ပွဲကြမ်းလာတဲ့ အမေရိကန် နဲ့ တရုတ်တင်းမာမှု နဲ့ အရှိန်မြှင့် လာတဲ့ ကမ္ဘာ့ ချံပီယံ ရွှေခါးပတ်လုပွဲကြီ

တစ်ကမ္ဘာလုံးမှာ ကိုဗစ်ဖြစ်ပွားသူ ၁၅သန်းကျော် ရှိနေပြီး၊ အမေရိကန်မှာ ၄သန်းကျော်ရှိလာနေချိန်မှာ၊ အမေရိကန် နိုင်ငံထဲမှာလည်း အသားအရောင်ခွဲခြားရေး ဆန့်ကျင်ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေအကြား အဓိကရုဏ်းတွေ ဆက်ပြီး ဖြစ်ပွားနေချိန်မှာ၊ အမေရိကန်သမ္မတ ထရမ့်ကတော့ တရုတ်နိုင်ငံကိုပဲ ဦးတည်ပြီးတော့၊ သည်းကြီး မည်းကြီး ဘက်ပေါင်းစုံက ထိုးနှက်တိုက်ခိုက်နေတာ တွေ့ရပါတယ်။

အကြောင်းအမျိုးမျိုးပြပြီး ထိုးနှက်နေတာဖြစ်ပေမဲ့၊ တ ကယ့် မူရင်း အကြောင်းခံကတော့ မဟာဗျုဟာအရ ကမ္ဘာ့ ချံပီယံ ရွှေခါးပတ်လုပွဲကြီး ဖြစ်တယ်ဆိုတာ လေ့လာသူတိုင်းက မပြောဘဲနဲ့ သိနေကြတာပါပဲ။ ကိုဗစ်မဖြစ်ခင် လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကစပြီး အမေရိကန်က တရုတ်ကို ကုန်သွယ် ရေးစစ်ပွဲ ဆင်နွှဲနေခဲ့ပြီ ဖြစ်ပါတယ်။ တစ်ချိန်တည်းလိုလိုမှာပဲ နည်းပညာဘက်မှာ တရုတ်ရဲ့ နံပတ်တစ် ဖုန်းကုမ္ပဏီ ဟွာဝေးကို အမျိုးသားလုံခြုံ ရေးအတွက်အန္တရာယ်ရှိတယ်ဆိုပြီး အမေရိကန်မှာ ပိတ်ပစ်ဖို့ အမိန့်ပေးခဲ့တာတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ ကုန်သွယ်ရေးစစ်ပွဲမှာလည်း အပိတ် အဖွင့်၊ အလျှော့ အတင်းတွေနဲ့ ကစားခဲ့ကြသလို ဟွာဝေး 5G ကိစ္စတွေမှာလည်း အမေရိကန်ကုမ္ပဏီတွေ တိုးသာ ဆုတ်သာအောင် လုပ်ပေးခဲ့တာမျိုးတွေရှိပါတယ်။

ဒါပေမဲ့ ကိုဗစ်ကာလ ရောက်လာတော့ သမ္မတ ထရမ့်ဟာ ကိုဗစ် ကြောင့် အမေရိကန် အထိနာလေလေ၊တရုတ်ကို ပိုပြီး ထိုးနှက်လာလေလေ ဆိုတာ တွေ့လာရပါတယ်။ ယေဘုယျ အားဖြင့် ဒါက ထရမ့်အနေနဲ့ ပြည်တွင်းမှာ အဆင်မပြေတာတွေကို အာရုံလွှဲဖို့လုပ်တာလို့ မြင်နိုင်ပေမဲ့၊ နိုင်ငံတကာဆက်ဆံရေး သဘောတရားတွေနဲ့ကြည့်ရင်တော့ ပိုပြီးစိတ်ဝင်စားစရာ
ကောင်းတာတွေ ရှိပါတယ်။

