အရင်လို မဟုတ်တော့တဲ့ ကမ္ဘာကြီး နဲ့ ကာကွယ်ဆေးပေါ်တဲ့ အထိ တောင့်ထားရမယ့် မြန်မာပြည်

အရင်လို မဟုတ်တော့တဲ့ ကမ္ဘာကြီး နဲ့ ကာကွယ်ဆေးပေါ်တဲ့ အထိ တောင့်ထားရမယ့် မြန်မာပြည်

အသစ် ကမ္ဘာသို့

ကိုဗစ်ရောဂါ ဆိုးကြီး ဖြစ်ပွားရာ ကူးစက်မှု တဖြည်းဖြည်း ကျဆင်းလာပီးနောက် တကမ္ဘာလုံးတွင် အလုပ်များ၊ ယန္တရားကြီးများ ပြန်လည်ဖွင့်လှစ်လာကြသည်။ သို့ရာတွင် စည်းကမ်းတကျ ကာကွယ်မှုများစွာနဲ့ဖြစ်သည်။

ယခင်လို လွတ်လပ်သော ရှင်းလင်းသော နေထိုင်မှု မျိုးကိုတော့ ပြန်လည်ရရှိနိုင်ခြင်း မရှိသေးပါ။ ထိုသို့ ယခင်က နေထိုင်ရသော ဘ၀မျိုးများသည် ပြန်လည်ရရှိနိုင်ပါဦးမည်လော။ သေချာသည်ကတော့ ကမ္ဘာကြီးသည် အသစ်ကမ္ဘာတခုသို့ ဦးတည်နေပီဖြစ်သည်။

ပြန်လည်ဖွင့်လှစ်လာသော လုပ်ငန်းများတွင် တဦးနဲ့ တဦး ၆ ပေခန့်ခွာ၍ နေရခြင်း၊ လက်မကြာခဏ ဆေးရခြင်း၊ Mask များ မဖြစ်မနေတပ်ဆင်ရခြင်းတို့ လုပ်ရသည်။ စားသောက်ရာတွင်လဲ အလယ်တွင် မှန်ပြားများ ကာရန်၍ စားရသည်။ အဝေးပြေးကားစီးလျှင် ၂ခုံ ၁ယောက် ထိုင်စီး ရသည်။

ထိုသို့ဖြင့်ပင် တကမ္ဘာလုံးတွင် ပုံစံမျိုးစုံဖြင့် လူတို့သည် လုပ်ငန်းများကို ပြန်ဖွင့်ရန်၊ စီးပွားရေးအသက်ဆက်ရန် ပြင်ဆင်နေကြသည်။ ဇွန်လတွင်မူ အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းများကို ပြန်ဖွင့်ရန်ပင် ကြိုးစားနေကြသည်။ သို့မှသာ လေကြောင်းလိုင်းများစွာ ဒေ၀ါလီခံခြင်းမှ ကင်းလွတ်နိုင်မည်ဖြစ်သည်။ ယခုပင် Thai Airway ဒေ၀ါလီခံမှုကြောင့် ၀န်ထမ်းပေါင်း ၆၀၀၀ အလုပ်မှ ရပ်စဲခြင်းခံရတော့မည်ဖြစ်သည်။

ကိုဗစ်သည် ကမ္ဘာမြေ၏ ယန္တရားကြီးကို ရပ်တန့် လိုက်ခြင်းဖြစ်သည်။ ဆယ်စုနှစ်တခုကျော်ကြာ တည်ဆောက်ထားခဲ့သော Globalization ကြီးသည် အလွန်အထိနာသွားသည်။ ကမ္ဘာ့အရှေ့ခြမ်းနှင့် အနောက်ခြမ်းကို အိမ်ဦးနှင့် ကြမ်းပြင်လို သွားလာနေကြသည့် ခေတ်ကြီးက ယခုရောဂါကို လျင်မြန်စွာ ကူးစက်ပျံ့နှံ့ သွားစေသည်။

Globalization တွင် လူတို့သည် တနိုင်ငံထဲတွင် အငြိမ်နေပီး စီးပွားရေး လုပ်ခြင်းမဟုတ်။ ကမ္ဘာအနှံ့ခြေဆန့်၍ နိုင်ငံပေါင်းများစွာတို့တွင် အလုပ်လုပ်ကြခြင်းဖြစ်သည်။ ယခု ခရီးသွားလာခွင့်များ ပိတ်ပင်လိုက်ရမှုနှင့်အတူ ဘီလီယံနဲ့ချီ၍ ၀င်ငွေရနေသော လေကြောင်းလိုင်းများ ဒေ၀ါလီခံရသည် အထိ ကျဆင်းသွားသည်။

