဲ့မှု၊ ကုန်သွယ်ရေး အဖွဲ့ကြီး နှင့် နေတိုး တို့အား စိတ်ပျက်လက်ပျက် ဖြစ်နေမှုများက ထရန့်မတိုင်မီကပင် ရှိနေခဲ့ပြီး ဖြစ်သည်။ ယမန်နှစ်က မြူးနစ် တွင် ပြုလုပ်ခဲ့သော ကမ္ဘာလုံခြုံရေး ဆိုင်ရာ ညီလာခံကြီးတွင် ဂျိုး ဘိုင်ဒင် က “ကျုပ်တို့ ပြန်လာမှာပါ” ဟု ပြောခဲ့သော်လည်း သူ အရွေးခံရလျှင်ပင် လက်ရှိ အနေအထား ကို ပြောင်းလဲမည် မဟုတ်ပဲ ထရန့် မတိုင်မီ ကာလ ကို ပြန်စဖို့သာ ရှိနေပေသည်။

ကုလသမဂ္ဂသည် ယင်း၏ ၇၅ နှစ်မြောက် စိန်ရတု ကြီးတွင် ကမ္ဘာနိုင်ငံများ ဘက်စုံ ပူးပေါင်းရေး မဟာစီမံကိန်းကြီး ကို ဆွေးနွေးရန် ဆန္ဒရှိနေသော်လည်း ကိုဗစ်-၁၉ က နေရာယူသွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ကသောင်းကနင်း ဖြစ်နေမှုများ ကို အခွင့်ကောင်းယူကာ မိမိတို့ အဖွဲ့ကြီး ပိုမို အင်အားကောင်းလာရန် ဖန်တီးနိုင်သေးသည့် အခွင့်အရေးများက ရှိနေဆဲ ဖြစ်သည်။ လက်ရှိ အကျပ်အတည်းကို ကိုင်တွယ်ရန် အပြင် အနာဂတ်အတွက်လည်း အစီအမံများ ပြုလုပ်နို င်သည်။ ပဋိပက္ခ များ မှ ထွက်ပြေးနေရသော ဒုက္ခသည်များ ကယ်တင်ရေးလောက်သာ စိတ်ဝင်စားနေ၍ မလုံလောက်တော့၊ လက်ရှိ ကမ္ဘာခေါင်းဆောင်များကလည်း မိမိတို့ ၏ ယခင် ခေါင်းဆောင်ကြီးများ ၁၉၄၅ ခုနှစ် အတွင်း ကြီးမားစွာ အောင်မြင်မှု ရအောင် လှမ်းခဲ့သည့် ခြေလှမ်းများကို အတုယူသင့်လှပေသည်။

လှစိုးဝေ

Add a Comment

Your email address will not be published. Required fields are marked *

20 + nine =