နိုင်ငံတကာ ဆက်ဆံရေးပညာနယ်ပယ်မှာ နောက်ပိုင်း ပေါ်ပေါက်လာတဲ့၊ ကျမ်းရိုး သရုပ်မှန်ဝါဒသစ် Neo-classical Realism နဲ့ ကြည့်မယ်ဆိုရင် နိုင်ငံတွေရဲ့ အပြုအမူဟာ ကျမ်းရိုး သရုပ်မှန်ဝါဒကပြောသလို “နိုင်ငံတွေဟာ မိမိတို့ရဲ့ အကျိုးစီးပွားအတွက် မိမိတို့ရဲ့အင်အားကို ကြီးထွားခိုင်မာအောင် အစဉ်ကြိုးစားလေ့ရှိကြတယ်။ အဲလို အင်အားကြီးထွားအောင် အပြိုင်ကြိုးစားကြရင်းနဲ့ အင်အားချိန်ခွင်လျှာညီမျှနေရင် နိုင်ငံတကာစနစ်ကြီးဟာ တည်ငြိမ်နေမယ်။ မညီမျှဘူးဆိုရင်တော့ စနစ်ကြီးက မတည်မငြိမ်ဖြစ်လာမယ်။ ” ဆိုတဲ့ အချက်ကို လက်ခံပေမဲ့ အခြားသော ထည့်သွင်းစဉ်းစားစရာ အချက်တွေဖြစ်တဲ့ “စိတ်ပိုင်းဆိုင်ရာအရ၊တစ်ခြားနိုင်ငံတွေရဲ့ ရည်ရွယ်ချက်နဲ့ ခြိမ်းချောက်မှုတွေအပေါ် နိုင်ငံတွေရဲ့ ထင်မြင်ခံစားချက် perceptions နဲ့ လွဲမှားတဲ့ ထင်မြင်ခံစားချက် misperceptions တွေ၊ သက်ဆိုင်ရာ နိုင်ငံရဲ့ ပြည်တွင်းနိုင်ငံရေး၊စီးပွားရေးစတဲ့ ဘက်စုံ အခြေအနေတွေနဲ့ အစုအဖွဲ့ အင်စတီကျူးရှင်းတွေရဲ့ အနေအထားတွေ၊ နိုင်ငံထိပ်ပိုင်း ဦးဆောင်သူတွေနဲ့ လူ့အဖွဲ့အစည်းထဲက ဩဇာငြောင်းတဲ့ ဇာတ်ဆောင်တွေဟာ” နိုင်ငံတစ်ခုရဲ့ နိုင်ငံခြားရေး မူဝါဒ ဆုံးဖြတ်ချမှတ်ရာမှာ အရေးပါတယ်လို့ ဒီဝါဒက ထပ်ပြီး ထည့်သွင်းထားတာဖြစ်ပါတယ်။

ဒီနေရာမှာ နိုင်ငံတကာဆက်ဆံရေးပညာအကြောင်း ပြောနေတာမဟုတ်လို့ အကျယ်မချဲ့ လိုသော်လည်း neoclassical realism ကနေ ဒီအကြောင်းအရာနဲ့ စပ်ဆိုင်နေတာလေးတစ်ခုကို တင်ပြချင်ပါတယ်။ အဲတာကတော့ နိုင်ငံတစ်နိုင်ငံဟာ တစ်ခြားနိုင်ငံတစ်ခုအပေါ် သံသယတွေ ကြီးမား နေမယ်၊ အမှန်အတိုင်း သိမြင်နိုင်မှုမရှိဘဲ အထင်အမြင်လွဲမှားနေမယ်ဆိုရင်၊ ဒါမှမဟုတ် နိုင်ငံခေါင်းဆောင်/အစိုးရက လူထုရဲ့ ထောက်ခံမှုကို ရရှိအောင်၊နိုင်ငံကို အင်အားတောင့်တင်း ခိုင်မာ လာအောင် စွမ်းဆောင်နိုင်စွမ်းမရှိတော့ဘူးဆိုရင် အင်အား ချိန်ခွင်လျှာ မညီမျှမှုတွေ ကျယ်ပြန့်လာပြီး အင်ပါယာတွေရဲ့ အတက်အကျတွေ၊ အင်အားကြီးတွေရဲ့ ပဋိပက္ခတွေနဲ့ စစ်ပွဲတွေအထိ ဦးတည်သွားနိုင်တယ် ဆိုတာပါပဲ။

