မျိုးဆက်ပွား သင်ခန်းစာ နဲ့ မြန်မာ့လူ့အဖွဲ့အစည်း မှာ အမြစ်တွယ်နေ တဲ့ အောက်ပိုင်းပြက်လုံးတွေ

မျိုးဆက်ပွား သင်ခန်းစာ နဲ့ မြန်မာ့လူ့အဖွဲ့အစည်း မှာ အမြစ်တွယ်နေ တဲ့ အောက်ပိုင်းပြက်လုံးတွေ

ကျောင်းခန်း ထဲမှာ မျိုးဆက်ပွား ကျန်းမာရေး သင်ခန်းစာတွေ သင်တာကန့်ကွက်တယ်ဆိုတဲ့သူတွေကိုကြည့်လိုက်။ ခုလိုညစ်တီးညစ်ပတ် ရုပ်ရှင်တွေ၊ အငြိမ့်တွေဆို သူတို့ရှေ့ဆုံးက။ ၂၀၁၈ တုန်းက ရေးထားတာလေး ပြန်တင်ပါတယ်။

ကျနော်မှတ်မိသလောက် လူရွှင်တော်မိုးဒီ နဲ့ မော့စ်တို့နှစ်ယောက်တွဲပြီးနံမည်ကြီးလာတာ ၁၉၈၈ ဝန်းကျင်လောက်ထင်တယ်။ ကျနော်လေးတန်းကျောင်းသားအရွယ်လောက်ပေါ့။ ဘေးခြံကချဲပေါက်လို့ဆိုပြီး ဗီဒီယိုညလုံးပေါက်ပြတော့ မိုးဒီနဲ့မော့စ်အခွေပါတယ်တဲ့။ သူတို့ရဲ့ပြက်လုံးတွေက ညစ်ပတ်လွန်းတယ် ဆိုပြီး ကျနော့်မိဘတွေကသွားမကြည့်ခိုင်းခဲ့ဘူး။

နောက်တနေ့ အဲ့ဒီခြံကကျနော့် သူငယ်ချင်းတွေက မိုးဒီနဲ့မော့စ်ရဲ့ပြက်လုံးတွေကို အော်ကြဟစ်ကြရယ်ကြတော့ ကျနော့်မှာပါးစပ်အဟောင်းသား။ သူတို့ပြောနေကြတဲ့စကားလုံးအဓိပ္ပါယ်တွေကို သေသေချာချာနားမလည်ပေမယ့် ညစ်တီးညစ်ပတ်တွေမှန်းတော့ ခန့်မှန်းမိခဲ့တယ်။

မိန်းကလေးတစ်ယောက် ရဲ့နောက်ပိုင်းအလှကို “အိုး”လို့ခေါ်ကြတဲ့ဘန်းစကားက ကျနော်တို့ရှစ်တန်းကျောင်းသားအရွယ်လောက်မှာစပေါ်တယ်။ ရှင်းရှင်းပြောရရင်တော့ ဖင်ပေါ့။ အိုးကောင်းတယ်ဆို ဖင်လှတယ်။ ဒါပဲ။ ဒါပေမယ့် အဲ့ဒီ အိုး ဆိုတဲ့စကားလုံးဟာ အရမ်းကိုညစ်ညမ်းလွန်းတယ် လို့အားလုံးကသတ်မှတ်ထားကြတယ်။ ယောက်ျားလေးအချင်းချင်းတိုးတိုးတိတ်တိတ်ပြောကြချိန်ကလွဲလို့ လူရှေ့သူရှေ့မှာအဲ့ဒီစကားလုံးကိုမသုံးခဲ့ကြဘူး။

