မ share ပဲ မနေနိုင် ပါ …

မ ရှယ် ပဲ မနေနိုင် ပါ …

ဖြစ်ကိုဖြစ်ရမယ် “ငါ မဖြစ်နိုင်ဘူး “ဆိုရင် အဲဒီ လူဟာ မကြိုးစားတော့ဘူး။ ဒီတော့ ဘယ်တော့မှ မဖြစ်တော့ဘူး။

“ငါ ဖြစ်ချင်ဖြစ်နိုင်တယ်” ဆိုရင် အဲဒီလူဟာ နည်းနည်း ကြိုးစားသေး တယ်။ ဒီတော့ ဖြစ်ဖို့ အလားအလာ ရှိသေးတယ်။

“ငါ ဖြစ်ကို ဖြစ်ရမယ် ” ဆိုရင် အဲဒီလူဟာ အကြိမ်ကြိမ် ကြိုးစား တယ်။ နောက်ဆုံးတော့ ဖြစ်သွားတယ်။ ဘာကြောင့် ဖြစ်သွားတာလဲ၊ အကြိမ်ကြိမ် ကြိုးစားလို့ပါ။

အကြိမ်ကြိမ် ကြိုးစားတဲ့ မထေရ်

လွန်ခဲ့တဲ့ တချိန်က မဟာသီဝမထေရ် ဆိုတာ ရှိခဲ့ဖူးတယ်။ မထေရ်ကြီးဟာ စာသင်သား သံဃာတွေကို စာချနေတယ်။ တပည့်တွေက အများကြီးပဲ။ တချို့တပည့်တွေက ဆရာတော်ကြီးထံမှာ စာသင်ပြီးတော့ ကိုယ့်ကျောင်းကိုယ် ပြန်ကြတယ်။ အဲဒီနောက် ဆရာတော်ကြီး လမ်းညွှန်သည့်အတိုင်း တရားကျင့်ကြသည့် အတွက် ရဟန္တာ ဖြစ်သွားကြတယ်။

ဆရာတော်ကြီးရဲ့ တပည့်လေး တစ်ပါး၊ ဆရာ့အကြောင်း စဉ်းစားမိတယ်။ “ငါတို့ဆရာ စာလည်း တတ်တယ်၊ အဟောအပြောလည်း ကောင်းတယ်။ ဘာတရားတွေ ရနေပါလိမ့်” ဆိုပြီး အဘိညာဉ်တန်ခိုးနဲ့ လှမ်းကြည့်လိုက်တယ်။

“ငါတို့ဆရာဟာ သူများရဲ့မှီခိုရာတော့ ဟုတ် တယ်။ ဒါပေမဲ့ ကိုယ့်ရဲ့မှီခိုရာ မဖြစ်သေးဘူး။ ဘာတရားမှ မရသေးပါလား” ဆိုပြီး သိသွားတယ်။

ဒါနဲ့ သတိပေးဖို့အတွက် ဆရာတော်ကြီးထံ ရောက် သွားတယ်။ တပည့်ရဟန်းလေး ရောက်လာတော့ ဆရာတော်က မေးတယ်၊ ဘာကိစ္စရှိလဲပေါ့။

“စာမေးစရာ ရှိလို့ပါဘုရား” ဆိုတော့ ဆရာတော်ကြီးက “အခုတော့ မအားသေးဘူးကွာ” လို့ မိန့် လိုက်တယ်။

“ဒါဖြင့်ရင် မနက်ဖြန် မနက်ခင်း အားလားဘုရား”။

“မအားဘူး၊ စာကြည့်စရာ ရှိသေးတယ်”။

“ဒါဆိုရင် ဆွမ်းခံသွားခါနီး အားလားဘုရား”။

“မအားဘူး၊ တချို့ရဟန်းတွေက စာမေးကြလို့ ဖြေရသေးတယ်”။

“ဒါဆိုရင် ဆွမ်းခံပြန်လာတဲ့ အချိန် အားလားဘုရား”။

“မအားဘူး၊ စာချရသေးတယ်လေ”။

“ဒါဆိုရင် နေ့ဆွမ်းစားပြီးရင်ကော အားလားဘုရား”။ “မအားဘူး၊ စာရေး ရသေးတယ်”။

“ဒါဆိုရင် ညနေခင်းကော အားလားဘုရား”။

“မအားဘူး၊ စာချရသေးတယ်”။

“ဘယ်အချိန်မေးမေး မအားပါလား ဘုရား”။

“အေး ဟုတ်တယ်၊ မအားဘူး၊ အချိန်ပြည့် စာသင်စာချအလုပ် လုပ်နေရတယ်”။

“ဒါဆိုရင် သေဖို့ အချိန်တောင် မရတော့ပါ လားဘုရား”လို့ လျှောက်ထာပြီး ဈာန်အဘိညာဉ်တန်ခိုးနဲ့ ကောင်းကင်ခရီးကနေ ပြန်ကြွသွားတယ်။

ဆရာတော်ကြီး သံဝေဂ ရသွားတယ်။ ” အော် လက်စသတ်တော့ ငါ ကို လာပြီးတော့ သတိပေးတာပဲ” လို့ သဘောပေါက်သွားတယ်။

အဲဒီနောက် ဆရာတော်ကြီးဟာ တရားကျင့်ဖို့အတွက် တောထဲကို ထွက်သွား ပါတယ်။ အချိန်က ဝါဆိုဖို့ ၃ -၄ ရက်ပဲ လိုတော့တယ်။ “ဒီ ၃-၄ ရက်အတွင်းမှာ ရဟန္တာဖြစ်အောင် အားထုတ်မယ်” လို့ ဒီလို စိတ်ကူးနဲ့ တောထွက်ခဲ့တာ။