တရုတ်နဲ့အမေရိကန် တင်းမာမှုကို ကြည့်လိုက်ရင်လည်း နှစ်ဘက်စလုံးက ဒီအချက်တွေပြည့်စုံ နေတာတွေ့ရပါတယ်။

အမေရိကန်ဆိုရင်လည်း သမ္မတ ထရမ့်ဟာ တရုတ်အပေါ်မှာ အရင်ကတည်းက အဆိုးမြင် ခံစား မှုကရှိခဲ့တာပါ။ ကမ္ဘာ့အကြီးဆုံး ကုန်ထုတ်လုပ်တဲ့နိုင်ငံဖြစ်တဲ့ တရုတ်က ထိပ်တန်းစားသုံးသူနိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ ကုန်သွယ်မှုမှာ ကုန်သွယ်ရေးပိုငွေတွေ များပြားတာကို မခံနိုင်တဲ့အခါမှာ၊ အမေရိကန်ဘက်က ကုန်သွယ်ရေးစစ်ပွဲကို စတင်ခဲ့တာပါ။ ဟွာဝေး 5G ကိစ္စကလည်း တရုတ်က နည်းပညာ လက်ဦးနေတော့ ဒီနယ်ပယ်မှာ သူ့လက်သူ့ခြေ ဖြစ်သွားမှာကြောက်လို့ ရရာနည်းတွေနဲ့ အတင်းလိုက်ပိတ်ဖို့ ကြိုးစားနေခဲ့တာဖြစ်ပါတယ်။

တစ်ဘက်မှာလည်း အမေရိကန်မှာ ရောဂါကပ်ဘေးကို နိုင်နိုင်နင်းနင်း မထိန်းနိုင်လို့ စီးပွားရေးကပြုတ်ကျ၊ လူတွေက အုံကြွပေါက်ကွဲ၊ အတော်ကလေး ကသောင်းကနင်းဖြစ်နေချိန်မှာ၊ ရွေးကောက်ပွဲကလည်း နီးကပ်လာ၊ သူ့ အပေါ်လူထုထောက်ခံမှု ကလည်း လျော့ကျလာပြီး ပြိုင်ဘက်ဘိုင်ဒင်က ၇.၈% လောက် ရှေ့ကပြေးနေတော့ ထရမ့်အတွက် စိုးရိမ်တုံလှုပ်စရာ ဖြစ်နေမှာပါ။ ဒီအချက်တွေက တရုတ်အပေါ် စစ်မျက်နှာ အကုန်ဖွင့်ပြီး ထိုးနှက်လာဖို့ နောက်ကွယ်က အကြောင်းတရားတွေ ဖြစ်မယ်လို့ ယူဆမိပါတယ်။

