ကိုဗစ် ကြောင့် ကမ္ဘာကြီး ရပ်တန့် သွားတဲ့ေ န့နှင့် အင်အားကြီးနို င်ငံတွေ ရဲ့ ပေါင်းစည်းချိန်

ကိုဗစ် ကြောင့် ကမ္ဘာကြီး ရပ်တန့် သွားတဲ့ေ န့နှင့် အင်အားကြီးနို င်ငံတွေ ရဲ့ ပေါင်းစည်းချိန်

၁၉၅၁ ခုနှစ် က ကြည့် ခဲ့ရသော “The Day the Earth Stood Still” ဟူသော ရုပ်ရှင်သည် ပြင်ပ ကမ္ဘာမှ ဂြိုလ်သားများ ရောက်လာပြီး လက်ရှိ မြင်တွေ့နေရသော အရှေ့ နှင့် အနောက် အားပြိုင်နေမှုများကို မရပ်တန့်ပါက မိမိတို့သည် ကမ္ဘာဂြိုလ်ကြီး တခုလုံးကို ဖျက်ဆီးပြစ် မည်ဟု ခြိမ်းခြောက်လာသည်ကို ဇာတ်လမ်းဆင် ရိုက်ကူးထားခြင်း ဖြစ်သည်။

၎င်းတို့၏ ခြိမ်းခြောက်မှုကို ပို၍ အလေး အနက် ရှိစေရန် နှစ်ဖက်စလုံးရှိ သိပ္ပံပညာရှင်များ အား ဦးတည်၍ သတိပေးလာခဲ့ကြသည်။ ဂြိုလ်သားများက နိုင်ငံရေး သမားများ ထက် သိပ္ပံပညာရှင်များကိုသာ ပို၍ မျှော်လင့်ထားခဲ့ကြသောကြောင့်လည်း ဖြစ်သည်။

ဆင်ခြင်တုံတရားဖြင့် အုပ်ချုပ်ကြမှသာလျှင် မနုဿ အနွယ်ဝင်များအား ကယ်တင်ရာ ရောက်မည်ဟုပင် အကြံပေးခဲ့ကြသည်။ ထိုသို့ လူအနွယ်ဝင်များ အသက်ရှင်ရပ်တည်သွားနိုင်ရေး ဆိုသော ဘုံရည်မှန်းချက်သည်သာ အချင်းချင်း ပြိုင်ဆိုင်လိုသည့် စိတ်ထက် အလေးသာသည် ဆိုသည်ကို နှလုံးသွင်းလာကြရန် အတွက်လည်း ဖြစ်သည်။

ယမန်နှစ် ကုန်ပိုင်းလောက်မှစ၍ အလွန်တရာ သေးငယ်လှသည့် ပိုးမွှားလေးသည် ထိုကဲ့သို့သော မက်ဆေ့ခ်ျမျိုးကို ယူဆောင်ပြီး စတင် ဆော်ဩလာခဲ့ပြီ ဖြစ်သည်။ ဤသည်ကို တုန့်ပြန်သည့်အနေဖြင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် သည်ပင် ကမ္ဘာတဝှမ်းရှိ လက်နက်ကိုင် တိုက်ခိုက်နေသူများကို အကြမ်းဖက် ပဋိပက္ခများမှ ရပ် ဆိုင်းကြပါရန် တိုက်တွန်းလာခဲ့ရသည်။ “ဒီနေ့ ကျွနုပ်တို့ ကမ္ဘာကြီး အဖို့ တိုက်ပွဲ ဆိုတာ တခုတည်းပဲ ရှိသင့်တော့တယ်။ ကျွနုပ်တို့ ကိုဗစ်-၁၉ ကို အတူတကွ တိုက်ခိုက်ကြပါစို့” ဟု ကြေငြာခဲ့သည်။

သို့သော် မစ္စတာ ဂူတာရက်စ် မည်မျှပင် ကျလောက်အောင် တောင်းပန် တိုးလျိုး ခဲ့စေကာမူ အပြောလောက်ဖြင့်သာ ထောက်ခံ ခဲ့ကြပြီး သေနတ်များကိုကား ခါးတွင် ပြန်ချိတ်ထားသည့် အဆင့်ပင် ရောက်မလာခဲ့ပေ။ ထို့အတွက်လည်း မည်သူ တဦးတယောက်ကမျှ အံဩခဲ့ကြခြင်းလည်း မရှိကြပေ။

