ကမ္ဘာကြီး ကို မည်သူ စီမံ ခန့်ခွဲ နေသနည်း?

ကမ္ဘာကြီး ကို မည်သူ စီမံ ခန့်ခွဲ နေသနည်း?

ကမ္ဘာတွင် အကျပ် အတည်းကြီး များ ကျရောက်လာတိုင်း အရာရာတိုင်း ကို ရှင်းလင်းမြင်သာစွာ သိခွင့်ရလာခဲ့သည်။ ၂၀၀၈-၀၉ ကမ္ဘာ့ဘဏ္ဍာရေး မျက်ဖြူဆိုက်လာသည့် အခါ ယခင်က ချမ်းသာသော G-7 နိုင်ငံများသာမက စီးပွားရေး အရ အင်အားကြီးလာနေသော G-20 အုပ်စုဝင်နိုင်ငံများ အထိ ကူးစက်လာခဲ့သည်။ အားလုံးသည် စီးပွားရေး နှင့်ပတ်သက်ပြီး မည်မျှ အင်အားကြီးမားစွာ ရိုက်ခတ်လာနိုင်သည် ဆိုသည်ကို စဉ်းစားဆင်ခြင်မိလာကြသည်။

လက်ရှိ ကိုဗစ်-၁၉ ကြောင့် အားလုံး ရှင်းလင်းစွာ နားလည် သွားခဲ့ ရသည့်မှာ ကမ္ဘာတွင် ခေါင်းဆောင်မှု ပျောက်ဆုံးနေပြီ ဆိုသည်ကိုပင် ဖြစ်သည်။ ယခုအခါတွင်တော့ G-20 နိုင်ငံများအဖို့ “အတတ်နိုင်ဆုံး ကူညီသွားမည်” ဟု ပါးစပ်ပြောသည် ထက် ကျော်လွန်ပြီး ဆင်းရဲသော နိုင်ငံများ၏ ကြွေးမြီ ပြန်ဆပ်မှု ဆိုင်းငံ့ပေးရန် ကတိပြု လာခဲ့သည်။ တချိန်က အေအိုင်ဒီအက်စ် နှင့် အီဘိုလာ ရောဂါတိုက်ဖျက်ရေးတွင် ရှေ့တန်းမှ ဦးဆောင်ခဲ့သူ အမေရိကန်သည်လည်း ယခုအခါ ပြည်တွင်းရေး ပြဿနာများနှင့် နပမ်းလုံးနေရပြီ ဖြစ်သည်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ သည်လည်း ဘာမှ လှုပ်ရှားနိုင်ခြင်း မရှိသည် ကိုလည်း အထင်အရှား သိမြင်လာခဲ့ကြရသည်။

အမြဲတမ်း အဖွဲ့ဝင် ငါးနိုင်ငံသည်လည်း အနောက် သုံးနိုင်ငံ နှင့် ရုရှား ၊တရုတ် တို့ အကြား ကွဲပြဲနေပြီး အာဏာရှင် နှစ်နိုင်ငံ တို့ ပေါင်းစည်းနေကြပြီလားဟု သံသယ များ ဖြစ်လာနေကြပြီ ဖြစ်သည်။ ရုရှားသည် ဗီတို ကို မကြာခဏ သုံးလာပြီး တခါတရံ တရုတ်နှင့် ပင် ပူးတွဲ အသုံးချလာခဲ့သည်။ ကိုဗစ်-၁၉ အရေး အတွက် အလျှင်အမြန် ဆောင်ရွက်ရန် မလုပ်နှိုင်ခဲ့ သည့်အပြင် ဧပြီလ အတွင်းမှ ထိုအရေးကို ဆွေးနွေးရန် လူစုနိုင်ခဲ့သည်။ ကုလ အမြဲတမ်း အဖွဲ့ဝင် ငါးနိုင်ငံ အကြီးအကဲ အားလုံး ၇၅ နှစ်မြောက် နှစ်ပတ်လည် အတွက် စုဝေးရန် ပြင်သစ်က လိုလားခဲ့သော်လည်း တဖြေးဖြေး နှင့် မဖြစ်နိုင်မှန်း သိလာခဲ့သည်။