တရုတ်ဘက်ကိုကြည့်ရင်လည်း သမ္မတ ရှီကျင့်ဖျင်အနေနဲ့ ကြပ်တည်းတဲ့ အခြေအနေတွေ နဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ တရုတ်စီးပွားရေးဟာ အရန်ငွေတွေအများကြီးနဲ့ ဂျီဒီပီတိုးနှုန်း
လည်း သူများနဲ့စာရင် ကောင်းမွန်တယ် ဆိုပေမဲ့၊ အမေရိကန်ရဲ့ ကုန်သွယ်ရေးစစ်ပွဲကြောင့် ထိခိုက်ရတဲ့အထဲမှာ ကပ်ရောဂါ ကြောင့်လည်း အတော်ထိခိုက်သွားခဲ့တာဖြစ်ပါတယ်။ နောင် အနာဂတ်မှာလည်း တရုတ်ကနေ တစ်ကြော့ပြန် ဗိုင်းရပ်အသစ်တွေပေါ်လာမှာကို ကြောက်တဲ့ နိုင်ငံကြီးတွေက သူတို့ရဲ့ လုပ်ငန်းကြီးတွေကို တရုတ်ကနေ ပြန်ဆုတ်ခွာဖို့လုပ်နေကြတဲ့အတွက် ထပ်တိုးထိခိုက်ဦးမယ့်အလားအလာတွေရှိနေပါတယ်။ ကံဆိုးချင်တော့ ဒီနှစ်မှာ မတန်တဆ မိုးရွာရေကြီးပြီး တရုတ်တစ်နိုင်ငံလုံးရေဘေးသင့်ခဲ့ပြန်ပါတယ်။ ဒီကြားထဲမှာအနောက်တောင် ဘက် နယ်စပ်ဟိမဝန္တာ တောင်ပေါ်မှာ အိန္ဒိယနဲ့ ထိပ်တိုက်တွေ့ခဲ့ပြီး တောင်တရုတ်ပင်လယ် မှာလည်း အမေရိကန် စစ်သင်္ဘောတွေက ဟန်ရေးပြ ခြိမ်းချောက်နေကြပြန်တော့ ရှီ အနေနဲ့လည်း
ကိုယ့်နိုင်ငံ လုံခြုံရေးအတွက်စိုးရိမ်မယ်ဆို စိုးရိမ်စရာ ပါပဲ။ ဒီလို နှစ်ဦးနှစ်ဘက် အပြန်အလှန် သံသယတွေနဲ့ စိုးရိမ်မှုတွေက နှစ်ဘက်ထိပ်တိုက်ရင်ဆိုင် တင်းမာမှုတွေကို တွန်းပို့ခဲ့တာပဲ
ဖြစ်ပါတယ်။

တရုတ်နဲ့အမေရိကန် အကြားမှာ ဘက်ပေါင်းစုံမှာ ဖြစ်နေတဲ့ ထိပ်တိုက်ရင်ဆိုင် မှုတွေကို ကဏ္ဍအလိုက် ရှာဖွေလေ့လာမယ်ဆိုရင်တော့ အခုလို တွေ့ရပါတယ်-

သံတမန်ရေး။ လောလောလတ်လတ်မှာပဲ အျမရိကန်နည်းပညာကို ခိုးယူရာမှာ ဗိုဌာနဖြစ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့၊ အမေရိကန်က ဟူစတန်မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးကို ပိတ်ပစ်လိုက်ပြီး၊ တရုတ်ဘက်ကလည်း ချန်တုမှာရှိတဲ့ အမေရိကန် ကောင်စစ်ဝန်ရုံးကို ပိတ်ဖို့ ဇူလိုင်၂၄ရက်နေ့က အမိန့်ပေးလိုက်ပါတယ်။ တရုတ်က ချန်တု ကောင်စစ်ဝန်ရုံးကို ပိတ်ဖို့ ကြေညာချက်ထွက်လာနေချိန်မှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပီယိုက နစ်ဆင်အထိမ်းအမှတ် စာကြည့်တိုက်ရှေ့ မိန့်ခွန်းပြောကြားရာမှာ “တရုတ်ဟာ အမေရိကန်အပေါ် အမြတ်ထုတ်နေတယ်။ အမေရိကန်အနေနဲ့ တရုတ်နဲ့ မျက်ကန်း ထိတွေ့ဆက်ဆံမှု blind engagement ကို အဆုံးသတ်သင့်ပြီ “လို့ ပြောခဲ့တာ တွေ့ရပါတယ်။ သူမိန့်ခွန်းပြောတဲ့နေရာဖြစ်တဲ့ နစ်ဆင်စာကြည့်တိုက်က တရုတ်- အမေရိကန် ဆက်ဆံရေးကို ၁၉၇၂ခုနှစ်မှာစတင်ဦးဆောင် ထူထောင်ခဲ့တဲ့ သမ္မတ နစ်ဆင်ကို ဂုဏ်ပြုတည်ထောင်ထားတာ ဖြစ်လို့ ဒီနေရာမှာ ပွန်ပီယိုက တရုတ်နဲ့အဆက်ဖြတ်ဖို့ ပြောလာတာဟာ ထူးခြားလေးနက်တဲ့သဘောဆောင်နေပါတယ်။