သမိုင်းစဉ် တလျှောက်လုံးလည်း ကြောင်းကျိုး ဆင်ခြင်ဉာဏ်ဖြင့် ရင်ကြားစေ့ရမည့် အစား လက်နက်ဖြင့် ဖြေရှင်းမှသာ ရမည် ဆိုသည့် ဖက်သို့ ယိမ်းယိုင်သွားခဲ့ကြသည်ကို စိတ်မချမ်းမြေ့ဖွယ် တွေ့ခဲ့ရသည်။ ထို့အပြင် မကြာသေးမီ နှစ်များ အတွင်းကလည်း အစိုးရ ခေါင်းဆောင်များသည် ကမ္ဘာ့နိုင်ငံများ အချင်းချင်း ပူးပေါင်းဆောင်ရွက်ရမည် ဆိုသော သဘောထားမှ ရှောင်ဖယ်လာခဲ့ကြပြန်သည်။

ထိုသို့ နိုင်ငံအချင်းချင်း အပြန်အလှန် အမှီသဟဲ ပြုရေး သည် နိုင်ငံ ၏ အချုပ်အခြာ အာဏာကို ဖျက်လိုဖျက်ဆီး လုပ်ရန် နှင့် လူတို့၏ ကိုယ်ပိုင် သွင်ပြင် လက္ခဏာများကို လုယက်ရန် အကြံဖြင့် ပညာတတ် လူတန်းစားများက ပဉ္စလက် အတတ်ပညာဖြင့် မန်းမှုတ်လာကြသည့် စိတ်ကူးစိတ်သန်းများသာ ဖြစ်သည်ဟု ကျယ်လောင်စွာ ငြင်းခုံ ပြောဆို လာကြသည့် အမျိုးသားရေး ဆိုသည်ကို အလွန်အကျွံ ရှေ့တန်း တင်လာသည့် လူအုပ်ကြီး ထဲတွင် သမ္မတ ဒေါ်နယ် ထရန့်သည် ဝင့်ကြွားစွာဖြင့် ရှေ့ဆုံးမှ ပါဝင်လာခဲ့သည်။

ထိုသုံးသပ်ချက်များသည် အဓိပ္ပါယ် မရှိသော်လည်း နိုင်ငံရေး တွင် လွန်စွာ အသုံးတည့်သည့် လက်နက်ကိရိယာ တခု ဖြစ်လာခဲ့သည်။ မျိုးနွယ်စုတူ လူများ၏ စိတ်အားထက်သန်လာနေမှုများကို ချုပ်တည်းပေးရမည့်အစား ၎င်းကဲ့သို့ သော အခွင့်အရေးသမားများက နောက်လိုက်နောက်ပါ များ၏ အကြောက်တရားကို ပုံကြီးချဲ့ကာ ၎င်းတို့ အာဏာရရေး အတွက် အမြတ်ထုတ်လာခဲ့ကြသည်။

အာဏာရှင်ဆန်ဆန် အလွန်အကျွံ ကျင့်သုံးလာမှု များ အတွက် ကမ္ဘာကြီးအဖို့ တန်ဖိုးကြီးစွာ ပေးဆပ်နေရပြီ ဖြစ်သည်။ အစိုးရမှ နိုင်ငံသားများကို အယုံအကြည် မရှိခြင်း၊ သတင်းများ လွတ်လပ်စွာ စီးမျောခွင့်ကို ဖိနှိပ်ထားခြင်း၊ ကျန်းမာရေး အသိပညာရှင်များ အပါအဝင် အမှုထမ်းများ အားလုံးကို အမှန်တရား ထုတ်ဖေါ်ပြောဆိုခြင်းများအား ဟန့်တားထားသည့် နိုင်ငံမျိုးတွင် ကပ်ရောဂါ ဆိုးကြီး စတင် ဖြစ်လာခဲ့ခြင်းသည်လည်း တိုက်ဆိုင်မှု တခုတော့ မဟုတ်ပေ။

ဗိုင်းရပ်စ်အား ထိထိရောက်ရောက် ကာကွယ်ကျင့်သုံးခဲ့ကြသည့် ဂျာမဏီ၊ အိုက်စလန်၊ နယူး ဇီလန်၊ နော်ဝေး၊ တိုင်ဝမ် နှင့် ဖင်လန် နိုင်ငံများသည် ဒီမိုကရေစီစနစ်ကို အခိုင်အမာ ကျင့်သုံးနေကြသည့် နိုင်ငံများ ဖြစ်နေခြင်းမှာလည်း တိုက်ဆိုင်မှု တခု မဟုတ်ပြန်ပေ။ (အားလုံးသည် အမျိုးသမီးများ ဦးဆောင်သည့် နိုင်ငံများ ဖြစ်နေကြပြန်သည်)