အမေရိကန် နှင့် တရုတ်တို့ ယှဉ်ပြိုင်မှု အပြင်းထန်ဆုံး ဖြစ်လာနေချိန် တွင် ကပ် ရောဂါကြီး ကျရောက်လာခဲ့သည်။ အမေရိကန်ရှိ ပါတီကြီး နှစ်ခု စလုံးက တရုတ်သည် ၎င်းတို့၏ နည်းပညာများကို ခိုးယူရုံမျှမက အမေရိကန်၏ ပွင့်လင်းသည့် စနစ်ကို အခွင့်ကောင်းယူကာ မိမိတို့ ၏ ဦးဆောင်မှု အပိုင်းကို တစတစ ဖြိုဖျက်လာနေပြီဟု ခံယူလာခဲ့ကြသည်။ တရုတ်သည် ပြောင်ပြောင်တင်းတင်း ပင် အမေရိကန် ကို တွန်းထုတ်လာနေပြီး ထိုအရေးအား ဆန့်ကျင်သော နိုင်ငံများကိုပင် ချမ်းသာ မပေးခဲ့ပေ။

ကိုဗစ်-၁၉ ကပ်ရောဂါကြီး၏ လက်သည်ကြီးသည် တရုတ်ဟု အမေရိကန်က အပြစ်ဖို့လာခဲ့ပြီး တရုတ်ကလည်း ထိုအရေးကို ကိုင်တွယ် ဖြေရှင်းရန် တွင် ကမ္ဘာပေါ်တွင် စွမ်းဆောင်ရည် အပြည့်ဝဆုံး အဖြစ် ပုံဖော်လာခဲ့သည်။ ကမ္ဘာကြီးအား ခေါင်းဆောင်မှု ပေးနေခြင်းမှ မည်သို့သော ပုံစံဖြင့် အမေရိကန်တို့ ဆုတ်ခွာ သည် ဖြစ်စေ ယင်းသည် တရုတ်တို့ ခြေကုပ်ဝင်ယူရန် အခွင့်အရေးကို ဖန်တီးပေးလိုက်ခြင်းသာ ဖြစ်သည်။ အမေရိကန်သည် ကမ္ဘာကျန်းမာရေး အဖွဲ့ကြီးအား ရံပုံငွေ ထည့်ဝင်မှု ရပ်ဆိုင်းလိုက်ချိန်တွင် တရုတ်က မိမိတို့မှ ဒေါ်လာ နှစ်ဘီလီယံ ထည့်ဝင်မည်ဟု ပြောလာကြသည်။

သမ္မတ ရှီကျင့်ဖျင်မှ တရုတ်အား နိုင်ငံစုံ ပါဝင်မှု ဝါဒ ချန်ပီယံ ကြီး ဟု ပုံဖော်လာပြီး ကမ္ဘာကြီး၏ အုပ်ချုပ်ရေး စနစ် အား ပြုပြင်ပြောင်းလဲရေးတွင် တက်ကြွစွာ ဆောင်ရွက်နိုင်စွမ်း ရှိကြောင်း စကား စလာနေပြီ ဖြစ်သည်။ အမေရိကန်တို့ ပုံစံထုတ် ချမှတ်ခဲ့သည့် အင်စတီကျူးရှင်းများ၏ အပြင်ဖက်မှ လမ်းကြောင်းများ ဖေါက် ထွင် လာခဲ့သည်။ အာရှ အခြေခံ အဆောက်အအုံများ ရင်းနှီးမြုပ်နှံရေး ဘဏ် ကို တည်ထောင်ကာ ကမ္ဘာဘဏ်၏ လုပ်ငန်းရပ်များ ကို ထိုးဖေါက်ဝင်ရောက်လာခဲ့သည်။ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ ၊တောင်အာဖရိက နှင့် BRICS အုပ်စုကို ဦးဆောင် လာခြင်း၊ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ကြီး ဆိုကာ ရုရှား၊ အာရှ အလယ်ပိုင်း နိုင်ငံများ အပြင် အိန္ဒိယ နှင့် ပါကစ္စတန် တို့ ပါ ဆွဲသွင်းကာ ရှစ်နိုင်ငံ အုပ်စု ကို ထူထောင်လာခဲ့သည်။ ထို့နောက်တွင်တော့ ရှီ သည် သူ၏ ရပ်ဝန်း နှင့် လမ်း စီမံကိန်း များ ကို ချပြလာခဲ့သည်။