စစ်ရေး။ စစ်ရေးအပိုင်းမှာလည်း တရုတ်ရဲ့ အနီးကပ်ပြိုင်ဘက်ဖြစ်တဲ့ ဂျပန်နဲ့ တိုင်ဝမ်ကို အမေရိကန်က ဒုံးကျည်စနစ်တွေ မကြာခင်က ရောင်းချခဲ့ပါတယ်။ ပဆိဖိတ် ရေတပ်မှာရှိတဲ့ လေယာဉ်တင်စစ်သင်္ဘော အုပ်စုနှစ်ခုက တောင်တရုတ်ပင်လယ်နားမှာပဲလှုပ်ရှားနေပြီး တရုတ်တွေ အခြေချထားတဲ့ ကျွန်းစုတွေတဝိုက်မှာ အနားကပ်ပြီး ဖြတ်သွားဖြတ်လာလုပ်ပြနေပါတယ်။

တရုတ်တွေကလည်း ရုရှားဆီကဝယ်ထားတဲ့ လေယာဉ်တင်သင်္ဘောတစ်စီးနဲ့ ကိုယ်တိုင်လုပ်လေယာဉ်တင်သင်္ဘောတစ်စီးကို လေ့ကျင့်စမ်းသပ် ခုတ်မောင်းပြနေပြီး တောင်တရုတ်ပင်လယ် ကျွန်းစုတွေမှာလည်း ခံစစ်တွေ အခိုင်အမာ တည်ဆောက်နေတာ ဖြစ်ပါတယ်။ အမေရိကန် လေယာဉ်တင်သင်္ဘောတွေကို ထိထိရောက်ရောက် ဟန့်တားနိုင်ဖို့ AC Killer လို့ခေါ်တဲ့ လေယာဉ်တင်သင်္ဘောဖျက် DF 41, DF21 စတဲ့ ဒုံးလက်နက်တွေကိုလည်း တိုးတက် တီထွင်တပ်ဆင်နေပါတယ်။ အခုနောက်ဆုံး အခြေအနေကတော့ အမေရိကန်က နှစ်နှစ် တစ်ကြိမ်လုပ်နေကျ RIMPAC ပဆိဖိတ်ရေတပ်ပေါင်းစုံ လေ့ကျင့်ခန်းကိုအာရှပဆိဖိတ် ၊တောင်အာရှ၊ အမေရိကနဲ့ ဥရောပက နိုင်ငံပေါင်း၂၆ နိုင်ငံလောက်နဲ့ ဩဂုတ်လလယ်ပိုင်းမှာ ပူးတွဲလေ့ကျင့်ဖို့ရှိပြီး၊ လောလောဆယ် မှာတော့ ဩစတေလျ၊ ဂျပန်တို့နဲ့ ပူးပေါင်းပြီးတော့ တောင်တရုတ်ပင်လယ်မှာ စစ်ရေးလေ့ကျင့်နေပါတယ်။ဗြိတိန်ကလည်း တောင်တရုတ်ပင်လယ်မှာ သူ့ရဲ့ တစ်စီးတည်းသော လေယာဉ်တင်သင်္ဘောကို စေလွှတ်ထားဖို့ လုပ်နေတယ်ဆိုတော့ တရုတ်ကို “တို့လူလေးများဆိုသလေး” လို့ ငြာသံပေးပြီး ဝိုင်းပတ်ဖို့ ကြိုးစားလာကြတဲ့ အသွင် မြင်နေရပါတယ်။