၂၀၀၆ လောက်ကထင်တယ်။ ဘီယာဆိုင် တစ်ဆိုင်မှာ Dancer မလေးတွေကတဲ့သီချင်းက အိုးလေးလှုပ်ပါဟေ့တဲ့။ စကြားကြားချင်း မူးနေတာတောင်ပြေချင်သလိုလိုဖြစ်သွားတယ်။ ဟင် ငါနားကြားများလွဲသလားပေါ့။ ဒီ အိုး ဆိုတဲ့စကားလုံးက သီချင်းထဲတောင်ထည့်ဆိုနေပြီလား။ သို့ပေသိ အကမယ်လေးတွေ ကလည်း သီချင်းထဲကအတိုင်း လှုပ်ပါဟေ့ဆိုတာနဲ့ လှုပ်လှုပ်ပြနေတော့လည်း ကောင်းပါတယ် ကျေနပ်ပါတယ်ပေါ့။ ဘီယာဆိုင်ဆိုတော့လည်း သူ့အရပ်နဲ့သူ့ဇာတ်ပေါ့လေ။

အဲ့ဒီသီချင်းခွေထွက်လာပြီးနံမည်ကြီးလာတော့မှ ဪ ငါကဘီယာဆိုင် မှာဖွင့်တာလောက်ကိုရှော့ရနေတာ။ တကယ်တမ်းကျတော့ တိုင်းသိပြည်သိဆိုနေဖွင့်နေကြတာပါလား။ သီချင်းစာသားထဲမှာတော့ ကောင်မလေးတွေရေခပ်ဆင်းတာ ဘာညာနဲ့ အိုးဆိုတဲ့အဓိပ္ပါယ်ကိုဝေဝေဝါးဝါးထည့်ရေးထားပေမယ့် ဘယ်အိုးကိုလှုပ် ခိုင်းတယ်ဆိုတာ အားလုံးသိကြတယ်။

သုံးလေးနှစ် အရွယ် ကလေးပေါက်စနမလေးကိုလည်း အဲ့ဒီသီချင်းနဲ့လှုပ်လှုပ်ပြီးကခိုင်းကြတယ်။ အဆိုးဆုံးကတော့ ဘုရားလှည့်ရင်၊ အလှူခံထွက်ရင် လော်ကိုအသံကုန်ဖွင့်ပြီး အိုးတွေလှုပ်နေကြတာပါပဲ။ ခုတော့လည်း အိုးဆိုတာ ဘာလဲစကားတတ်ကာစကလေးပါ သိကုန်ကြပါပြီ။ အိုးဆိုတာ ဖင်ပဲ။ တောင်တောင်အီအီလျှောက်မတွေးနဲ့။ ဘာမှညစ်တီးညစ်ပတ်မပါဘူး။ ဒါပဲ။

လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်လောက်ကနံမည်ကြီး ခဲ့တဲ့ အမျိုးသမီးအဆိုတော်တစ်ယောက်ရဲ့သီချင်းနံမည်က “ကြပ်တယ်” ဆိုလား၊ “အသက်ရှူကြပ်တယ်”ဆိုလားပဲ။ အထဲကသီချင်းစာသားတွေကတော့ဘယ်လိုလဲသေချာမသိပေမယ့် အဆိုတော်မမရဲ့ အဲ့ဒီကြပ်တယ်ဆိုတဲ့စကားလုံးကိုဆိုထားတဲ့အသံက ပုရိသတွေရဲ့ကာမဂုဏ်ကိုနိုးကြွစေတယ်ဆိုပြီး ဆူဆူညံညံဝေဖန်ခဲ့ကြတယ်။ ခုချိန်ပြန်စဉ်းစားကြည့်တော့ အဲ့ဒီခေတ်ကလူတွေကပဲ ဆန်းဆန်းတင့်လွန်းနေကြတာလား။ ခုခေတ်လူတွေကပဲ လွတ်လပ်ပွင့်လင်းနေကြတာလား မပြောတတ်တော့။

