ဒီပုံစံ အတိုင်းဆို မကြာခင် မှာ ဆရာဝန် မရှိတော့တဲ့ ဆေးရုံတွေ ပေါ်လာတော့ မယ့် မြန်မာပြည်

ဒီပုံစံ အတိုင်းဆို မကြာခင် မှာ ဆရာဝန် မရှိတော့တဲ့ ဆေးရုံတွေ ပေါ်လာတော့ မယ့် မြန်မာပြည်

(ဒီပုံကိုမြင်တော့ အရင်က ရေးဖူးတာ ကို သတိရမိတယ်)

ဝန်ထမ်းစီမံမှု စကေးသုည ဝန်ကြီးဌာန

သိပ်မကြာခင်တုန်းက ဆရာဝန် အင်အား နှစ်ထောင်ခေါ်တယ်။ ဝင်လျှောက်တာ တစ်ထောင်ကျော်လေး။ အရင်တုန်းက အစိုးရအလုပ်ဝင်လုပ်ဖို့ ချေမိုးနေတာကနေ အခုကျ ရေးဖြေတောင် မစစ်ဘဲ သိမ်းကြုံးခန့်ပေးနေတာတောင် ဝင်မယ့်သူမရှိဘူး။ ဒါလည်း ဘာကြောင့်ဆိုတာကို အဖြေရှာဖို့ စိတ်မကူးသေး ပါဘူး။ အခုလည်း ပြည်နယ်ဆရာဝန်တွေခ်ါတာ လျှောက်တဲ့သူ အ​ရေအတွက်က တော်တော်ဆိုးဆိုးပဲ။

ဝန်ကြီးဌာနဟာ ပလိုင်းပေါက် နဲ့ ဖားကောက်နေတာပဲ။ ကိုယ့်ဝန်ထမ်းတွေ ဘာကြောင့်မပျော်တာလဲမတွေးဘူး။ ကိုယ့်ဆီကနေ မထွက်ဘဲပျော်ရွှင်နေကြအောင် ဘယ်လိုလုပ်မလဲဆိုတာလည်း မတွေးဘူး။ အကာအကွယ်ပေးဖို့မစဉ်းစားဘဲ ဒီလိုအဖြစ်အပျက်မျိုးတွေ ဌာနတွင်းစစ်ဆေးမှုတွေ သောက်သောက်လဲ လုပ်ပြီး ရှိပြီးသားလူတွေကို စိတ်ပျက်အောင်လုပ်တယ်။ ထွက်ပြေးကုန်အောင်လုပ်တယ်။ ပြီးတော့ကျ လူလိုလို့ဆိုပြီး လူသစ်တွေထပ်ခေါ်တယ်။ အထွက်ကိုမထိန်းနိုင်ဘဲနဲ့ ဝင်ချင်လာအောင်မလုပ်နိုင်ဘဲနဲ့ ထပ်ခေါ်နေတော့ရော ဘာထူးမှာလဲ။

ဝန်ကြီးဌာနကို ကုမ္ပဏီ တစ်ခုလိုမြင်ကြည့်ကြည့်။ ဝန်ထမ်းတွေပျော်ဖို့အတွက် စွမ်းဆောင်ရည်မြင့်ဖို့အတွက် ဝင်ပြီးသားသူတွေပြန်ထွက်မသွားအောင်ထိန်းဖို့အတွက် စိတ်မကူးဘဲ ထွက်ချင်လည်းထွက် နောက်ထပ်လူတွေမှအများကြီးလို့ ပြောနေတာနဲ့မတူဘူးလား။ အဲဒီလိုလုပ်ငန်းမျိုးမှာ ဝန်ထမ်းတွေ မပျော်တာဆန်းလို့လား။ ကို်ယ့်ကိုတန်ဖိုးမထားတဲ့လုပ်ငန်းခွင်မှာ ဘယ်လိုလူမျိုးကပျော်နိုင်မလဲ။ လူသားရင်းမြစ်စီမံခန့်ခွဲမှုစကေးကတော့ တကယ့်သုည။

