တဖြည်းဖြည်း အားပျော့ပျက်ပြယ် သွားတော့မည့် ဆိုင်ကလုန်း မုန်တိုင်း အမ်ဖန် နောက်ဆုံး သတင်း

တဖြည်းဖြည်း အားပျော့ပျက်ပြယ် သွားတော့မည့် ဆိုင်ကလုန်း မုန်တိုင်း အမ်ဖန် နောက်ဆုံး သတင်း

ဆိုင်ကလုန်း မုန်တိုင်း အမ်ဖန် အတွက် မိုးဇလက ထုတ်ပြန်သည့် နောက်ဆုံး သတင်း…

မုန်တိုင်းငယ် (Depression) အခြေအနေ…

ယနေ့မြန်မာ စံတော်ချိန် (၁၃:၃၀) နာရီအချိန် တိုင်းထွာချက် များအရ ဘင်္ဂလားဒေရှ့်နိုင်ငံ၊ ဘိုဂူရမြို့ (Bogura) အနီးမှ ဖြတ်ကျော်ခဲ့သော ဆိုင်ကလုန်း မုန်တိုင်း (Cyclonic Storm) အမ်ဖန် (AMPHAN) သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မုန်တိုင်းငယ် (Depression) အဖြစ်သို့ အားလျော့ သွား ခဲ့ပါသည်။ အဆိုပါ မုန်တိုင်းငယ် (Depression) သည် အရှေ့မြောက်ဘက် သို့ ဆက်လက်ရွေ့လျားပြီး၊ ယနေ့ညနေပိုင်းတွင် တစ်ဖြည်းဖြည်း အားပျော့ပျက်ပြယ်သွားမည်ဟု ခန့်မှန်းရပါသည်။

ယခုသတင်းသည် စူပါဆိုင်ကလုန်းမုန်တိုင်း (Super Cyclonic Storm) အမ်ဖန် (AMPHAN) အတွက် ထုတ်ပြန်ပေးသည့် နောက်ဆုံး သတင်း ဖြစ်ပါသည်။

ဆိုင်ကလုန်း မုန်တိုင်းဟာ ပြည်တွင်းကို သက်ရောက်မှု မရှိနိုင်ဘဲ မုန်တိုင်း အကြွင်းအကျန် မိုးတိမ်တွေ ကြောင့် နေရာကွက် မိုးကြီးပြီး ရုတ်တရက် ရေကြီးတာ နဲ့ တောင်ကျချောင်းရေကြီးတာတွေကို သတိပြုဖို့ လိုအပ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။

“ ဒီမုန်တိုင်းရဲ့ သက်ရောက်မှုက ကျွန်တော်တို့ ဘက်ကို မိုးပေးနေတဲ့ အနေအထားမျိုး ဖြစ်တယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကတော့ တော်တော် များများ ပူခဲ့တော့ အခုမိုးရွာတော့ စိုက်ပျိုးရေးအတွက်ရော လုပ်ငန်းတွေပါ အဆင်ပြေလာတဲ့ အနေအထားတွေ ဖြစ်လာတယ်။ နေရာကွက်မိုးကြီးတဲ့နေရာတွေမှာတော့ ရုတ်တရက် ရေကြီးတာ၊ တောင်ကျချောင်းရေးကြီးတာတွေ ဖြစ်နိုင်တယ်ပေါ့” လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။

မုန်တိုင်းရဲ့အရှိန်ကြောင့် မြန်မာတစ်နိုင်ငံလုံးမှာ နေရာကျဲကျဲကနေ နေရာစိတ်စိတ်မိုးရွာနိုင်ပြီး ချင်းပြည် နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွေ မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ဒေါက် တာကျော်မိုးဦးကပြောပါတယ်။ မုန်တိုင်းဟာ ကုန်းတွင်းဝင်ရောက်သွားပေမယ့် ကြွင်းကျန်တိမ်တိုက်တွေရဲ့ အရှိန်ပင်လယ်ပြင်မှာ ကျန်ရှိနေ သေးတာကြောင့် ပင်လယ်ပြင်ကို ဂရုပြုဖို့လိုအပ်တယ်လို့လည်း သတိပေး ထားပါတယ်။

ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ တစ်ခါ တစ်ရံ မိုးသက်လေပြင် ကျရောက်နိုင်ပြီး မိုး သက်လေပြင်းကျတဲ့အချိန်မှာ ရေပြင်မြေပြင်လေဟာ တစ်နာရီ မိုင် ၄၀ အထိ တိုက်ခတ်နိုင်တယ်လို့ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်။ လက်ရှိ မိုးကြိုကာလ မုတ်သုန်ဝင်ရောက်ချိန်ဖြစ်တဲ့အတွက် မိုးတိမ်တောင်ဖြစ်စဉ်တွေ ရှိနေတာကြောင့် မိုးသက်လေပြင်းကျတာနဲ့ မိုးကြိုးအန္တရာယ်ကို သတိပြုရမယ်လို့ ဒေါက်တာကျော်မိုးဦး ကပြောပါတယ်။

Post Views: 2