စီးပွားရေး။ စီးပွားရေး အပိုင်းမှာ ရှိရင်းစွဲ ကုန်သွယ်ရေးစစ်ပွဲအပြင် ဟောင်ကောင် ကိစ္စနဲ့ ရှင်းကျန်နယ်က မွတ်စလင်လူနည်းစုကို ဖိနှိပ်တယ်ဆိုပြီး စွပ်စွဲတဲ့ကိစ္စတွေကို အကြောင်းပြုပြီး ပိတ်ဆို့ပြဋ္ဌာန်းတာတွေ၊ ဘဏ်ကြီးတစ်ချို့ကို အမေရိကန်က တီထွင်ချမှတ်ထားတဲ့ နိုင်ငံတကာဘဏ်ချင်းဆက်သွယ်မှု စနစ်ထဲ မဝင်နိုင်အောင် ပိတ်ပစ်ဖို့ ကြိုးစားတာတွေ လုပ်လာပါတယ်။

တရုတ်ဘက်ကလည်း ထူးထူးဆန်းဆန်း တိုင်ဝမ်ကို ဒုံးလက်နက်နည်းပညာရောင်းတဲ့ အမေရိကန် လော့ခ်ဟိမာတင် ကုမ္ပဏီကို ပိတ်ဆို့မှု လုပ်ခဲ့တာတွေ့ရပါတယ်။ ဒါ့အပြင် တရုတ်ဘက်က ခံစစ်ပြင်တဲ့အနေနဲ့ သူ့ရဲ့ ရပ်ဝန်းလမ်းကြောင်းအစီအစဉ်ကို အရှိန် မြှင့်လုပ်ဆောင်ဖို့ ပြင်ဆင်လာတာ၊ အရှေ့အလယ်ပိုင်းမှာ အမေရိကန်ရဲ့ပစ်မှတ်ဖြစ်နေတဲ့ အီရန်နဲ့ ဒေါ်လာ ဘီလျံ ၄၀၀ကျော်ဖိုး စွမ်းအင်နဲ့ အခြေခံအဆောက်အဦပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် လုပ်ဆောင်လာတာ၊ အမေရိကန်ဒေါ်လာရဲ့ ကမ္ဘာသုံးအဆင့်ကို ဖြိုချဖို့ ဒီဂျစ်တယ် ငွေကြေး ဘက်ဦးလှည့်လာတာ၊ ရေနံ အရောင်းအဝယ်မှာ ယွမ်နဲ့ တိုက်ရိုက်ငွေချေပြီး ဒေါ်လာကို ဖယ်ရှားဖို့လုပ်လာတာမျိုးတွေ ရှိလာခဲ့ပါတယ်။

မီဒီယာနဲ့ ဝါဒဖြန့်ချိရေး။ အခုနောက်ပိုင်းမှာ တရုတ်ကို ကမ္ဘာ့ ဗီလိန် လူကြမ်းကြီးအဖြစ် မြင်လာအောင် မီဒီယာလမ်းကြောင်းပေါင်းစုံကနေ အလုံးအရင်းနဲ့ လုပ်လာတာတွေ့ရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကိုတရုတ်က တီထွင်ခဲ့တာ ဆိုတဲ့ လုပ်ကြံသတင်းမျိုးတွေထုတ်ခဲ့သလို ရာသီဥတု နှောက်ယှက်မှုကြောင့် ပုံရိပ်မပီပြင်တဲ့ ဂူဂဲလ်ဂြိုဟ်တု ဓာတ်ပုံကို ထုတ်ပြပြီး တရုတ်ပြည်က မြစ်ကျဉ်းသုံးသွယ်ဆည်ကြီး မိုးရေဖိအားမခံနိုင်လို့ ရွဲ့စောင်းနေပြီ၊မကြာခင် ကျိုးပြီးတော့ လူတွေ သန်း၅၀လောက်ရေထဲမျောတော့မယ်ဆိုတဲ့ မမှန်သတင်းမျိုးတွေလည်း ရည်ရွယ်ချက်ရှိရှိ ဖြန့် လာတာကို တွေ့ရပါတယ်။ တရုတ်ရဲ့ ရပ်ဝန်းလမ်းကြောင်း အစီအစဉ်ကိုလည်း နှောက်ယှက်လို့ရသမျှနှောက်ယှက်ဖို့ တရုတ်ရဲ့ ကြွေးမြီထောင်ချောက်ဆိုတဲ့ ဝေါဟာရကို တီထွင် ပြီး ပါဝင်လုပ်ကိုင်ချင်တဲ့သူတွေ နောက်တွန့်သွားအောင် ချောက်လှန့်နေတာမျိုးလည်း ရှိပါတယ်။ တရုတ်အနေနဲ့ကတော့ ဝါဒဖြန့်ချိရေးစစ်ပွဲမှာ ကမ္ဘာ့မီဒီယာတွေကို အရင်ကတည်းက အုပ်စီးထားတဲ့ အမေရိကန်နဲ့ မယှဉ်နိုင်တာ အမှန်ပါပဲ။ သူ့ပြည်တွင်းမှာ သူပိုင် မီဒီယာတွေနဲ့ ကောင်းကောင်း အုပ်စီးထားနိုင်ပေမဲ့ တရုတ်မီဒီယာတွေက အပြင်ကို တိုးမပေါက်ဘဲ ဖြစ်နေပါတယ်။

