တရုတ်ပြည် အခက်၊ မြန်မာ့ အချက် ဆိုတာ ဘယ်တော့ မှ ဖြစ်လာ မှာလဲ?

တရုတ်ပြည် အခက်၊ မြန်မာ့ အချက် ဆိုတာ ဘယ်တော့ မှ ဖြစ်လာ မှာလဲ?

ကျည်ဆံလေး ကတော့ တချက်ထဲ ပါပဲ။ နောက်က ဘဝများစွာပျက်ကြရဦးမည်။ အက်ပဲ ကုမ္ပဏီက မနေ့တနေ့က ရေရှည်မှာ တရုတ်ကလုပ်ငန်းတွေကို ကမ္ဘာအရပ်ရပ်ကို ရွှေ့ဖို့စဉ်းစားလိုက်ပြီ။ တနှစ်ကြာမလား၊ငါးနှစ်ကြာမလားတော့မသိသေး။အိန္ဒိယကတော့ ကမန်းကတမ်းလှမ်းခေါ်ဖျာခင်းသည်။ မက်လဲမက်လောက်၏။အလုပ်အကိုင်နေရာ၂သန်းကျော်ဘီလျံပေါင်းများစွာရင်းနှီးမြုပ်နှံမှု။

သည်တော့ လိုချင်တဲ့ တိုင်းပြည်တွေ အလုအယက်။ သည်လိုပဲ ကပ်ဘေးတွင်းမှာ မူမမှန်သည့် တရုတ်၏သဘောထားကို သိသွားသည့် ကမ္ဘာ့ကုမ္ပဏီကြီးတွေက စီးပွားရေးလုပ်ငန်းတွေကို နေရာရွှေ့ဖို့စဉ်းစားလာကြတာမဆန်း။ ဂျပန်ကတော့ အစောကြီးထဲက အာဆီယံ၊အိန္ဒိယကို ရွှေ့ပြီ။ ကိုယ်လိုငမွဲနိုင်ငံလေး သာ လှည်းဘီးပမာဏ ပျားအုံပြိုကျတုန်းခွက်ထိုးခံနိုင်ရင် အလျှံအပြည့်ရမည့်အမျိုးနှယ်။ ခွက်ကလည်းသေးသေးလေးဆိုတော့ လူတိုင်းလုပ်ငန်းကိုယ်စီ ဝင်ငွေကိုယ်စီ မျိုးဆက်တွေ ပညာရေးအသစ်ကိုယ်စီ။

လျှောက်စိတ်ကူးယဉ်မနေပါနဲ့။ဆေးလှုပ်သောက်ပါ။ ကိုယ်ချင်းလဲစာပါ။ လက်ထဲစီးပွားရေးလေးရှိလို့။ ဆိုင်လေး၊ကနားလေးဖွင့်ဖို့စိတ်ကူးရင် တောင်ဥက္ကလာ၊ဒေါပုံသာကေတ၊လှိုင်သာယာ ဘယ်နားစဉ်းစားလဲ။ပြောမကောင်းဆိုမကောင်း ဘယ်သူ့အဖေခေါ်လို့ ဘယ်သူက လူမိုက်လဲ လူကောင်းလဲ မသိနိုင်သည့် အရပ် မှာ ဆိုင်ဖွင့် စီးပွားရေးလာလုပ်ဖို့စဉ်းစားသည်ဆိုရင် စီးပွားကောင်းတော့ မဖြစ်နိုင်။ဘိန်းလာရောင်းဖဲဒိုင်ခံတာပဲဖြစ်မှာပေါ့။

အမေကတော့လုပ်ရှာသည်။စက်ရုံလည်ဖို့မီးလာအောင် ဆိုလဲကြိုးစား။လုပ်ငန်းမှတ်ပုံတင်တွေမခက်အောင်ဆိုလဲအမြန်လုပ်။လွှတ်တော်မှာလဲ ရင်းနှီးမြုပ်နှံမှုတွေလွယ်ကူအောင် ဥပဒေတွေပြင်။လာပါ၊လာပါတစာစာနဲ့ လူတကာကို ဖိတ်ခေါ်။ လာတဲ့ ငွေရင်းလဲ ရခိုင်၊ကယား၊ချင်း တွေမှာ ဆင်းရဲလို့ သွားမြုပ်နှံရင်ဒေသဖွံ့ဖြိုးဖို့ ရည်ရွယ်ပြီး အခွန်ငါးနှစ်စာ သက်သာခွင့်ပေး။ဘယ်တုန်းကမှ ဘယ်သူမှ တိုင်းရင်းသားမဖွံ့ဖြိုးသေးတဲ့ဒေသတွေကိုဘာမှ လုပ်မပေးခဲ့ဘူးသေး။