အမေရိကန်သည် ကုလသမဂ္ဂနှင့် ပတ်သက်သော ဘဏ္ဍာရေး ပိုင်းတွင် တွန့်တို လာသည်နှင့် အမျှ တရုတ်က ကုလ၏ အထွေထွေ နှင့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းများတွင် ဒုတိယမြောက် ငွေကြေး ထောက်ပံ့သည့် နိုင်ငံ အဖြစ် တက်လှမ်းလာခဲ့သည်။ ကုလသမဂ္ဂရှိ ဥရောပ သံတမန်တဦးက “ပြီးခဲ့တဲ့ ဆယ်နှစ် လောက်က ဆိုဗျာ၊ တရုတ်တွေက သူတို့ကိုယ်သူတို့ အညှောက်ပေါက်စ နိုင်ငံလေး အယောင်ဆောင်ပြီး ခပ်လျှိုလျှိုနေခဲ့ရာက အခု ကုလသမဂ္ဂကို အုပ်ချုပ်ဖို့ ကြံလာကြပြီလေ” ဟု မှတ်ချက်ချခဲ့သည်။

ထိုအရေး အတွက် တရုတ်သည် ထူးချွန်ထက်မြက်သူများကို ရွေးထုတ်ကာ ကုလသမဂ္ဂ ထဲတွင် နေရာချထားပေးပြီး အချိန်ကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့သည်။ ထိုလူများသည် ယခုအခါ ကုလသမဂ္ဂ အေဂျင်စီ ကြီး ၁၅ ခုရှိသည့် အနက် ၄ ခုကို ဦးဆောင်နေကြပြီ ဖြစ်သည်။ အမေရိကန် တို့က အေဂျင်စီ တခုတွင်သာ အကြီးအကဲ နေရာ ရရှိထားသည်။ ထို့အပြင် ကုလစာရွက်စာတမ်းများ တွင် ၎င်းတို့ အလိုကျ လူ့အခွင့်အရေး အဓိပ္ပါယ် ဖွင့်ဆိုချက်များ၊ နိုင်ငံများ၏ အချုပ်အခြာအာဏာ နှင့် ဖွံ့ဖြိုးရေး အား အလေးထားရေး အစရှိသည့် စကားရပ်များကို သွတ်သွင်း လာခဲ့ကြသည်။ နောက်ကွယ်မှလည်း ရှင်ကျန်းတွင် ၎င်းတို့၏ ဖိနှိပ်မှုများကို ကုလ မှ အသံထွက်မလာအောင် နိုင်ငံများကို ချော့တန်ချော့ ခြောက်တန်ခြောက် လုပ်နိုင်ခဲ့ပြန်သည်။

ထိုကဲ့သို့ မဖြစ်စလောက် သော အောင်ပွဲငယ်လေးများစုပေါင်းလာသည့် အခါတွင်တော့ အားလုံးအဖို့ မျက်ခုံးလှုပ်စရာ ဖြစ်လာခဲ့ရသည်။ ဥပမာ အားဖြင့် ၁၅ နိုင်ငံ ပါဝင်သော လုံခြုံရေး ကောင်စီတွင် အနောက်အုပ်စု သည် လုပ်ထုံးလုပ်နည်း ပိုင်းဆိုင်ရာ ကိစ္စများအတွက် လိုအပ်သည့် ၉ မဲ ရရန် နှင့် ၎င်းတို့၏ မိတ်ဆွေ နိုင်ငံများကို ပုံမှန်အားဖြင့် အားကိုးလေ့ရှိသည်။ သို့သော် ၂၀၁၈ မတ်လတွင် အမေရိကန်သည် လူ့အခွင့်အရေး ဆိုင်ရာ ကုလ မဟာမင်းကြီးအား ဆီရီယားတွင် လူ့အခွင့်အရေး ချိုးဖောက်နေမှုများကို လာရောက်ရှင်းလင်း တင်ပြရန် အဆို တင်လာခဲ့သည်။ သို့သော် တရုတ်က နောက်ဆုံးအချိန် ကပ်ပြီး လုံခြုံရေး ကောင်စီ ဝင် အိုင်ဗရီ ကို့စ် အား ဖိအားပေးကာ သူ့ဖက်ပါအောင် လုပ်နိုင်ခဲ့သဖြင့် အမေရိကန်၏ အဆို အရေးနိမ့်သွားခဲ့ရသည်။

