စိတ်ကုန်တဲ့ အထိ ချစ်ပစ် လိုက်ပါ

စိတ်ကုန်တဲ့ အထိ ချစ်ပစ် လိုက်ပါ

ချစ်ခြင်း သက်တမ်းတစ်လျှောက်လုံး နားလည်မှုပေးပြီး ချစ်ခဲ့ပေမဲ့ အကြိမ်ကြိမ်ဖောက်ပြန်နေတော့ မခံစားနိုင်တော့ဘူး လို့ ဆိုတဲ့ အမျိုးသမီတွေ အများကြီး တွေ့ရပါတယ်။

ကိုယ်ချစ်သလိုပြန် အချစ်မခံရတာထက် ဖောက်ပြန်ခံရတာ ကို အမျိုးသမီးတွေအနေနဲ့ လက်ခံနားလည်ပေးဖို့လည်း ခက်ခဲပါတယ်။ ကိုယ့်ချစ်သူ ခင်ပွန်းတစ်ယောက်တည်းကိုပဲ ဘဝလို့ လက်ခံယုံကြည်ယူဆထားတဲ့ အမျိုးသမီးတွေအတွက်ကတော့ သူ့ရင်ခွင်မှာ ကိုယ့်အပြင်အခြားတစ်ယောက်ရှိနေတယ်ဆိုတာကို လက်ခံ နားလည်ပေးဖို့ ခက်ခဲပါတယ်။

ဒါပေမဲ့ ချစ်တဲ့စိတ်၊မပြတ်သားနိုင်တဲ့စိတ်၊ပြောင်းလဲလာမလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ တစ်ကြိမ်ဖောက်ပြန်၊ နှစ်ကြိမ်ဖောက်ပြန်တာကို ခွင့်လွှတ်ပေမဲ့ အကြိမ်ကြိမ်ဖြစ်လာတဲ့အခါ စိတ်ဓါတ်တွေကျ လမ်းတွေပျောက်ပြီး ဘာလုပ်လို့လုပ်ရမှန်းမသိလည်း ဖြစ်တတ်ပါတယ်။

ကိုယ့်က အမှန်အကန်ချစ်လျက်နဲ့ သည်းခံခွင့်လွှတ်ပေးခဲ့ပါလျက် နဲ့ တစ်ကြိမ်မက ဖောက်ပြန်နေတဲ့သူကို ပြတ်ပြတ်သားသားနဲ့ လမ်းခွဲထားပစ်ခဲ့ချင်တယ်ဆိုရင်သူ့အပေါ် စိတ်ကုန်သွားတဲ့အထိ ချစ်ပစ်လိုက်ပါ။

သူမပြောင်းလဲနိုင်တာ သေချာနေပါပြီ၊အဲဒါကြောင့် ကိုယ့်ဘက် ကနေ ပြောင်းလဲဖို့ ကြိုးစားသင့်ပါတယ်။ကိုယ့်ဘက်ကနေ သူ့ကို အစွမ်းကုန် ချစ်ခဲ့ပြီးပြီ သူ့ကို သည်းခံပေးခဲ့ပြီးပြီ နားလည်ပေးခဲ့ပြီးပြီ နောက်ဆုံး ဖောက်ပြန်မှုတွေကို ခွင့်လွှတ်ပေးခဲ့ပြီးပြီးဆိုရင် သူ့ကို စိတ်ကုန်ဖို့အတွက် လုံလောက်ပါပြီ။ လမ်းခွဲဖို့အတွက် ပြင်ဆင်လိုက်ပါ။

သူနဲ့ ရန်မဖြစ်ပါနဲ့တော့။ သူ့ရဲ့ ဖောက်ပြန်မှုတွေနဲ့ပတ်သက်ပြီး ထပ်မမေး ပါနဲ့တော့၊ ထပ်ပြီးတော့လည်း မစုံစမ်းပါနဲ့တော့။ သူ့အတွက် မျက်ရည်ကျနေတာကို ရပ်လိုက်ပါတော့။

