ဒီမိုကရေစီ ကို အသေအချာ ကာကွယ်ရမယ့် အမေရိကန်နဲ့ ထရန့်ဟာ မြန်မာ ရဲ့ မိတ်ဆွေစစ် ဖြစ်နိုင် ပါ့မလား?

အမေရိကန် သမ္မတ ဂျွန် အက်ဖ် ကနေဒီသည် သူ၏ သမ္မတ ကျမ်းသစ္စာ ကျိန်ဆို ပွဲတွင် ယခုလို ပြောကြားသွားခဲ့သည်။ “ကျွန်တော် တို့သည် ဂုဏ်ယူဖွယ် ကောင်းလှသည့် အမွေအနှစ်များ ဆက်ခံလာရသူများပီပီ ယခုအခါ ပြည်တွင်း ပြည်ပတွင် ကျူးလွန်နေကြသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို လက်ပိုက်ကြည့်နေလိုစိတ် မရှိသဖြင့် လွတ်လပ်ခြင်း ဆိုသည့် တရားအား ရှင်သန် အသက်ဆက်နိုင်ရေးအတွက် မည်မျှပင် ကြီးမားသော ဝန်ကို ထမ်းရ ပါစေ၊ မည်မျှပင် တန်ဘိုးကြီးကြီး ပေးဆပ်ရပစေ၊ မည်မျှပင် အခက်အခဲများနှင့် ကြုံရပါစေ၊ ကျွန်တော်တို့သည် မိတ်ဆွေများကို ကူညီပြီး ရန်သူများကို ရင်ဆိုင်သွားမည် ဟု ဒီနေရာကနေ အာမခံ ပြောကြားလိုပါတယ်” ဟူသော စကားများကို ထိုအချိန်က မှီလိုက်ကြသော မြန်မာတို့၏ နားတွင် ပဲ့တင် ထပ်လျှက် ရှိနေကြဆဲ ပင် ဖြစ်မည်။

သို့သော် ယနေ့ခေတ် မြန်မာတို့ အဖို့ အမေရိကန် ကို ကြည့်၍ မည်သို့မျှ အားကျ အတုယူလိုစိတ် ဖြစ်ပေါ်လာစရာ အကြောင်း မရှိပေ။ မကြာမီက ဖြစ်ပျက်ခဲ့မှုများကြောင့် သမ္မတ ဒေါ်နယ် ထရန့် လှစ်ဟပြလိုက်သော အမေရိကန်သည် တခါက ၎င်းတို့ ညွတ်နူးခဲ့ရသည့် စနစ်ကြီး မရှိတော့ကြောင်း ဘွင်းဘွင်းကြီး သိခဲ့ရရုံမက ဒီမိုကရေစီ စနစ်သည် နောက်ဆုံးတွင် မီးစာကုန် ဆီခန်းသည့် ဘဝ ဆိုက်ရောက်တော့မည်လောဟု တကမ္ဘာလုံးက စိုးရိမ်မကင်း ဖြစ်လာကြရသည့် အနေအထားသို့ပင် ဆိုက်ရောက်လာခဲ့ရသည်။ မိမိတို့ ငယ်စဉ်က အမေရိကန် ရုပ်ရှင် ဇောရိုး ကို မှတ်မိနေသေးသည်။ ဇာတ်လိုက်သည် မျက်နှာဖုံးကြီး ကိုစွပ်ကာ အမှန်တရား ဘက်မှ ရပ်တည်ကာမကောင်းသူများ ကို လိုက်လံရှင်းလင်းသည့် ဇာတ်လမ်းမျိုး ဖြစ်၍ သဘောအကျကြီး ကျနေမိသည်။ ထရန့်က ထိုကားကို ကြည့်ခဲ့ဖူးပုံမရပေ။ သူကိုယ်တိုင်ပင် မျက်နှာစည်းကို တပ်ရန် ငြင်းပယ်ခဲ့ ရုံမက ထိုသို့ ပြောလာသူများကို ဆန့်ကျင်ရန်လုပ်ခဲ့၍ လူပေါင်း ထောင်သောင်းမက သေဆုံးခဲ့ရသည်။ လက်ရှိတွင် သေဆုံးသူ ၁၅၆,၈၃၉၊ ကူးစက်သူ ၄,၇၇၁,၈၄၆ ပင် ရှိလာခဲ့သည်။

