ကျောင်းတွေ ပြန်ဖွင့်ဖို့ ဆိုတာ ရေရှည် မှာ အနည်းဆုံး ထိခိုက်နိုင် တဲ့ “မျှတ တဲ့ စွန့်စားမှု” ပါတဲ့

ကျောင်းတွေ ပြန်ဖွင့်ဖို့ ဆိုတာ ရေရှည် မှာ အနည်းဆုံး ထိခိုက်နိုင် တဲ့ “မျှတ တဲ့ စွန့်စားမှု” ပါတဲ့

ကိုဗစ်ကပ်ရောဂါကာလအတွင်းမှာ ကျောင်းတွေ ပြန်ဖွင့်သင့်သလား…

ဒိန်းမတ်နိုင်ငံမှာ ကျောင်းတွေဟာ ပုံမှန်အသစ်နဲ့ ပြန်နေနေကြပါပြီ။ မတူညီတဲ့ အတန်းတွေက ကျောင်းသားတွေ အတွက် သီးခြားဝင်ပေါက်ကနေ ဝင်ပြီး သက်ဆိုင်ရာ စာသင်ခန်းတွေကိုသွားဖို့ တလမ်းသွားစနစ် (one way system) ကို ဖန်တီးထားပေးခြင်းဖြင့် ၎င်းတို့ဟာ လှေကား၊ စင်္ကြန်တွေမှာ အခြားကျောင်းသားတွေနဲ့ ထိတွေ့မိမှာ မဟုတ်ပါဘူး။ စာသင်ခန်းထဲရောက်ပြီးရင်လည်း ကလေးတယောက်စီဟာ စာသင်ခုံ ၂ ခုံရမှာဖြစ်ပြီး တယောက်နဲ့တယောက် ၂ မီတာ အကွာအဝေးမှာ ရှိနေမှာ ဖြစ်ပါတယ်။

ပြီးတော့ သူတို့အားလုံးဟာလည်း လက်ဆေးဖို့ကို အများကြီး အလေ့အကျင့် ရနေပါပြီ။ အားလပ်ချိန်တွေမှာတော့ ဒိန်းမတ်ရဲ့ ကျောင်းဆရာ/ ဆရာမတွေက ကလေးတွေ ၂ မီတာစည်းကမ်းကို လိုက်နာမှု ရှိ၊ မရှိ လိုက်စစ်ရပါတယ်။ သည်စနစ်အသစ်ဟာ စံပြဖြစ်တယ်လို့ ဘယ်သူမှ ငြင်းခုန်နေမှာ မဟုတ်ပေမယ့် ဒါက အလုပ်ဖြစ်ပါတယ်။

သည်ကနေ့မှာတော့ ဘယ်လ်ဂျီယမ်ဟာ ဒိန်းမတ်လို လိုက်လုပ်ပြီး တင်းကြပ်တဲ့ စည်းကမ်းတွေ နဲ့အတူ မူလတန်းနဲ့ အလယ်တန်းကျောင်းတွေကို ပြန်ဖွင့်နေပါပြီ။ ဒါပေမဲ့ အခြားနိုင်ငံတွေမှာ အထူးသဖြင့် ပြင်သစ်နဲ့ အင်္ဂလန်မှာတော့ ကျောင်းသားတွေ စာသင်ခန်းကို ပြန်လာဖို့အရေးနဲ့ ပတ်သက်လို့ အငြင်းပွားနေကြဆဲ ဖြစ်ပါတယ်။

ဗြိတိန်မှာ သမဂ္ဂတွေနဲ့ အစိုးရသိပ္ပံဆိုင်ရာ အကြံပေးတွေအကြား ဆွေးနွေးမှုတွေ ကို သောကြာနေ့က ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အစည်းအဝေးကနေ ဆုံးဖြတ်ချက်တွေ မချမှတ်နိုင်ခဲ့သလို အစိုးရရဲ့ အစီအစဉ်တွေကို ဝေဖန်မှုတွေနဲ့ အဖြေထက် မေးခွန်းထုတ်တာက ပိုများနေခဲ့ပါတယ်။

ဆရာ/ ဆရာမတွေဟာ ကျောင်းသားတွေအကြား ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့် ပွားမှုကနေ တခြားကျောင်းသားတွေ၊ မိသားစုဝင်တွေကို ကူးစက်စေမှာကို စိုးရိမ်နေကြပါတယ်။ ပြီးတော့ ငယ်ရွယ်တဲ့ကလေးတွေကို တဦးနဲ့တဦး စိတ်ချရတဲ့ ဝေးကွာတဲ့အနေအထား (safe distance) မှာ ထား ဖို့ မဖြစ်နိုင်ကြောင်း ဆိုကြပါတယ်။

ယူကေအစိုးရဟာ စွန့်စားမှုတွေရှိကြောင်း လက်ခံပါတယ်။ ကက်ဘိနက်ဝန်ကြီးနဲ့ ပညာရေးဝန်ကြီးဟောင်းဖြစ်သူ Michael Gove က ပြီးခဲ့တဲ့ သီတင်းပတ်က ပြောခဲ့ရာမှာ ကိုရိုနာဗိုင်းရပ်စ် လုံးဝ မကူးစက်စေမယ့် တခုတည်းသော နည်းလမ်းက အိမ်မှာပဲ လုံးလုံးလျားလျား နေဖို့ပဲ၊ တင်းကြပ်မှုကနေ နည်းနည်းလျော့တာနဲ့ ကူးစက်နိုင်ချေက အမြဲတမ်း ရှိနေတာပဲလို့ ပြောခဲ့ပါတယ်။