လွန်ခဲ့တဲ့သုံးလလောက်က ကျနော့်လုပ်ငန်းကဝန်ထမ်းတွေ နဲ့ချောင်းသာကိုခရီးထွက်တော့ အိပ်စ်ပရက်ကားနှစ်စီးနဲ့။ ဟိုဘက်ကားတော့မသိဘူး။ အပြန်ခရီးမှာ ဒီဘက်ကားပေါ်ကဖွင့်တဲ့အငြိမ့်ခွေတစ်ခွေဟာ စလယ်ဆုံးခါးအောက်ပိုင်းပြက်လုံးတွေချည်းပဲ။ အဓိပ္ပါယ်နှစ်ခွထွက်တဲ့စကားလုံးတွေတောင်မဟုတ်ဘူး။ ယောက်ျား မိန်းမမျိုးပွားအင်္ဂါကို တစ်တစ်ခွခွကိုပြောပြီးပြက်လုံးပြက်ထားကြတယ်။

မောင်နဲ့နှမ၊ သားနဲ့အမိဆိုတာခဏထား။ ကိုယ့်ဘေးနားထိုင်နေတဲ့ကိုယ့်မိန်းမကိုတောင် မျက်နှာပူရတယ်။ ဒါအနုပညာတဲ့လား။ အဆင့်အတန်းခွဲပြောတာတော့မဟုတ်ဘူး။ ကားပေါ်ပါလာတဲ့ဝန်ထမ်းအများစုက နေ့စားဝန်ထမ်းတွေ၊ ပညာအရည်အချင်းနိမ့်ပါးတဲ့သူတွေများတယ်။ သူတို့ကတော့ ရယ်လိုက်ကြတာဝက်ဝက်ကွဲ။ ပါးစပ်ကိုမပိတ်ကြဘူး။

မျက်နှာပူတာတွေ၊ အမြင်မတော်အကြားမတော်တာတွေ သူတို့မသိကြဘူး။ သူတို့ရဲ့ဉာဏ်ရည်နဲ့ကိုက်ညီတဲ့ပြက်လုံးဟာ သူတို့အတွက်တော့ အနုပညာမြောက်နေတာပဲ။ ကျနော်ကတော့ မျက်နှာရောနားပါပူလွန်းလို့ ဖုန်းနဲ့သီချင်းဖွင့်၊ နားကြပ်ကောက်တပ်ပြီးအိပ်လိုက်ရတယ်။

တလောကမြင်လိုက်ပါရဲ့။ ဟာသရုပ်ရှင်ကားတစ်ကားရဲ့နံမည်က “မာကြီးရှည်”တဲ့။ ပိုစတာမှာ မင်းသားမင်းသမီးတွေက ငှက်ပျောသီးကြီးကိုခွစီးပြီးတော့။ မြန်မာသံအဆိုတော်မလေးတစ်ယောက်ရဲ့သီချင်းက “ရှင်မတောင်နဲ့ ထုလိုက်မယ်” တဲ့။ ကဲ။

စာသမားကစာလိုတွေးပြီး နှာသမားကနှာလိုတွေးမှာပဲ။ ကိုယ်သန်ရာသန်ရာဆွဲမပြောနဲ့လို့တော့ လာမပြောပါနဲ့။ ဘယ်အဓိပ္ပါယ်ကိုပေါက်စေချင်လို့ ဒီလိုနံမည်တွေပေးတယ်ဆိုတာ မြန်မာစာ၊ မြန်မာစကားတတ်တဲ့ အရွယ်ရောက်ပြီးသူတိုင်းနားလည်ကြပါတယ်။

ခုရက်ပိုင်းတွေ့နေရတဲ့ ဟာသရုပ်ရှင်ကားနံမည်က မင်္ဂလာ ကုတင်တဲ့။ နံမည်ကြားကတည်းက အောက်တန်းကျတဲ့ဟာသတွေလာတော့မယ်ဆိုတာမှန်းမိပြီးသား။ ပိုဆိုးသွားတာက အဲ့ဒီရုပ်ရှင်ကိုဖေ့စ်ဘွတ်မှကြော်ငြာတဲ့စာသားပဲ။ “မင်္ဂလာဦးည၊ ကြမ်းတယ်၊ ကုတင်ကျိုးကျ” ဒီလိုအညှီအဟောက်စကားလုံးတွေနဲ့အတန်းရှင်းယူထားတယ်။ လူစိတ်ဝင်စားအောင်ရေး ထားတယ်။ ဝေလသီချင်းထဲကလိုဆိုရရင်တော့ ဒါလားအနုပညာ၊ လျှောက်ပြီးဖောနေတာပဲ။