ယခုထိလည်း အာရှ ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးကို ခန့်ထားခြင်းမရှိ၊ (မြန်မာ ဆိုင်ရာ သံအမတ်ကိုပင် အတည်မပြုရသေး) သဖြင့် မြန်မာပြည်တွင် နှစ်ပေါင်း ၁၅ နှစ်နီးပါး ကွာရန်တင်း လုပ်ခံခဲ့ရသည့် ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကိုပင် သိမည်မဟုတ်ဟု သံသယ ဝင်မိသည်။ ယခုအခါ အမေရိကန်သည် နိုင်ငံတကာ ၏ ဝိုင်းပယ်ခြင်းကို ခံနေရပြီး သူ၏ နိုင်ငံသားများအဖို့ ဥရောပ အပါအဝင် ကမ္ဘာတဝှမ်းသို့ ခရီးထွက်နိုင်ခြင်းပင် မရှိတော့ပေ။ ထရန့်အဖို့ က ကော်ရိုနာ ဗိုင်းရပ်စ် ကြောင့် သူ၏ ကြွေးကြော်သံ ဖြစ်သည့် America First သည် ပြည့်ဝသွားရှာပြီဟု စိတ်ဖြေသိမ့်နိုင်စရာတော့ ရှိနေသည်။

ယခုအခါ အမေရိကန် နှင့် မြန်မာသည် တလတည်းတွင် ရွေးကောက်ပွဲ အတူ ကျင်းပရဖို့ ဖြစ်လာသည်။ အကယ်၍များ ထရန့်သည်သာ မြန်မာစစ်အစိုးရလို အရှက်မဲ့စွာ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ခဲ့ပြီး ၎င်းနိုင်ငံသားများ အပေါ် နိုင်ငံတော် ငြိမ်းချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီ အမည်တပ်ပြီး ဆက်လက် အမြတ်ထုတ် ဂုပ်သွေးစုပ် လာသည်ကို ပုံတူ ကူးချမည်ဆိုလျှင် ၁၉၈၉ ဇွန်လ ၄ ရက်နေ့ တွင် တရုတ်ပြည်တွင် ဖြစ်ပွားခဲ့သော တီယန်မင် အရေးအခင်းကြီး လိုမျိုးနှင့် ရင်ဆိုင်ရဖို့ ရှိနေသည်။ တီယန်မင် အရေးအခင်း သည်လည်း လူထောင်ပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ကြရသည့် ၈၈၈၈ လူထု အုံကြွမှုကြီး၏ ကာဘွန်ကော်ပီသာ ဖြစ်ပြီး သမ္မတ ထရန့်မှ အမျိုးသား အစောင့်တပ်ဖွဲ့များကို စေလွှတ်လိုက်မည် ဆိုလျှင် အမေရိကန် နိုင်ငံသားများ သည် ၈၈၈၈ နှင့် တီယန်မင် အရေးအခင်းကြီး၏ အရသာ များကို ကိုယ်တိုင်ကိုယ်ကျ မြည်းစမ်းခွင့် ရရှိလာကြမည်လည်း ဖြစ်သည်။ ယခုလို တရုတ် နှင့် စစ်အေးတိုက်ပွဲ ပုံစံ ပြန်လည်စတင်လာတော့မည့် အချိန်တွင် လူဦးရေ သန်းငါးရာမျှ နေထိုင်လျှက် ရှိသော ကျွန်းစုများ ၊ ကုန်းမြေကြီးများ ဖြင့် ဖွဲ့စည်း ထားသည့် အရှေ့တောင်အာရှ နိုင်ငံများသည် ဘူမိနိုင်ငံရေး အနေအထားအရ မည်မျှ အရေးပါနေသည် ဆိုသည်အား ၎င်းအဖို့ နားလည် နိုင်စွမ်း ရှိမည် မထင်ပေ။

တိုင်ဝမ်သည် ယခင်ကလို ပေါလော မျောနေသော မနစ်မြုပ်နိုင်သည့် အမေရိကန် လေယာဉ်တင် သင်္ဘောကြီး မဟုတ်တော့၊ ယခုအခါ တိုင်ဝမ်ရေလက်ကြားတွင် အမေရိကန် အမှတ် (၇) ရေတပ်ကြီးသည် တရုတ်ရေတပ်ကြီး၏ အရိပ်အခြေကို ကြည့်ပြီး သွားလာနေရပြီ မဟုတ်ပါလား။ သို့သော် အိန္ဒိယ သမုဒ္ဒရာ အတွင်းရှိ ဒီဂိုဂါဆီယာ ကျွန်းတွင် တပ်စွဲကာ ကင်းလှည့်နေသော အမေရိကန် အမှတ် (၆) ရေတပ်ကြီးကတော့ ဘင်္ဂလားပင်လယ်အော်သို့ အလွယ်တကူ ဝင်ထွက်နိုင်နေဆဲ ဖြစ်သည်။ အဆိုပါ ဘင်္ဂလားအော်သို့ လည်း ကူမင်းမှတဆင့် ကျည်ဆံရထားလမ်း ဖေါက်ရန် တရုတ်က ကြံရွယ်ထားပြီးလည်း ဖြစ်သည်။