ကျောင်းတွေက အန္တရာယ်ကင်းတယ်လို့ တချို့က စောဒက တက်ကြပါတယ်။ အမျိုးသား ကာကွယ်ဆေးထိုးသုတေသနနဲ့ စောင့်ကြည့်လေ့လာရေးဌာနကနေ နယူးဆောက်ဝေးလ်စ်က ကျောင်းတွေမှာ ပြုလုပ်ခဲ့တဲ့ စာတမ်းအရ ကလေးတွေဟာ ကျောင်းတွေမှာ သို့မဟုတ် လူထုထဲမှာ COVID-19 ရောဂါ အဓိကဖြစ်အောင် မောင်းနှင်တဲ့ အုပ်စုမဟုတ်မပါဘူး။ ကလေးတွေကနေ အချင်းချင်းကိုရော လူကြီးတွေကိုပါ ကူးစက်ပျံ့နှံ့မှုက အကန့်အသတ်နဲ့ပဲ ဖြစ်တဲ့အတွက် အဆိုပါအဖွဲ့ရဲ့ တွေ့ရှိချက်တွေဟာ အခြားလေ့လာချက် စာတမ်းတွေနဲ့ တူညီပါတယ်။ ကိုရိုနာဗိုင်းရပ်စ်အသစ်နဲ့ ပတ်သက်လို့ အချက် အလက်တွေ၊ သက်သေအထောက်အထားတွေ အများကြီး ရလာပေမယ့် သည်ကနေ့အချိန်ထိ အပြီးသတ်အဖြေက မရသေးပါဘူး။

ဒါပေမဲ့ နိုင်ငံအားလုံးကတော့ ကျောင်းတွေကို ပြန်ဖွင့်ခွင့် မပြုသေးပါဘူး။ ဥပမာ- အီတလီက ကျောင်းသားတွေဟာ စက်တင်ဘာလအထိ ကျောင်းကို ပြန်မသွားနိုင်ကြပါဘူး။ ယူကေမှာတောင် မြောက်အိုင်ယာလန်နဲ့ စကော့တလန်တို့ဟာ အင်္ဂလန်ရဲ့ လမ်းစဉ်ကိုမလိုက်ဘဲ နွေရာသီကုန်တဲ့အထိ စောင့်ဆိုင်းဖို့ ရွေးချယ်ခဲ့ပါတယ်။

ကျောင်းတွေကို ပြန်မဖွင့်တဲ့ ကိစ္စမှာလည်း အန္တရာယ်နဲ့ ထိခိုက်နိုင်ချေတွေ ရှိပါတယ်။ စီးပွားရေးကို အရင်ဆုံး ကြည့်ရအောင်။ ကျောင်းတွေ ပိတ်ထားပြီး ကလေးထိန်းဌာနတွေကလည်း စောင့်ရှောက်မှုကို ကန့်သတ်ထားမယ်ဆိုရင် မိဘတွေဟာ အလုပ်ကို သွားဖို့ မဖြစ်နိုင်ပါဘူး။ ၂၀၀၉ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ လေ့လာချက်အရ အမေရိကန်မှာ ကျောင်းတွေနဲ့ ကလေးထိန်းဌာနတွေကို ၁ လ ပိတ်ထားရင် ကုန်ကျစရိတ်က ဂျီဒီပီရဲ့ ၀.၁-၀.၃% ရှိတယ်ဆိုပါတယ်။ ကျောင်းတွေကို ကြာရှည်စွာ ပိတ်ထားခြင်းက နာလန်ထူဖို့ရာမှာ အကူအညီ မဖြစ်ပါဘူး။

ပြီးတော့ ကျောင်းတွေပိတ်ထားခြင်းက အဆင်းရဲဆုံးလူတွေကို အထိအနာစေဆုံး ဖြစ်ပါတယ်။ အခွင့်အလမ်း အနည်းဆုံး ကလေးတွေ၊ အိမ်မှာ လိုအပ်တဲ့ အထောက်အပံ့ အမြဲမရတဲ့ ကလေးတွေဟာ အမြင့်ဆုံးကနေ ပြုတ်ကျလာသလို အထိနာစေပါတယ်။ သူတို့ဟာ မြန်နှုန်းမြင့်အင်တာနက်၊ ကွန်ပျူတာ၊ စာအုပ်တွေနဲ့ မိဘတွေဆီက အကူအညီ မရတဲ့ ကလေးတွေ ဖြစ်ပါတယ်။ ပြီးတော့ ကျောင်းတွင်း အာဟာရ ကျွေးမွေးမှုဆိုတာ ရှိပါတယ်။ ဆင်းရဲတဲ့ ကလေးတွေ အာဟာရဖြည့်တင်းဖို့အတွက် ကျောင်းကနေ ထောက်ပံ့တဲ့ အစားအစာဖြစ်ပြီး ကျောင်းပိတ်ထားရင် အဲဒါတွေ မရနိုင်တော့ပါဘူး။

သည်နေရာမှာ လွယ်ကူတဲ့ အဖြေက မရှိပါဘူး။ ကျောင်းတွေပြန်ဖွင့်ဖို့ကလည်း စွန့်စားမှု လို့ ဆိုနိုင်ပေမယ့် အဲဒါက (ရေရှည်မှာ) အနည်းဆုံး ထိခိုက်နိုင်တဲ့ နည်းလမ်းဖြစ်တဲ့အတွက် မျှတတဲ့စွန့်စားမှုလို့ ဆိုရမှာပါ။

Darren McCaffrey ရေးသားတဲ့ Analysis: Should children go back to school during a pandemic? ကို ပြန်ဆိုပါတယ်။

Su Su Lin