တရုတ်တို့၏ ရည်ရွယ်ချက်မှာ အင်အားလွန်နိုင်ငံကြီး အဖြစ် အမေရိကန်ကို ဖယ်ထုတ်ကာ ကမ္ဘာတဝှမ်းရှိ ပြဿနာများ ကို ၎င်းတို့၏ ပုခုံးပေါ် ပြောင်းရွှေ့ တင်ထားရန် ရည်ရွယ်ခြင်း မရှိသော်လည်း ၎င်းတို့ ၏ ထပ်မံ တိုးတက်ရေး လမ်းကြောင်းတွင် အနှောက်အယှက်များကို ဖယ်ရှားလိုခြင်း သာ ဖြစ်သည်။ “တရုတ်ပြည်သူ့ ကုလသမဂ္ဂကြီး” ဖြစ်လာမှသာ ခေါင်းဆောင်တဦးတည်းက အမြင့်ဆုံး အာဏာကို ကိုင်စွဲ အုပ်ချုပ်နေသည့် ၎င်းတို့၏ autocracy သည် လုံခြုံ စိတ်ချမှု ရှိနိုင်မည် ဖြစ်သည်ဟု ခံယူထားသောကြောင့် ဖြစ်သည်ဟု အမေရိကန် တွေးခေါ်မျှော်မြင်ရေး အဖွဲ့တခု ဖြစ်သော Centre for New American Security (CNAS) ၏ ယမန်နှစ်က ထုတ်ပြန်သော အစီရင်ခံစာတွင် ဖေါ်ပြထားခဲ့သည်။ ထိုအရေးကို အမေရိကန်သည် ကာလကြာမြင့်စွာ အရေးမထားပဲ နေခဲ့ရာမှ ယခုအခါ ပြန်လည် တွန်းထုတ်လာနေပြီ ဖြစ်သည်။ ဇန်နဝါရီလ တွင် အမေရိကန်သည် ကုလ တွင် တရုတ်နှင့် အခြားနိုင်ငံများ၏ မလိုလားအပ်သော ဩဇာလွှမ်းမိုးရန် ကြိုးပမ်းလာမှုများကို တန်ပြန်ရန် ဝါရင့် သံတမန်တဦးဖြစ်သော မတ် လမ်းဘတ် ဆိုသူကို သီးသန့် တာဝန်ပေး ခန့်အပ်လာခဲ့သည်။ ၎င်း၏ ကြိုးပမ်းမှု က အောင်မြင်မှု ရလာခဲ့သည်။ မတ်လအတွင်း တရုတ်မှ ကုလ၏ အေဂျင်စီကြီး တခု ဖြစ်သော ဂျီနီဗာ တွင် အခြေစိုက်သည့် ဉာဏ်ပညာ ဖြင့် တီထွင်ထားမှု များ ဆိုင်ရာ အဖွဲ့ကြီးကို ပ ဉ္စမမြောက် အဖြစ် သိမ်းပိုက်ရန် အားထုတ်လာမှုကို ဟန့်တားနိုင်လိုက်သည်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် နိုင်ငံစုံ ပါဝင်သော အဖွဲ့အစည်းများသည် အရေးပါကြောင်းကို အမေရိကန် အစိုးရက အသိအမှတ်ပြုလာခြင်းဟု ဆိုရမည် ဖြစ်သည်။ ထရန့်သည် နေတိုး အဖွဲ့ကြီးအား သူအာဏာမရခင်တုန်းကလို ခေတ်ကုန်သွားပြီ ဟု ပြောဆိုမှုမျိုး မရှိတော့သော်လည်း ကုလ အား ယခုထက်ပို၍ အသုံးချနိုင်ရန် နည်းလမ်း ရှာဖွေဖို့ လိုအပ်နေသေးသည်။ သူ၏စိတ်ထဲတွင် နိုင်ငံတကာဖိုရမ်များသည် စိတ်အနှောက်အယှက် ဖြစ်စရာ သာလာယံ ဇရပ်ကြီး ဟု ယူဆခဲ့သည်။ ထိုသို့သော သဘောထားများကြောင့် မဟာမိတ်များ ထိတ်လန့် တုန်လှုပ်လာပြီး အမေရိကန်၏ ခေါင်းဆောင်မှု အပေါ် အယုံအကြည် ကင်းမဲ့လာကြသည်။

ထို့အတွက် “အလယ်အလတ် အင်အား ရှိ နိုင်ငံများ ဖြစ်သော ပြင်သစ်၊ ဂျာမဏီ၊ နော်ဝေးတို့ က ၎င်းတို့ ကျင့်သုံးနေသော လစ်ဘရယ် စနစ်ကို ကာကွယ်ရန် နည်းလမ်းများ ရှာဖွေလာကြသည်။ တချိန်တည်းမှာပင် နိုင်ငံစုံ ပူးပေါင်းသည့် ဝါဒ ကို ဖေါ်ဆောင်ရန် အချင်းချင်း အုပ်စုဖွဲ့လာကြသည်။