ဝါဒသဘောတရားရေးနဲ့ အင်အားအပျော့။ ဝါဒ သဘောတရားရေးမှာ အမေရိကန်က လစ်ဘရယ်သဘောတရားကို အခြေခံပြီး ဟောင်ကောင်မှာ လူ့အခွင့်အရေးနဲ့ဒီမိုကရေစီအရေး၊ ရှင်းကျန့်မှာ လူနည်းစု အခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ခေါင်းစဉ်တွေနဲ့ဝင်စွက်နေတာ တွေ့ရပါတယ်။ ဒီနေရာမှာလည်း တရုတ်က ခံစစ်ပါပဲ။ ဆိုရှယ်လစ်သဘောတရားနဲ့ တရုတ် အမျိုးသားရေးစိတ်ဓာတ်ကိုပေါင်းစပ်ပြီး အမျိုးသား ဝါဒ သဘောတရားအဖြစ်ခံယူထားတာက ပြည်တွင်းအတွက် အလုပ်ဖြစ်ပေမဲ့ အပြင်ဘက်ကို ထိုးဖောက်ဖို့ကျတော့ သိပ်ပြီးသင့်တော်လှတာ မဟုတ်ပါဘူး။ ယဉ်ကျေးမှုလို အင်အားအပျော့ပိုင်းမှာလည်း ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် အနောက်တိုင်းပုံစံက ပိုပြီးထိုးဖောက်စိမ့်ဝင်လာတာတွေ့ရပါတယ်။ တရုတ်က အမေရိကန်မှာ တရုတ် ယဉ်ကျေးမှုလေ့လာရေး ကွန်ဖျူးရှပ် အင်စတီကျုတွေ ဖွင့်ခဲ့ပေမဲ့ နည်းလမ်းအမျိုးမျိုးနဲ့ ပိတ်ဆို့တာတွေခံခဲ့ရပါတယ်။