ပြီးရင် သူ ကိုယ့်အပေါ် ပြုခဲ့တဲ့ ကိုယ်နာကျင်ခဲ့ရတာတွေ ဝမ်းနည်း ခဲ့ရတာတွေကို စာအုပ်တစ်အုပ်ထဲမှာ အကုန်ချရေးလိုက်ပါ၊ မှတ်မိနေပါလိမ့်မယ်။ ကိုယ်ဝမ်းနည်းနေချိန်မှာ သူ လျစ်လျူရှူခဲ့တာ ကိုယ့်မျက်ရည်ကို အလေးမထားဘဲ ပစ်ထားခဲ့တာကစ အားလုံး ချရေးပါ။

ပြီးရင် သူ့ရဲ့ မကောင်းတဲ့အကျင့်တွေကိုလည်း ချရေးပါ။ ပါးစပ်နံတာက စလို့ လက်တွေ ညစ်ပတ်တာထိ အကုန်ရေးပါ။အဲဒါကို နေ့တိုင်း ဖတ်ပါ။ စိတ်ကုန် စိတ်ပျက်လာပါလိမ့်မယ်။

အဲဒီအချိန်မှာ လုပ်ရမှာက သူ မရှိဘဲနဲ့ ရှေ့ဆက်မဲ့ ကိုယ့်ခရီးအတွက် ပြင်ဆင်ပါ။

အလုပ်မရှိသေးရင် အလုပ်လုပ်ပါ။ အလုပ်ရှိတယ်ဆိုရင် အဲဒီအလုပ်ကနေ ရာထူး၊ ဝင်ငွေ တိုးတက်အောင် ကြိုးစားအားထုတ်လိုက်ပါ။

သူ့မပါတော့တဲ့ ခရီးကို ကျော့ကျော့မော့မော့လှလှပပ သွားနိုင်ဖို့ လေ့ကျင့်ခန်းတွေ လုပ်ပြီး အလှအပနဲ့ ကျန်းမာရေးကို ဂရုစိုက်ပါ။အသားအရည်အတွက် အစားအသောက်နဲ့ အိပ်ချိန်ကို ဂရုစိုက်ပါ။ စိတ်ထိန်းချုပ်နိုင်ဖို့ နေ့စဉ် တရားထိုင်ပါ။

အဲဒီလိုနဲ့ ကိုယ့်စိတ်ထဲ ပြတ်သားနိုင်ပြီ။ ကိုယ့်ဟာကိုယ်တစ်ယောက်တည်း အေးအေးဆေးဆေးနေနိုင်ပြီ ဆိုရင်တော့သူ့ကို နှူတ်ဆက်ဖို့ အချိန်ရောက်ပါပြီ။

သူ့ကို နှုတ်မဆက်ခင် ၁ လ သို့မဟုတ် ၁၅ ရက်လောက်မှာ သူ့အတွက် နောက်ဆုံးအနေနဲ့ အကောင်းဆုံး ဆက်ဆံပြုမူပေးခဲ့လိုက်ပါ။ အဲဒီရက်တွေမှာ လှလှပပ ပြင်ဆင်ပါ၊ ချိုချိုသာသာပြောပါ။ သူဘာပဲ လုပ်လုပ် သည်းခံခြင်းနဲ့သာ တုန့်ပြန်ပါ။ အပြုံးအေးအေးလေးနဲ့သာ တုန့်ပြန်ပါ။ အမျိုးသားတွေ တပ်မက်တတ်တဲ့ အကြည့်၊အပြုံး၊အသံ၊အမူအယာ ၊လိင်စွဲဆောင်မှု၊ နားလည်သိတတ်မှု စတာတွေ အားလုံး ပေးပစ်ခဲ့ပါ။ ပြီးမှ နှုတ်ဆက်ပြီး ထားခဲ့လိုက်ပါ။