ထိုနိုင်ငံများတွင် သတင်း များ လွတ်လပ်စွာ စီးမျောခွင့်၊ အချက်အလက်များ အပေါ် အခြေခံ၍ မည် သည့် မူဝါဒ ကျင့်သုံးရမည် ကို အခြေအတင် ပြောဆို ဆွေးနွေးနိုင်ခွင့်၊ မြို့ပြ လူ့အဖွဲ့အစည်းများ မှ မိမိတို့ အသိစိတ်ဓါတ်ဖြင့် အဖွဲ့အစည်းများ ဖွဲ့ကာ ပါဝင်လာနိုင်ခွင့်၊ အစိုးရနှင့် ပြည်သူများ အကြား ပွင့်လင်းစွာ တိုက်ရိုက် ထိတွေ့ဆက်ဆံနိုင်ခွင့် များ ရရှိခဲ့ကြသည် ဆိုသည့် သာဓက များ ကို တွေ့မြင်ကြရမည် ဖြစ်သည်။ ဤသည်တို့က ကပ်ရောဂါတိုက်ဖျက်ရေး အတွက် လွန်စွာ အရေးပါလှသော အဖိုးတန် အခြင်းအရာများပင် ဖြစ်သည်။

လူထု ကျန်းမာရေး အတွက် အရေးပေါ်ဆောင်ရွက်ရန် ကြုံလာရသည့် အခါ အများကောင်းကျိုးကို ကာကွယ်ပေးရန် အစိုးရ အနေဖြင့် သေချာပေါက် ပြတ်ပြတ်သားသား ဆောင်ရွက်လာနိုင်စေခဲ့သည်။ ကျောင်းများ စားသောက်ဆိုင်များ ပိတ်ပြစ်ခဲ့ခြင်း၊ လူစုလူဝေး လုပ်နိုင်မည့် အရည်အတွက်ကို ကန့်သတ်ပေးခဲ့ခြင်း၊ ခရီးသွားလာခွင့် ကို ထိန်းညှိ ပေးလာခြင်း၊ ဆေးပစ္စည်း ကိရိယာများ ထုတ်လုပ်ကြရန် အမိန့်ထုတ်ပြန်လာခြင်း အစရှိသည်တို့သည် ဒီမိုကရေစီ အစဉ်အလာများ ကို ဆန့်ကျင်ရာ မကျပေ။

သို့သော်ငြားလည်း ထိုအရေးကို ကိုင်တွယ်ဖြေရှင်းရန် ပေးအပ်ထားသော အာဏာ ကို ကျင့်သုံးခြင်း နှင့် အလွဲသုံးစား လုပ်ခြင်းအကြားတွင် တော့ ရှင်းလင်းပြတ်သားစွာ စည်းတားထားရမည်ဖြစ်သည်။ ဥပမာ ဆိုရလျှင် ဟန်ဂေရီ ဝန်ကြီးချုပ် သည် လက်ရှိ ကပ်ဆိုက်နေသော ကာလကို အသုံးချကာ ပါလီမန် ကို ဘေးချိတ်ထားခဲ့ပြီး သတင်း မီဒီယာများကို ကန့်သတ် တားမြစ်ခဲ့သည်။

ထိုကဲ့သို့ လုပ်ဆောင်နေမှုများကို လွှတ်ပေးမည်ဆိုက ကမ္ဘာတဝှမ်းရှိ ဒီမိုကရေစီ စနစ်များ ပြိုလဲ ကျဆင်းလာပေလိမ့်မည်။ မိမိတို့ အဖို့ ၁၉၃၀ နှစ်များ၏ အစောပိုင်းကာလများကို ပြန်လည် အမှတ်ရလာစေခဲ့သည်။ ထိုအချိန်က ကမ္ဘာစီးပွားပျက်ကပ်ကြီးကြောင့် နိုင်ငံသားများသည် မိမိတို့အား အစဉ်အလာ အတိုင်း အုပ်ချုပ်လာခဲ့သော အစိုးရများကိုပင် အယုံအကြည် မဲ့လာခဲ့ပြီး အမျိုးသားရေးဇောများ ကပ်လာကြကာ လူသန်းပေါင်းများစွာ ကို သတ်ဖြတ်လာသည့်အထိ ကျူးလွန်လာခဲ့ကြသည် မဟုတ်ပါလော။