ထရန့်က ပစိဖိတ် ဖြတ်ကျော် အကျိုးတူ ပူးပေါင်းမှု သဘောတူညီချက်ကို ကျောခိုင်းသွားသည့် အခါ ဩစတေးလျှ၊ ဂျပန် နှင့် အခြား ကိုးနိုင်ငံတို့ ပေါင်း၍ အဖွဲ့ ဖွဲ့လာခဲ့ကြသည်။ ကမ္ဘာကုန်ထုတ်လုပ်မှု၏ သုံးပုံတပုံ ခန့် ပိုင်ဆိုင်ထားသည့် အီးယူ နှင့် ဂျပန်တို့လည်း ကုန်သွယ်ရေး သဘောတူညီချက် တခုကို အောင်မြင်စွာ ချုပ်ဆိုနိုင် ခဲ့သည်။ ကာကွယ်ရေးတွင်လည်း ပြင်သစ် သမ္မတ မာကရွန်က အခြား ၁၃ နိုင်ငံကို စုစည်းပြီး ဥရောပ ကုန်းမြေ ကြီး အတွက် မဟာဗျူဟာ မြောက် ကိုယ်ပိုင် ရပ်တည်နိုင်မည့် အစီအမံများ ချပြလာခဲ့သည်။ အာရှ နိုင်ငံများသည်လည်း တရုတ်၏ ငါတကော ကောလာမှုများ တိုးပွားလာနေသဖြင့် အမေရိကန်ကိုလည်း အားကိုးနိုင်မည်လား အပေါ် မရေမရာ ဖြစ်လာကြသဖြင့် ၎င်းတို့ အချင်းချင်း နီးကပ်စွာ ဆက်ဆံလာနေကြသည်။

အလားတူ အင်ဂျီအို အဖွဲ့များနှင့် စီးပွားရေး ခေါင်းဆောင်များလည်း ကိုယ့်နည်းကိုယ်ဟန်ဖြင့် နည်းလမ်းများ ကြံဆလာကြသည်။ ကိုဗစ်-၁၉ အရေးတွင် ပို၍သိသာလာရသည်။ ဘီလ်ဂိတ်၏ ဖေါင်ဒေးရှင်းသည် ကမ္ဘာနိုင်ငံ အစိုးရများ အားလုံးထက် ပို၍ အရေးပါသော ကဏ္ဍမှ လှုပ်ရှားလာခဲ့သည်။ ကမ္ဘာရာသီဥတု ထိန်းချုပ်ရေး ဆိုင်ရာ ပဲရစ် သဘောတူညီချက်ကို ထရန့်က ပေလျကံပြုပြီးနောက် အမေရိကန် ပြည်နယ် အုပ်ချုပ် ရေးမှူးများက အဆိုပါ အရေး အတွက် သီးခြား အစီအစဉ်များ ရေးဆွဲချမှတ်လာခဲ့ကြသည်။ ကာလီဖိုနီယား ပြည်နယ် အုပ်ချုပ်ရေးမှူး ဂျယ်ရီ ဘရောင်းသည် ကမ္ဘာရာသီဥထု ထိန်းချုပ်မှု အကောင်အထည်ဖေါ်ရေး ဆိုင်ရာ ထိပ်သီး အစည်းအဝေး ကို အိမ်ရှင်အဖြစ် ကမကထပြုကာ ကျင်းပလာခဲ့သည်။

အလယ်အလတ် နိုင်ငံများ တက်ကြွလာခဲ့သလို နိုင်ငံငယ်များလည်း လှုပ်ရှား လာခဲ့သည်။ ၎င်းတို့အားလုံး အတူတကွ စုစည်းလာပါက ဩဇာသက်ရောက်မှု ရှိလာနိုင်သည်။ ကုလ သမဂ္ဂသည် အဖွဲ့ဝင်နိုင်ငံအားလုံး ကြီးသည်ငယ်သည် မဟူ တန်းတူ အခွင့်အရေး ရှိသည်ဟူသော မူဖြင့် တည်ထောင်ထားခြင်း ဖြစ်သဖြင့် လူဦးရေ ၁.၄ ဘီလီယံ ရှိသော အိန္ဒိယ လည်း မဲတမဲသာ ပေးပိုင်ခွင့်ရှိပြီး လူဦးရေ ၁၂,၀၀၀ သာရှိသော တူဗာလူ ကျွန်းနိုင်ငံလေးသည် မဲတမဲ ပေးခွင့် ပိုင်ဆိုင်ထားသည်။