ထားပစ်ခဲ့ချိန်ကစပြီး သူ့အကြောင်း လုံးဝ မစဉ်းစားပါနဲ့တော့၊ သူ့ဘယ်လိုနေခဲ့သလဲ ဆိုတာလည်း မသိချင်ပါနဲ့၊ သူနဲ့လည်း လုံးဝကို အဆက်သွယ်ဖြတ်ပစ်လိုက်ပါ။ သူ့အကြောင်း ဘာကြောင့်မှ မတွေးပါနဲ့တော့။ သူ့အကြောင်း ကြားရနိုင်တဲ့ သူတွေကိုလည်း ရှောင်နေလိုက်ပါ။ သူနဲ့ပတ်သက်ခဲ့သမျှ အရာရာကို ထားပစ်ခဲ့ လိုက်တော့။

ကိုယ်က အစွမ်းကုန် ချစ်ပေးခဲ့တဲ့အတွက် သူ့ကို ထားခဲ့ရတာ ကိုယ့်အတွက် နောင်တဆိုတာ မရှိတော့ဘူး။ ဒါပေမဲ့ သူကတော့ ကိုယ်သူ့ကို ချစ်ပေးခဲ့တာတွေ နားလည်ပေးခဲ့တာတွေ သည်းခံပေးခဲ့တာတွေ ခွင့်လွှတ်ခြင်းရဲ့ တန်ဖိုးတွေ အားလုံးကို ကိုယ်မရှိတော့ဘူး ဆိုတဲ့ အချိန်ကျမှ သူ သိလာရတော့မှာပါ။

သူ့ဘေးမှာ ကိုယ်က အနွံတာခံခဲ့တာ၊ သူ့ကို ဂရုတစ်စိုက် ချစ်ပေးခဲ့တာတွေ ၊ သူ့ကို ယုံကြည်ပေးခဲ့တာ၊ သည်းခံနေခဲ့ပေးတာတွေကို ပြန်မြင်လာပြီး ခံစားနေရအုံးမှာ
အချိန်တွေ ကြာလာတာနဲ့အမျှ နောင်တတွေ တစ်ပွေ့တစ်ပိုက်နဲ့ အကြီးမားဆုံးဆုံးရှုံးရမှာ ချစ်ပေးခဲ့တဲ့ ကိုယ်မဟုတ်တော့ပါဘူး။

အမျိုးသားအများစုက သူတို့ဘေးမှာ ရှိနေတဲ့ ဂရုတစိုက်နဲ့ချစ်ပေးနေတဲ့ အမျိုးသမီးထက် သူတို့ အဝေးမှာ ရှိနေတဲ့ အမျိုးသမီးကို ပိုစိတ်ဝင်စားတတ်ပါတယ်။ အဲဒါကပဲ သူတို့ကို တစ်ကယ်ချစ်တဲ့ အမျိုသမီးတွေကို သူတို့ဆုံးရှုံးသွားရတာပါ။

သူ့အာရုံထဲမှာလည်း သူ့ကြောင့် မျက်ရည်ရွှလဲဖြစ်ခဲ့ရတာတွေ မစားနိုင်မသောက်နိုင်ဖြစ်ခဲ့ရတာတွေထက်၊သူ့ကို နောက်ဆုံးနှုတ်ဆက်ခဲ့ချိန်က ကိုယ့်ရဲ့ ယုံကြည်မှုရှိရှိနဲ့ လှလှပပ ပြုံးနေနိုင်တဲ့ပုံရိပ်ကို သူတော်တော်နဲ့ ဖျောက်ရခက်နေပါလိမ့်မယ်။

ကိုယ့်ကိုတစ်ကယ်ချစ်ပေးတဲ့သူကိုလက်လွှတ်ဆုံးရှုံးလိုက်ရတဲ့သူတွေပဲ နောင်တဆိုတာ ရတတ်တာပါ။

အချစ်နဲ့အိမ်ထောင်ရေး ရင်ဖွင့်တိုင်ပင်ချင်တယ်ဆိုရင် ဖုန်း ၀၉ ၈၉၉ ၆၆၆ ၈၉၄ ကိုဆက်သွယ်နိုင်ပါတယ်။

မေတ္တာဖြင့်

မေသြင်္ကန်ဟိန်(မြစ်မခ)

Add a Comment

Your email address will not be published. Required fields are marked *

18 − fourteen =