တောထဲရောက်ပြီဆိုတဲ့အခါ အပြင်းအထန် ကျင့်တယ်။ တစ်ရက်ကုန် သွားပြီ။ သို့သော် ဘာတရားမှ မရ။ ဆက်ပြီး အားထုတ်တယ်။ ဝါဆိုမည့်ရက် ရောက်လာပြီ၊ ဘာတရားမှ မရသေးဘူး။ ဒါနဲ့ အဓိဋ္ဌာန် မအောင်မြင်တော့ ကျောင်းကို မပြန်တော့ဘဲ တောထဲမှာပဲ ဝါဆိုလိုက်ရတယ်။

အဲဒီနောက် ဝါတွင်းသုံးလ အားထုတ်တယ်။ ဝါကျွတ်သွားတယ်။ ဘာတရား မှ မရဘူး။ ဒီတော့ စိတ်ဓာတ်ကျပြီး မျက်ရည်ကျလာတယ်။

ဆက်ပြီးတော့ အားထုတ်တယ်၊ နောက် တစ်နှစ် ဝါကျွတ်ပြန်ပြီ၊ ဘာတရားမှ မရဘူး။ မျက်ရည်ကျပြန်ပြီ။ အဲဒီလိုနဲ့ အားထုတ်လိုက်တာ နှစ်ပေါင်း ၃၀ ကြာသွားတယ်။ ဘာတရားမှ မရ။ ဒီတော့ ဝါကျွတ်တိုင်း မျက်ရည်ကျရတယ်လေ။

ငိုရင် တရားများ ရမလားလို့

အဲဒီအချိန်မှာ မလှမ်းမကမ်းမှာ ရှိတဲ့ နတ်သမီးလေးက ငိုတယ်။ ငိုသံကြားတော့ ဆရာတော်က မေး လိုက်တယ်။

“အခု ငိုတာ ဘယ်သူလဲ”။

” တပည့်တော် နတ်သမီးပါဘုရား”။

“ဘာဖြစ်လို့လဲ ငိုတာလဲ”။

“မှန်ပါ၊ ငိုရင် တရားများ ရမလားလို့ ငိုတာပါဘုရား” ။

အဲဒီလိုလည်း ပြောလိုက်ရော ဆရာတော်ကြီး ရှက်သွားတယ်။ ဒါနဲ့ စိတ်အားတင်းပြီး အားထုတ်လိုက်တယ်။ အဲဒီလို အပြင်းအထန် အားထုတ်လိုက်သည့်အတွက် ရဟန္တာဖြစ်သွားတယ်။

ဒါကို ကြည့်ရင် မဟာသီဝ မထေရ်ကြီးဟာ အကြိမ်ကြိမ် ကြိုးစားလိုက်လို့ ရဟန္တာ ဖြစ်သွားတာ။ ဒါကြောင့် အလုပ်တစ်ခု အောင်မြင်ဖို့အတွက် အကြိမ်ကြိမ် ကြိုးစားရပါတယ်။

မဖြစ်နိုင်ဆိုတာ မရှိ

စစ်သူကြီး နပိုလီယံ ပြောခဲ့တယ်။ ” ငါ့အဘိဓာန်မှာ မဖြစ်နိုင်တာဆိုတာ မရှိ” တဲ့။ ဘယ်လောက်အားပါတဲ့ စကားလဲ။ ဒါ ” အနိုင်စကား” လို့ ခေါ်တယ်။

လောကကြီးမှာ မဖြစ်နိုင်တာတွေ အများကြီးပဲ။ ဒါပေမဲ့ ကိုယ့်စိတ်ကတော့ အားတင်းထားရမှာပဲ။ စိတ်လျှော့ရင် ပိုဆိုးသွားမှာပေါ့။

တချို့က ဘာမှ မလုပ်ဘဲနဲ့ ” ငါ အရည်အချင်း မရှိဘူး၊ ငါလုပ်ရင် ဖြစ်မှာ မဟုတ်ပါဘူး၊ ငါ မစွမ်းဆောင်နိုင်ဘူး” ဆိုပြီး ဆင်ခြေပေးတယ်။ အဲဒါ ” အရှုံးစကား” လို့ ခေါ်တယ်။

အလုပ်တစ်ခုကို မလုပ်သေးဘဲ “အရှုံးစကား” မပြောရဘူး၊ အကြိမ်ကြိမ် ကြိုးစားလို့ မဖြစ်တော့ဘူးဆိုမှ ” ငါ မဖြစ်တော့ဘူး” လို့ ဆုံးဖြတ်ချက် ချရမှာ မဟုတ်လား။

ဘာမှ မလုပ်သေးခင် ” အရှုံးစကား” ပြောခြင်းဟာ စိတ်ခွန်အား လျော့ပါးစေတယ်။

ဒါကြောင့် အလုပ်တစ်ခု လုပ်တဲ့အခါ “မဖြစ်ဖြစ်အောင် လုပ်မယ်” ဆို တဲ့ ခံယူချက် ရှိရမယ်။ ပြင်းပြတဲ့ ခံယူချက်ဟာ ကြီးမားတဲ့ စိတ်ခွန်အားကို မွေးထုတ်ပေးတယ်။ အဲဒီစိတ်ခွန်အားကပဲ အောင်မြင်မှုဆီကို တွန်းပို့ပါလိမ့်မယ်။

“သတ္တဝါ ခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ”

သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ

Add a Comment

Your email address will not be published. Required fields are marked *

seventeen + fifteen =