၁၉၆၄ တွင် စတင်ဖွဲ့စည်းခဲ့သည့် ၇၇ နိုင်ငံ အုပ်စုသည်လည်း ယခုအခါ အဖွဲ့ဝင် ၁၃၄ နိုင်ငံ ဖြစ်လာပြီး ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ အကျိုးစီးပွားကို ကိုယ်စားပြုရန် အတွက် ဖြစ်သည်။ အဆိုပါ အဖွဲ့သည် တသွေးတည်း တသားတည်း မဟုတ်သော်ငြားလည်း ကုလ အထွေထွေ အတွင်းရေးမှူးချုပ် ရွေးချယ်ရာတွင် ဩဇာလွှမ်းမိုးနိုင်စွမ်း ရှိနေသည်။ ၎င်းတို့ အဖွဲ့၏ ဥက္ကဌ အဖြစ် ပါလက်စတိုင်း ကိုပင် ရွေးချယ်ခဲ့ကြပြီး ဖြစ်သည်။ ဤသည်ကို သဘောပေါက်သည့် အိုဘားမား လက်ထက် ကုလ ဆိုင်ရာ အမေရိကန် သံအမတ် ဆမင်သာ ပါဝါ သည် မြောက်ကိုရီယားမှ လွဲ၍ နယူးယောက်ရှိ ကုလ အဖွဲ့ဝင် နိုင်ငံအားလုံး၏ ရုံးခန်းများကို သွားရောက်လည်ပတ်နိုင်ခဲ့သည်။

ကျွန်းနိုင်ငံငယ်လေးများ မဟာမိတ် အဖွဲ့ ဆိုသည်က လည်း ရှိသေးသည်။ အဆိုပါ နိုင်ငံလေးများသည် အချုပ်အခြာအာဏာ တန်းတူညီမျှဆက်ဆံရေး၊ တနိုင်ငံ ၏ ပြည်တွင်းရေး ကို တနိုင်ငံ မစွက်ဖက်ရေး၊ မကျူးကျော်ရေး အစရှိသည့် နိုင်ငံတကာ ဥပဒေသများကို တပြားသားမျှ အလျော့မပေးပဲ စွဲကိုင်ထားကြသော ကုလ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံ များလည်း ဖြစ်ပေသည်။ လူဦးရေ ၁၁၀,၀၀၀ သာ ရှိသည့် စိန့်ဗင်းဆင့် အင် ဂရင်နာဒင်း ကျွန်းနိုင်ငံလေးသည် ယခုအခါ လုံခြုံရေး ကောင်စီ အဖွဲ့ဝင် ဖြစ်နေလေပြီ။

(ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ဝင်များ အား နှစ်နှစ်တကြိမ် အလှည့်ကျ ရွေးချယ်ရာတွင် အိန္ဒိယ၊ ကင်ညာ၊ မက္ကဆီကို၊ နော်ဝေး နှင့် အိုက်ယာလန် တို့ အား ရွေးချယ် ခဲ့ကြပြီး ဖြစ်သည်။ အဆိုပါ ငါးနိုင်ငံသည် ၂၀၂၁ တွင် ဘဲလ်ဂျီယံ၊ ဒိုမီနီကန် သမ္မတနိုင်ငံ၊ ဂျာမဏီ၊ အင်ဒိုနီရှား နှင့် တောင်အာဖရိက နိုင်ငံများ နေရာ တွင် တာဝန်ယူကြမည် ဖြစ်သည်။ ကျန် ငါးနိုင်ငံ ဖြစ်သော အက်စတိုနီးယား၊ နိုင်ဂျား၊ စိန့်ဗင်းဆင့် အင် ဂရင်နာဒင်း၊ တူနစ်ရှား နှင့် ဗီယက်နမ် တို့သည် ၂၀၂၁ ကုန်အထိ ဆက်လက် တာဝန် ထမ်းဆောင်ကြရမည် ဖြစ်သည်။ — စာရေးသူ)

(၂၀၂၀ ဇွန် လ ၁၈ ရက်နေ့ အီကော်နော်မစ် မဂ္ဂဇင်းမှ “Who runs the world” အား ကိုးကား တင်ပြသည်)

လှစိုးဝေ

Add a Comment

Your email address will not be published. Required fields are marked *

4 × 3 =