ကျောင်းဆရာတို့ ဆရာဝန်တို့လို အလုပ်တွေ ဟာ မြင့်မြတ်တဲ့အလုပ်လို့ သတ်မှတ်ကြတာကြောင့် နဂိုကတည်းက အလုပ်အပေါ်မှာ ကျေနပ်တဲ့အခံစိတ်ရှိတယ်။ Herzberg theory ဆိုတာ ကြားဖူးမလားမသိဘူး။ လူတစ်ယောက်အလုပ်မှာ စွမ်းဆောင်ရည်ကောင်းဖို့ဆိုတာက အကြောင်း အရာနှစ်မျိုးပြည့်စုံရတယ်။ Motivation and Hygiene factors လို့ခေါ်တယ်။

အလုပ်ကိုယ်တိုင်ရယ်၊ အသိအမှတ်ပြုတာတွေရယ်၊ အောင်မြင်မှုတွေ၊ ဖွံ့ဖြိုးတိုးတက်မှုတွေက internal motivation လို့ခေါ်ပြီးအတွင်းစိတ်ကနေလာတယ်။ သက်ရောက်မှု ပိုကြီးမားတယ်။ အလုပ်ရဲ့ ပတ်ဝန်းကျင်အခြေအနေတွေ၊ စည်းမျဉ်းစည်းကမ်းတွေ၊ ပေါ်လစီတွေ၊ လုပ်ဖော်ကိုင်ဖက်ဆက်ဆံရေးတွေ၊ လစာ အစရှိတာတွေကို Hygiene factors တွေလို့ခေါ်တယ်။ Hygiene factors တွေက အလုပ်ကို မမုန်းအောင်လုပ်ပြီး motivation factors တွေက အလုပ်မှာပျော်ရွှင်တိုးတက်နေအောင်လုပ်ပေးတယ်။

ဆရာဝန်တွေအခုကြုံနေရတာ ကိုကြည့်လိုက်။ သူတို့မှာ အလုပ်ကိုယ်တိုင်ကဖြစ်တဲ့ motivation ကလွဲရင်ကျန်တဲ့အရာတစ်ခုမှမရှိဘူး။ ဘယ်မှာလဲအသိအမှတ်ပြုမှုတွေ၊ ဖွံ့ဖြိုးတိုးတက်မှုတွေ။ အဆိုးဆုံးကတော့ Hygiene factors တွေတစ်ခုမှမရှိဘူး။ လစာနည်းတယ်။ နဂိုအဆင်ပြေတဲ့ မိသားစုကမဟုတ်ရင် အစိုးရဆရာဝန်ဝင်လုပ်ဖို့ မဖြစ်နိုင်ဘူး။ လုပ်ငန်းခွင်အခြေအနေ အင်မတန်ဆိုးတယ်။ ကိုယ့်လက်အောက်ငယ်သားကို အကာအကွယ်မပေးနိုင်ဘူး။ အမူးသမားက ပါးလာရိုက်သွားရင်တောင် ဒီအတိုင်းခံလိုက်ရတယ်။ ဖြစ်ပြီးသွားရင်လည်း ကျေအေးပေး လိုက်တာပဲ။ ညစ်ပတ်စုတ်ပြတ်နေတဲ့ပတ်ဝန်းကျင်၊ ဆေးဝန်ထမ်းတွေကလွဲရင် ကျန်တဲ့သူတွေထင်ရာစိုင်းခွင့်ရှိနေတဲ့လုပ်ငန်းခွင်။

ဈေးသည်ကအစ မထီမဲ့မြင်ပြုခံနေရတဲ့ လုပ်ငန်းခွင်။ လုပ်ဖော်ကိုင်ဖက်ဆက်ဆံရေးဆိုတာလည်းကြည့်လိုက်ဦး။ စည်းမျဉ်းတွေပေါ်လစီတွေဆိုတာကလည်း အမြဲတမ်းဆရာဝန်ဘက်ကိုပဲ ဖိနှိပ်နေတာ။ ဆေးသွားမကုပေးလို့ ဌာနတွင်းစစ်ဆေးမှုလုပ်လိုက်၊ ဝေဖန်လို့ ဌာနတွင်းစစ်ဆေးမှုလုပ်လိုက်။ ဒီလို လုပ်ငန်းခွင်မျိုးကို ဝန်ထမ်းပျော်တယ်ဆိုရင် ဖြစ်နိုင်တာက ရူးရင်ရူး ဒါမှမဟုတ် သူတော်စင်ဖြစ်နေလို့ပဲဖြစ်မယ်။ အလုပ်ကိုယ်တိုင်က ဘယ်လောက်ပဲကျေနပ်စရာကောင်းပေမယ့် အပြင်က အခြေအနေတွေက အရမ်းကိုဆိုးနေတော့ ရှိပြီးသားလူတွေလည်းထွက်၊ အပြင်လူတွေလည်း ဝင်လာဖို့ကြောက်တော့မှာပေါ့။