ထပ်ပြောဦးမယ်။စိတ်ကူးယဉ်မနေနဲ့။ဘယ်သူမှမလာဘူး။ ဒီလောက် အိုင်စီဂျေအနာကြီးကိုက်နေတာ ဝင်ပြီး အက်ဆစ်နဲ့လောင်းသလို ယူအန်ကားကို ပစ်လိုက်တာကျည်ဆံက တချက်ထဲ။ရေတပ်သင်္ဘောပေါ်ကိုယ်တိုင်ရိုက်ကိုယ်တိုင်မင်းသားလုပ် ကိုယ်တိုင်ဖြန့်တဲ့ လူမဆန်ဗီဒီယိုထုတ်လုပ်ရေးကလဲ ရှိသေး။

တော်တာတော့ တော်တော် တော်သည်။ကမ္ဘာတဝှမ်းဖြစ်လိုက်ကြ၊ သတ်လိုက်ကြ၊မချိမဆန့်ထောင်သောင်းသိန်းချီ ဘယ်သူမှ ဘာမှ စိတ်မဝင်စား ဘာသံမှ မကြားရ။ဆီးရီးယား၊ယီမင် အိုင်စီဂျေသံမကြားရ။ကိုယ့်လူတွေ ထုတ်လုပ်ရေးကတော့အသေအပျောက်နည်းနည်းနဲ့ တော်တော်ပေါက်သည်။ ငတ်ပေါက်။

ပြောချင်တာက ငတ်ပေါက်ကို နှစ်ပေါင်းများစွာကျောက်စိမ်း၊ပတ္တမြားမြေ၊သစ်တော၊ရေနံဓါတ်ငွေ့၊သထ္ထုသံယံဇာတ အပြောင်ရှင်းပြီး ကျည်ဆံတွေတသောသောနဲ့ ကမ္ဘာလူဦးရေအများဆုံး နှစ်နိုင်ငံဘေးထားပြီး အားပါးတရလူလျော့ပေးဖော်ထုတ်နေတာတောင်အားမရလို့ ခုလာမယ့်၊ပြေးထွက်ခိုလှုံရာရှာမယ့် ရတနာသိုက်ကြီးတွေကို မောင်းထုတ်ပြီး ငတ်ပေါက် ကို ကြိုပွိုင့်ရိုက်ကြတဲ့အကြောင်းပါ။

ဒီရတနာသိုက်ကြီးတွေကို ဘယ်သူကခေါ်ယူနိုင်တာလဲ။ သူတို့ကောင်းကောင်းသိသည်။ အတ္တဝိဇ္ဇာတွေ လူယုတ်မာ ဧတဒဂ်တွေ။အမေလေ အမေပေါ့။အမေက ဒီမိုကရေစီအိုင်ကွန်ပဲ။နယ်ဆင်မင်ဒဲလားတောင် အေအိုင်ဒီအက်နဲ့ အာဖရိကတိုက် ကိစ္စတုန်းတော့မလိုဖြစ်နေတုန်း ကမ္ဘာ့ဆေးကုမ္ပဏီကြီးတွေက ဈေးကြီးဆေးတွေကို အားလုံး အတွက်မချိမဆန့်တောင်းယူနိုင်သည့်အပျော့ပါဝါရှိတာပဲ။ အမေ့အတွက်အေးဆေးပါ။ ထင်သလား။ ကိုယ့်တိုင်းပြည်အတွက်အင်မတန်ခွန်အားကြီးမားသည် အပျော့ပါဝါကို ဘယ်သူတွေက အိုးမဲ သုတ်လိုက်ကြပြီလဲ။