ပေါကား၊ ပေါကားလို့လူတွေဝိုင်းအော်နေကြတဲ့ မြန်မာဟာသကားတော်တော် များများမှာ ခါးအောက်ပိုင်းကနေမတက်တဲ့ အပေါစားဒိုင်ကြောင်တွေအများကြီးပါပါတယ်။ ရိုက်တဲ့သူရှိလို့ပဲကြည့်ကြည့်၊ ကြည့်တဲ့သူရှိလို့ပဲရိုက်ရိုက် အဆင့်အတန်းနိမ့်ကျတာကတော့အမှန်ပါပဲ။ ကဲ ဒါဆို အညှီအဟောက်မပါရင် ဟာသမဟုတ်တော့ဘူးလား။ မလုပ် တတ်ကြတော့ဘူးလား။

ကျနော်သိပ်သဘောကျတဲ့ ကာတွန်းဆရာကြီးမောင်စိန်ရဲ့ကာတွန်းလေးတွေ ကို နမူနာပြောပြပါ့မယ်။ ဒူးလေးချိတ်ပြီးဇိမ်နဲ့နှပ်နေတဲ့ယောက်ျားက သူ့ရှေ့ကနေရေပုံးကြီးမနိုင်မနင်းဆွဲသွားတဲ့မိန်းမကိုလှမ်းပြောတယ်။ “မိန်းမရာ၊ မင်းအခုလိုပင်ပင်ပန်းပန်းအလုပ်လုပ်နေတာ ငါမကြည့်ရက်ဘူး။ နောက်တခါငါ့နောက်ကသွားကွာ” တဲ့။

နောက်တစ်ခု။ အလှတွေသိပ်ပြင်လွန်းတဲ့အသက်ကြီးကြီးမိန်းမ ကို ယောက်ျားကလှမ်းပြောတယ်။ “မိန်းမရယ်။ အလှတွေသိပ်မပြင်ပါနဲ့။ ငါနောက်မိန်းမယူမိလိမ့်မယ်”တဲ့။ နောက်တစ်ခု။ အဖိုးကြီးတစ်ယောက်က သူ့မိန်းမကိုတွေးတွေးဆဆပြောနေတဲ့ပုံ။ “မသေခင်တော့ ချစ်ချစ်ခင်ခင်လေးနေသွားချင်တယ်ကွာ။ နောက်မိန်းမနဲ့” တဲ့။ ကဲ။ ယောက်ျားနဲ့မိန်းမသဘာဝအကြောင်းဟာသတွေပဲ။ ဖိုမကိစ္စပဲ။ ဘာများညစ်တီးညစ်ပတ်ပါလို့လဲ။

ကျနော့် အသက် ၃၉နှစ်ရှိပါပြီ။ ခေတ် ကိုမျက်ခြေမပြတ်အောင် တတ်နိုင်သလောက်နေထိုင်ပါတယ်။ ဘဝကို ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းပါတယ်။ ပြောချင်တာက အရမ်းခေတ်နောက်ကျနေတဲ့၊ ခေတ်နောက်ပြန်ဆွဲနေတဲ့ အန်းတိတ်ဘီးကြဲကြီးတော့မဟုတ်ပါဘူး။

ဒါပေမယ့် အနုပညာစစ်စစ်ကိုတော့ ခံစား တတ်ပါတယ်။ ခံစား ချင်ပါတယ်။

Okka Kyi Win (7.8.2018)