ဒီမိုကရေစီ နိုင်ငံများနှင့် လူ့ဘောင်အဖွဲ့အစည်း အသီးသီးရှိ ဒီမိုကရေစီ လိုလားသူများ သည် အဆိုပါ အန္တရာယ် အတွက် နိုးနိုးကြားကြား ရှိနေ ရမည် ဖြစ်သည်။ မိမိတို့ မဆုပ်မနစ် တိုက်ပွဲဝင်ခဲ့သော အခွင့်အရေးများ နှင့် နိုင်ငံရေး လွတ်လပ်ခွင့်များ ရေရှည် တည်တံ့ခိုင်မြဲနေရန် အခိုင်အမာ ရပ်တည်သွားကြရမည် ဖြစ်သည်။

လက်ရှိ အရေးပေါ် အခြေအနေကို ခုတုန်းလုပ်ကာ မိမိတို့၏ ဒီမိုကရေစီ အဆောက်အအုံများအား ထိခိုက် ပျက်စီးစေရန် အားထုတ် လာမှုများကို ဖေါ်ထုတ်ရမည် ဖြစ်သည်။ ယင်းနှင့် အတူ မည်သည့်နိုင်ငံမျှ မိမိတို့ တဦးတည်း စွမ်းဆောင်နိုင်ခြင်း ဖြင့် တိုက်ခိုက် နိုင်မည် မဟုတ်သည့် ဗိုင်းရပ်စ် အပေါ် အောင်ပွဲခံနိုင်ရန် အတူတကွ လုပ်ဆောင်သွားကြရမည် ဖြစ်သည်။

အာဏာရှင် များ ပေးလာသည့် အန္တရာယ်များ အနက် တခုသည်ကား အမိမြေကို ကာကွယ်ရန် ၎င်းတို့တွင်သာ ကျွမ်းကျင်မှု နှင့် အင်အားများ ရှိသည်ဟု ဆိုပြီး တရားဝင် ရပ်တည်ပိုင်ခွင့် ရရှိရေး ကြိုးစားလာကြခြင်းပင် ဖြစ်သည်။ ၎င်းတို့က အပြန်အလှန် အကျိုးရှိနိုင်မည့် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေးနှင့် ဆက်ဆံရမည် ဆိုသည်ကို မိမိတို့၏ အားနည်းမှု၊ သစ္စာဖေါက်မှု ဟု သတ်မှတ်ခဲ့ကြသည်။

လက်ရှိ ကပ်ရောဂါ ဆိုးကြီးသည်က ခေတ်သစ်ကမ္ဘာကြီး အဖို့ အဆင့်တိုင်းတွင် ခိုင်မာ ပြတ်သားသော ခေါင်းဆောင်မှု များ လိုအပ်နေပြီဆိုသည်ကို နှိုးဆော်လာခဲ့ပြီ ဖြစ်သည်။ ဗိုင်းရပ်စ်နှင့် အခြားသော နယ်ခြား စည်းများကို အရေးမထားပဲ ခြိမ်းခြောက်လာမှုများ ကို အောင်မြင်ကျော်လွှားနိုင်ရန် ဒီမိုကရေစီ နိုင်ငံများ အနေဖြင့် ရှိပြီးသား နိုင်ငံတကာ နားလည်မှု အခြေခံကို ပြန်လည် ဖေါ်ထုတ်ကြရမည်ဖြစ်သည်။ဤသည်က အခြားသော နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်သာ နိုင်ငံတိုင်း အကျိုး အမြတ် များ ခံစားနိုင်မည် ဆိုသည်ပင် ဖြစ်သည်။

ဆိုလိုသည်မှာ ဒီမိုကရေစီ စနစ်သည်သာ အမြဲလို အသိ အမြင် ကြွယ်ဝသော ခေါင်းဆောင်မှု ကို ရရှိနိုင်မည် ဖြစ်သည်ဟု ပြောလိုခြင်း မဟုတ်ပေ။ အမေရိကားတွင် ကပ်ရောဂါဆိုးကြီးက အိမ်ဖြူတော်တွင် လက်ရှိ စိုးစံနေသူ တဦး၏ စွမ်းဆောင်နိုင်ရည် နှင့် ယုံကြည်ကိုးစား ခံရမှု တွင် ထင်ရှားနေနှင့်ပြီး ဖြစ်သော ချို့ယွင်းချက် များအား ထပ်မံ တူးဆွ ဖေါ်ထုတ်ပေးလာခဲ့သည်။