ဝန်ကြီးဌာနဟာ အခြေအနေ (၃)ခုမှာ အင်မတန် ဆိုးတယ်။

(၁) ဘက်ဂျက်ကို လုံလောက်အောင် မယူနိုင်ဘူး။ အရေးကြီးတဲ့နေရာဖြစ်တယ် ဆိုတာကိုလည်း မတိုက်တွန်းပေးနိုင်ဘူး။

(၂) ဆေးဝန်ထမ်းတွေကို လုံလောက်တဲ့အကာအကွယ်မပေးနိုင်ဘူး။ အပေါ် တစ်ခုက မလုပ်နိုင်ဘူးဆိုရင်တောင် ဒါကိုတော့ ဖိဖိစီးစီးလုပ်သင့်တာပေါ့။ အခုတော့ ဆေးကုသမှုအမှားအယွင်းမရှိပါဘဲနဲ့ နာမည်ဖျက်ခံရတာ ပြဿနာအရှာခံရတာမျိုးဆိုလည်း ကိုယ့်ဘာသာဖြေရှင်းရတဲ့အပြင် ဆေးရုံထဲဝင် ဓားနဲ့ထိုးသွားရင်တောင် ဘာမှမတတ်နိုင်ဘူး။ ကျီးလန့်စာစားနေရသလိုပဲ။

(၃) စည်းမျဉ်းတွေ ပေါ်လစီတွေမှာ အပြင်လူတွေ ကို မနိုင်တိုင်း ဆရာဝန်တွေကျီမီးရှို့ခံနေရတယ်။ အလုပ် ဖိအားတွေအင်မတန်များတာကိုဖြေရှင်းတာ၊ ရိုင်းစိုင်းတဲ့လူတွေကို အရေးယူတာမျိုးတွေမလုပ်ဘဲ ဆရာဝန်တွေ ရိုင်းရင်အရေးယူမယ်ဆိုတာမျိုး၊ ဝေဖန်ရင် အရေးယူမယ်ဆိုတာမျိုးတွေက ဘယ်လိုတောင်ဆိုးရွား တာလဲ။

ဒီသုံးခုကိုအရင်ပြင်နိုင်ရင် အနိမ့်ဆုံးတော့ Hygiene factors တွေ ရှိလာမယ်။ အလုပ်ထဲဝင်ချင်စိတ်ရှိလာမယ်။ ဒါမှမဟုတ်ဘဲ ဝင်ပါတို့၊ နိုင်ငံကျေးဇူးကိုဆပ်ပါတို့ပဲ ဖိပြောနေလို့ အကျိုးမထူးဘူးဗျ။ နိုင်ငံ့ကျေးဇူး ဆပ်နေရင်း ထမင်းငတ်တော့ ဓားထိုးခံရတော့ ဘယ်သူကလာတာဝန်ယူနေလို့လဲ။ ဝန်ထမ်းပျော်အောင် လုပ်ပါ။ ဝန်ထမ်းပျော်ရင် အလုပ်ပြီးပါတယ်။ အခုလိုသာ ဘာမဟုတ်တဲ့ကိစ္စတွေနဲ့ ကိုယ့်ဆရာဝန်တွေကိုချနင်းဖို့ ဆက်ကြိုးစားပါ။ သိပ်မကြာခင် ဆရာဝန်မဲ့နေတဲ့ဆေးရုံတွေနဲ့ ကြုံတွေ့ရဦးမယ်။

ဒေါက်တာသူရိန်လှိုင်ဝင်း

Add a Comment

Your email address will not be published. Required fields are marked *

five + 9 =