နည်းပညာ။ နည်းပညာအပိုင်းမှာတော့ သူတင်ကိုယ်တင် အကြိတ်အနယ်အဆင့်ကို ရောက်နေပါတယ်။ သတင်းနည်းပညာနယ်ပယ်မှာ 5G,6G, AI, Deep Learning, Big Data, Cloud, Quantum Computing စတဲ့ ခေတ်သစ် အပိုင်းကျတော့ တရုတ်ကရှေ့ကပြေး နေပါတယ်။ စက်ရုပ်နဲ့ ဒရုန်းတွေမှာလည်း တရုတ်က သာတယ်။ အာကာသနဲ့ ဇီဝ၊နာနို နည်းပညာတွေ၊သမားရိုးကျ စစ်လက်နက်နဲ့ လေကြောင်းသိပ္ပံ တွေမှာကျတော့ အမေရိကန်ကို လိုက်မမီသေးပါဘူး။ ဒါကြောင့်အမေရိကန်က တရုတ် 5G ကို အလွှမ်းမိုးမခံနိုင်သလို၊ အမေရိကန်နည်းပညာတွေ တရုတ်ရသွားမှာလည်း စိုးရိမ်နေတာဖြစ်ပါတယ်။ ကိုဗစ်ကိုအကြောင်းပြပြီး တရုတ်ကျောင်းသားတွေကို နှင်ထုတ်ဖို့ကြိုးစားလာတာ၊ တရုတ်ပညာရှင်တစ်ချို့ကို နည်းပညာသူလျိုမှုနဲ့ လိုက်ဖမ်းနေတာတွေဟာ ဒီအတွက်ကြောင့်ပါပဲ။

ဒီလို ဘက်ပေါင်းစုံက ထိုးနှက်တာကို စစ်ရေးအမြင်အရ ပြောရင်တော့ multidimensional warfare ဘက်စုံ စစ်ပွဲအသွင်ဆောင်တယ်လို့ ပြောကြပါတယ်။

ခြုံပြီးသုံးသပ်ရရင်တော့ ဒီလိုဆိုရင် တရုတ်နဲ့ အမေရိကန်အကြား စစ်ဖြစ်တော့မလား လို့မေးရင်တော့ နှစ်ဘက်စလုံးမှာ နောက်ကြောင်းကလည်းမလုံ အရင်းအမြစ်ကလည်း မတတ်နိုင် ကြသေးလို့ Total War ဆိုတဲ့ အကြွင်းမဲ့ စစ်ကြီးဖြစ်မယ့် ပုံတော့ မရှိသေးပါဘူး။ သို့သော် နှစ်ဘက်စစ်အင်အားပြတာတွေ show of force တွေကတော့ ပိုမြင့်လာနိုင်ပါတယ်။ ကြားလူနဲ့တိုက်တဲ့ proxy war တွေလည်း များလာနိုင်ပါတယ်။သံတမန်ရးနဲ့ စီးပွားရေး ထိပ်တိုက်ရင်ဆိုင်တင်းမာမှုတွေလည်း ပို များလာဖို့ရှိပါတယ်။ နိုင်ငံရေးအရ ဟိုဘက်သည်ဘက် မဟာမိတ်ဖွဲ့မှု အုပ်စုဖွဲမှုတွေလည်း အားမြင့်လာပါလိမ့်မယ်။ သူ့ဘက်ကိုယ့်ဘက် အားစုကြတဲ့ လွန်ဆွဲပွဲမှာ ကြားညပ်ကြမှာကတော့ နိုင်ငံငယ်တွေ အထူးသဖြင့် တရုတ်အနီးအပါးက ဒေသတွင်းနိုင်ငံလေးတွေပဲဖြစ်ပါလိမ့်မယ်။ဒီကြားထဲမှာ အဲဒီနိုင်ငံငယ်လေးတွေက အင်အားကလည်းချည့်နဲ့၊ နိုင်ငံသားတွေကလည်း စည်းလုံးညီညွတ်မှုမရှိ၊ နိုင်ငံရေးကလည်း မတည်ငြိမ်၊ အနေအထိုင်ကလည်းမတတ်၊ သံခင်းတမန်ခင်းကလည်းမကျွမ်းကျင်၊ ပြည်တွင်းသောင်းကျန်းမှုပြဿနာကလည်းရှိ၊ အိမ်နီးချင်းတွေကလည်း ကိုယ့်အပေါ် စိတ်ထားမကောင်းဆိုရင်တော့၊ ကျွဲအုပ်အကြား ဖားတစ်ကောင်ရောက်သွားသလို ဟိုကနင်း ဒီကခြေနဲ့ စိစိညက်ညက်ကြေသွားနိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Credit to KoHlaing

Add a Comment

Your email address will not be published. Required fields are marked *

16 − five =