ဤရောဂါအတွက် ကာကွယ်ဆေး တရားဝင် မရမခြင်း ကမ္ဘာသည် ယခင်ကကဲ့သို့ သွားလာလည်ပတ်ရန်၊ စီးပွားရှာရန် မလွယ်ကူတော့ပါ။ ဒုတိယအကြီးအကျယ်ထိခိုက်သည့်လုပ်ငန်းမှာ ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်းဖြစ်သည်။

ကမ္ဘာပေါ်တွင် လူသန်းပေါင်း ၂၀၀ နီးပါးခန့် အလုပ်လက်မဲ့ဖြစ်သွားနိုင်သည့် ဖြစ်စဉ်သည် မြန်မာပြည်ကိုလဲ ရိုက်ခတ်မှုရှိသည်။ မြန်မာနိုင်ငံသည် တခြားနိုင်ငံများလောက် အပြည်ပြည်ဆိုင်ရာချိတ်ဆက်မှုမရှိသဖြင့် အလုပ်လက်မဲ့ဦးရေသည် အလွန်များနိုင်ခြေမရှိပေ။ စီးပွားရေးအကြပ်အတည်းကိုမူ ကျိန်းသေခံစားရမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် မတ်လ ၂၃ မှ စတင်၍ လုပ်ငန်းများ စတင်ရပ်နားကြရသည်။ ဧပြီလ ကတော့ ပုံမှန်ပိတ်နေကျ လဖြစ်သဖြင့် သိပ်ထူးခြားမှုမရှိပေ။ မြန်မာပြည်၏ အခြေခံနှင့် အလတ်တန်း လူတန်းစားတို့ ခံနိုင်ရည်ရှိကြသေးသည်။ ယခု မေလတွင်တော့ ထိုလူတန်းစားတို့ ခံနိုင်ရည်ရှိရန် မလွယ်တော့။

နောက်ထပ် တလ ထပ်မံပိတ်ရပါက စီးပွားရေးလုပ်ငန်းရှင်ကြီးများပင် လုပ်ငန်းများ ရပ်တန့်ရနိုင်သည့် အန္တရာယ် ရှိနေသည်။ အကြပ်အတည်းသည် ယခုအချိန်မှ စတင်၍ နောက်ထပ် ၁ နှစ် ၂နှစ်ကျော်ကြာသည်အထိပင် ရှည်ကြာနိုင်သည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည်။ လူအများစုသည် စိုက်ပျိုးရေးဖြင့် အသက်မွေးကြ သည်။ သို့သော် ခေတ်ကာလအရ စက်မှုနိုင်ငံဖြစ်ဖို့ တဖြည်းဖြည်းပြောင်းလဲဖို့ အားထုတ်နေသောနိုင်ငံလဲဖြစ်သည်။ ယခု ကပ်ဘေးဖြစ်လာချိန်တွင်မှု လူတို့သည် စားဖို့က အသက်ဖြစ်လာသည်။ ၀မ်းရေးသည် နံပါတ် ၁ဖြစ်သည်။ ထိုအခါ စိုက်ပျိုးရေးနိုင်ငံ များ၏ အခန်းကဏ္ဍသည် ပိုမို ပေါ်လွင်လာနေသည်။

လက်ရှိအချိန်တွင် ကမ္ဘာတ၀ှမ်းရှိ နောက်ဆုံးပေါ် IT ပစ္စည်းများ။ မော်တော်ကားများ၊ ဇိမ်ခံပစ္စည်း များနှင့် လက်ဝတ်ရတနာများ ၀ယ်ယူသူ မရှိသလောက်ဖြစ်သွားသည်။ လူတိုင်းသည် ငွေကိုသာ လက်ထဲတွင် တတ်နိုင်သလောက်ထားပီး စားသောက်ရန်နှင့် အိမ်သုံးပစ္စည်းများသာ အဓိက ၀ယ်ယူနေကြသည်။

စားသောက်ဆိုင်များ၊ Bar များနှင့် Club များ အစရှိသည့် အပျော်အပါး နေရာများသည်လဲ ယခုနှစ်တွင် အတော်တောင့် ခံ၍ ရှေ့ဆက်ကြရမည်ဖြစ်သည်။ ယခု ကပ်ဘေး၏ အကျိုးဆက်သည် လာမည့်လများတွင် အလွန်သိသာလာမည်ဖြစ်၍ လူအများစုသည် ယခင်ကကဲ့သို့ အပျော်အပါးအတွက် ငွေထုတ်ရန် အခက်အခဲရှိလာမည်ဖြစ်သည်။

ထို့အပြင် လက်ရှိ Yangon Night Life တွင် ငွေအသုံးအများဆုံးမှာ လူငယ်များဖြစ်သည်။ နိုင်ငံတကာကုပဏီများ၊ လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နေကြသော ၀င်ငွေကောင်းသည့် လူငယ်များသည် ထိုလုပ်ငန်းများ၏ သွေးကြောဖြစ်သည်။