အမေကတော့ သားသမီး သုတ်သည့် အိုးမဲမျက်နှာနဲ့ပဲ သူနိုင်သလောက်ထွက်ခံဦးမှာသေချာသည်။ ဒါပေမယ့် အိုင်စီဂျေက တရားစွဲခံထားရပြီး၊လက်နက်ကိုင်အဖွဲ့ပေါင်းရာကျော်က ပြည်သူ့အမိန့်နာခံသည့်တပ်တဖွဲ့မျှမရှိတာကို သိသိကြီးစွန့်စားပြီး လာရင်းနှီးမည့် သူရဲကောင်းကုမ္ပဏီကတော့ တော်တော်ရှားပြီ။ ရှားရှားပါးပါးရောက်လာပြီးထုတ်လုပ်သည့်ကုမ္ပဏီများကိုလည်း စစ်စစ်ပေါက်ပေါက် ငတ်ပေါက်ရှာသူများက အလုပ်သမားသပိတ်တွေနှင့်ကြိုကာထားလိုက်သည်။

သိပ်ထမင်းစားချင်နေလား။ အိမ်မက်တွေမက်မနေပါနဲ့။အိမ်မက်တွေထဲမှာ ရခိုင့်နိုင်ငံတော်၊ဗမာပြည်နယ်၊ဝမ်ပေါင်၊ဝပြည်၊ရှမ်းကိုး၊မုန်းကိုး။ဘာတွေလဲတောင်ကောင်းကောင်းမပြောတတ်။ပီဇာကတချပ်ထဲ တကျောင်းလုံးဝေရမှာ။ အိမ်မက် မက်ရင်းငတ်ပေါက်ကိုတော့ ကျည်ဆံလေးတွေနဲ့ဖောက်သည်။ ခေါင်းဆောင်တွေကိုလုံးဝမပြောဘူးနော်။ မင်းလဲ ဒီနေရာရောက်ရင်လုပ်မှာပဲ ဆိုတာလက်ခံထား။ သူတို့အတွက်က သည်လိုမှ သူတို့သားမယားအမျိုးအဆွေဝမ်းဝခါးလှ ဘိုးအင်း၇၇၇ နဲ့သွားကြလာကြမျိုးပြဆွေပြ။

သေတော့လဲ သူတို့သေတာတခါမှ မကြားဖူးဘူး။ သူတို့က သူတို့ငတ်ပေါက်တခါမှ မဖောက်ဖူးဘူးလေ။ အနှစ်၇၀ရှိပြီ။ ဒီစစ်ကြီးနဲ့ ထမင်းစားလာတာကြာပေါ့။ အောက်လက်တွေလဲ အိမ်မက်လေးတွေနဲ့ ကြာပေါ့။သည့်လောက်ကြီးသည့်လူပိုလျှံနှစ်နိုင်ငံဘေးမှာ မန်ယူကို လူခွဲရင်ဆိုင်ကစားချင်သည့်ရပ်ကွက်သင်းက ကလေးတွေအိမ်မက်။ လုပ်ကြပါ။ငတ်ပေါက်ရှာကြပါ။ အချင်းချင်းမုန်းကြပါ။ဆံတပင်အတင်းမခံနဲ့။အမေ့ကို အပုပ်ချကြ။နောက်ကြောင်းကို လုပ်ကြံကြ။အမေက မင်းတို့ ရဲ့ ရန်သူ အစစ်။ သူက အားအရှိဆုံး။သူလဲရင် ဗမာပြည်ကြီးအိုကေပြီ။

သူပြောတာသရော်ကြ။သူ့ကို မယုံကြည်အောင်လုပ်ကြ။ သူ့ကို အပြစ် ရှာကြ။ သူလုပ်တာမှန်သမျှကန့်လန့်တိုက်ကြ။မအောင်မြင်အောင် လုပ်ကြ ၊ ဒါမင်းတို့ ပဓာန တာဝန် ပဲ။ အချိန်တန်တော့မှာပါ။ လက်နက်ကလဲ အမြဲမကိုင်နေနိုင်ပါဘူး။ တနေ့သေရင်သေ၊မသေရင်ပြတ်၊မပြတ်ရင်ထွက်။ရွာထဲ ရပ်ထဲရောက်ကြရမှာပါ။ ငတ်ပေါက်ကြီးကမင်းတို့ကို စောင့်ကြိုလျက်ပါ။အမယ် မင်းတစ်ယောက်ထဲ သီးသန့်ကြိုနေတယ်မထင်နဲ့။ သားတွေသမီးတွေတမျိုးတဆွေလုံးကိုကြိုနေလျက်ပါ။ သမိုင်းဆိုတာမအအောင်သင်ရတာတဲ့။

K.M.N