သမိုင်း အစဉ်အဆက်တွင် တရုတ်၏ ကျူးကျော်လာမှုအား ပြတ်ပြတ် သားသား ရင်ဆိုင် ခဲ့သော အရှေ့တောင် အာရှ နိုင်ငံများတွင် ဘားမိစ် နှင့် ဗီယက်နမ်မိစ် ဆိုသည့် နှစ်မိစ်သာ ရှိခဲ့သည်မှာ ထင်ရှားခဲ့ပြီး ဖြစ်သည်။ ထိုအကြောင်းကို ယခုလို တရုတ်တို့၏ စီးပွားနယ်ချဲ့ဝါဒ ဖြစ်သည့် ရပ်ဝန်း နှင့် လမ်းစီမံကိန်းများဖြင့် ကမ္ဘာပတ်ရန် ကြိုးစား နေချိန်မျိုး တွင် နှစ်ကီး ဖြစ်သော မန်းကီး ထရန့် နှင့် ယန်ကီး တို့ သိဖို့ အရေးကြီးပေသည်။ (ထရန့်၏ ဖခင် ဖရက်ဒရစ် ဖရန့် သည် ဂျာမန် တဦး ဖြစ်ပြီး မိမိတို့ အာယန်မျိုး နွယ်စုသည်သာ အမြင့်မြတ်ဆုံးဟူသော နာဇီဝါဒ လက်ကိုင်ထားပြီး အာဖရိကန်၊ လက်တီနို၊ ဂျုးများ နှင့် အာရှသားများကို ပြစ်မှတ်ထား ရန်ရှာနေသော ကူကပ်ကလန် ခေါ်သော ကေသုံးလုံး ဂိုဏ်းဝင် ဖြစ်သည်။ ၁၉၂၇ ခုနှစ် ချီတက် ဆန္ဒပြပွဲတွင် ပါဝင်မှုဖြင့် အဖမ်းခံ ခဲ့ရသည်… မိမိ၏ စကားချပ်)

ထရန့်သည် နိုင်ငံတနိုင်ငံတည်း၊ လူမျိုး တမျိုးတည်း၊ ဘာသာ တဘာသာတည်းဟူသော မြန်မာ လူမျိုးကြီး ဝါဒအား လူမျိုးရေး သန့်စင် ပြစ်ရန် ဝန်မလေးသည့် စစ်တပ်နှင့် အကောင်အထည်ဖေါ်ရန် ကြံစည်နေပုံကို အဘယ်ကြောင့် ပုံတူ ကူးချနေသည်အား သာမန် မြန်မာ လူထု အဖို့ ဆက်စပ် နားလည်နိုင်စွမ်း ရှိမည် မဟုတ်ပေ။ စစ်အဏာရှင်များ အဖို့ နိုင်ငံ၏ အမည်ကိုပင် ပြည်သူ တဦးတယောက်၏ စိတ်ဆန္ဒ မပါဘဲ မိမိတို့ စိတ်ကူးပေါ်သလို ပြောင်းလဲ ဝံ့ ကြသော လူများ အဖြစ် အထင်အရှားပင် တွေ့မြင်ခဲ့ရပြီး ဖြစ်သည်ကို သတိချပ်သင့်လှသည်။ ယခုလာမည့် နိုဝင်ဘာလသည် မြန်မာပြည် အတွက် ‘ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံ” ဘဝ မှ လွတ်မြောက်လာတော့မည် ဟုတ် ၊ မဟုတ်ကို အဆုံးအဖြတ် ပေးမည့် ပွဲ ဖြစ်သလို အမေရိကန်တွင်လည်း လီဘာတီ ရုပ်ထုကြီးလို ဒီမိုကရေစီ လက်နက်ကြီး ကိုင်စွဲကာ လွတ်လပ်မှုအား အခိုင်အမာ ဆက်လက် ကာကွယ် ရပ်တည်သွားခြင်း ရှိမရှိကို စောင့်ကြည့်ကြ ရတော့မည် လည်း ဖြစ်ပေသည်။

လှစိုးဝေ

Add a Comment

Your email address will not be published. Required fields are marked *

eighteen − 2 =