ယခုအခါ အလုပ်မှ ရပ်စဲခံရခြင်း၊ လစာမဲ့ခွင့်ယူရခြင်းတို့ကြောင့် ကြပ်တည်းမှုများ ဖြစ်ပေါ်လျက်ရှိပီး ထိုအကျိုးဆက်သည် မကြာခင် ဖျော်ဖြေရေးလုပ်ငန်းများကိုပါ ထိခိုက်လာနိုင်သည်။ ထို့အပြင် အိမ် ခြံ မြေဈေးများထိုးကျခြင်း အပါအ၀င် ငွေကြေးဆိုင်ရာ အကြပ်အတည်းများကိုလဲ ရင်ဆိုင်ရဖွယ်ရှိသည်။ Bank အတိုးနှုန်းများလဲ ကျဆင်းလျက်ရှိသည်။ Bank ထဲထည့်ကာ အတိုးဖြင့် နေထိုင်ကြသူများလဲ အတော်ခြိုးခြံနေကြရဖွယ်ရှိသည်။

ပညာရေးပိုင်းတွင်လဲ ကျောင်းများ ကာလရှည် ရပ်မထားနိုင်၍ တကမ္ဘာလုံးတွင် ပြန်ဖွင့်ဖို့ ကြိုးစားနေရသည်။ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများလဲ ထိုနည်းလည်းကောင်းပင်ဖြစ်သည်။ တနိုင်ငံနှင့် တနိုင်ငံ ခရီးသွားလာမှု ပြန်လည်စတင်ရန် မည်သို့လုပ်ဆောင်ရမည်။ ကျန်းမာရေးဘက်ကလဲ ဤရောဂါကို ဘယ်လို ကာကွယ်ရမည်။ အစရှိသဖြင့် ကမ္ဘာတခုလုံးသည် အစစ အရာရာကို အသေးစိတ် ဆန်းစစ်ပြင်ဆင်နေရပြီဖြစ်သည်။

ကံကောင်းသည်မှာ အာရှတိုက်သည် စိုက်ပျိုးရေးနိုင်ငံများသလို အလျင် အမြန် ပြန်လည်၍ နလန်ထလာသောဒေသဖြစ်သည်။ လက်ရှိအချိန်တွင် ကမ္ဘာကြီးသည် အာရှတိုက်ပေါ်တွင် ရိက္ခာမှစ၍ ဆေးဝါးအဆုံး မှီခိုနေရသည်။

အချုပ်အားဖြင့် ကမ္ဘာကြီးတခုလုံးသည် နေထိုင်မှု ပုံစံမှစ၍ စီးပွားရေး လုပ်ငန်းများ ပညာရေးစနစ်များ အားလုံးကို ပုံစံသစ်ဖြင့် ရင်ဆိုင်ကြရတော့မည်ဖြစ်သည်။ ရှင်သန်ရန် ပိုမိုရုန်းကန်ရမည်။ စီးပွားရေးအကြပ်အတည်းများကို ကျော်ဖြတ်ရမည်။ ယခင်က နေထိုင်ခဲ့သော သာယာခဲ့သော အနေအထားများမှနေ၍ ပုံစံသစ်ဖြင့် ပြောင်းလဲလာသော ကမ္ဘာမြေကို ဖြတ်သန်းရတော့မည်ဖြစ်သည်။

ယခုအချိန်အခါတွင် ငွေရေးကြေးရေးနဲ့ ပတ်သက်လာလျှင် သေချာစိစစ် သုံးစွဲနိုင်မှသာ အဆင်ပြေချောမွေ့နိုင်မည်ဖြစ်ပြီး စီးပွားရေးတွင်လဲ ဆုံးဖြတ်ချက်ကို ချင့်ချိန်ချမှတ်ပီး ပြတ်ပြတ်သားသား ဆောင်ရွက်နိုင်မှသာ အောင်မြင်မည်ဖြစ်သည်။ မြန်မာပြည်သည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်သည့်အတွက် အခြေခံရိက္ခာအတွက်တော့ စိတ်ပူစရာမလိုပေ။ အစိုးရက အရန်ဆန်တန်ချိန် ၁၃၀၀၀ ၀ယ်ယူလိုက်ပြီး ဖြစ်သည်။

သို့သော် စီးပွားရေး လူမှုရေး ကျန်းမာရေး အစရှိသည့် အဖက်ဖက် တွင်တော့ ရုန်းကန်ရင်ဆိုင်ရမည်ဖြစ်သည်။ ထို့ကြောင့် ပြည်သူအားလုံး စည်းစည်းလုံးလုံးဖြင့် အသစ်ကမ္ဘာ၏ ပုံစံသစ်များတွင် အကောင်းဆုံးကျော်လွှားနိုင်ပါစေကြောင်း ဆုမွန်တောင်းလိုက်ရပါသည်။

Nay Thway

Add a Comment

Your email address will not be published. Required fields are marked *

sixteen − twelve =