သို့သော် လည်း ဒီမိုကရေစီသည် ဒူပေနာပေ ခံနိုင်ခြင်း နှင့် မှန်ကန်အောင် ပြန်လည် တည့်မတ်နိုင်ခြင်း ဆိုသည့် ကောင်းမြတ်သော လက္ခဏာ များ ရှိနေသည်။ အမေရိကန်၏ ရွေးကောက်ပွဲသည် ခြောက်လခန့်ပင် မကြာတော့ပေ။

အမေရိကန်သည် သင့်တင့်လျှောက်ပတ်စွာ ဦးဆောင်နိုင်စွမ်း ရှိမည် ဆိုလျှင် အခြားနိုင်ငံများထက်ပို၍ ကမ္ဘာကြီးအား မှန်ကန်သော လမ်းကြောင်းကို တင်ပေးနိုင်စွမ်း ရှိနေဆဲ ဖြစ်မည်။ အမေရိကန်သည်သာ ၎င်း၏ စစ်မှန်သော အသံကို ပြန်ရခဲ့မည် ဆိုလျှင် အာဏာရှင်များ နှင့် အာဏာရှင် အလောင်းအလျာများ၏ အတားအဆီး မရှိ အာဏာကို ဆုပ်ကိုင်လာနေသည့် လုပ်ရပ်များအား နေရာတိုင်းတွင် ဆန့်ကျင်နေသည့် လူများကို ကူညီပေးသွားနိုင်မည် ဖြစ်သည်။

မိမိတို့၏ အခွင့်အရေး၊ မိမိတို့၏ ပြောဆိုပိုင်ခွင့် နှင့် မိမိတို့၏ ဂုဏ်သိက္ခာ များ မဆုံးရှုံးစေရေး အတွက် ရုန်းကန်တိုက်ပွဲ ဝင်နေသူများအား ထောက်ခံမှု ပေးသွားရန် မဟာမိတ် ဒီမိုကရေစီ နိုင်ငံများနှင့် အတူလက်တွဲ လုပ်ဆောင်သွားနိုင်မည် ဖြစ်သည်။ သိပ္ပံ နှင့် ကြောင်းကျိုးဆက် စဉ်းစားနိုင်မှုများ အားလည်း တကမ္ဘာလုံး ဆုံးဖြတ်ချက် ချနိုင်ရန်အခြေခံ အဖြစ် မိမိသာ အသိဆုံး အတတ်ဆုံး ဟူသော နိုင်ငံတော် အဆင့် နေရာများတွင် အစားထိုးလာနိုင်မည် ဖြစ်သည်။ အတိုချုပ်အားဖြင့် ပြောရလျှင် ဤသည်သာ ကျွန်ုပ်တို့ အနာဂတ်တွင် တပေါင်း တစည်းတည်း ယုံကြည်ထားမှုများ ပြန်လည်ရရှိနိုင်ဖို့ အောင်မြင်မှုများ ရရှိလာနိုင်မည် ဖြစ်သည်။

၁၉၈၅ ခုနှစ် ဂျီနီဗာ ထိပ်သီး တွေ့ဆုံပွဲတွင် ရော်နယ် ရီဂင် နှင့် မီခေး ဂေါ်ဘာချော့ တို့ နှစ်ဦး ပထမဆုံး တွေ့ဆုံ ဖြစ်ခဲ့ကြသည့် အခါ အမေရိကန် သမ္မတသည် သူ၏စိတ်ထဲတွင် ကာလကြာမြင့်စွာ ဖိစီးနေသည့် မေးခွန်းတခုကို ဆိုဗီယက် ခေါင်းဆောင်အား မေးမြန်း လာခဲ့သည်။

“အကယ်၍ များ ပြင်ပ ကမ္ဘာ ကနေဗျာ ကျွန်တော်တို့ကို ရုတ်တရက် တိုက်ခိုက်လာမယ် ဆိုလျှင် ခင်ဗျား တို့ဖက်က အကူအညီ ပေးမှာလား” ဆိုသည်ပင် ဖြစ်သည်။ ထိုမေးခွန်း အား ဂေါ်ဘာချော့ က မဆိုင်းမတွပင် “အဲ့ဒီအတွက် သံသယ မရှိပါနဲ့ ” ဟု ပြန်လည် ဖြေကြားခဲ့သည်။ ရီဂင်က “ကျွန်တော်တို့လည်း ဒီအတိုင်းပါပဲလေ” ဟု ပြောခဲ့သည်။

ထိုစဉ်က ရန်သူတော်ကြီး နှစ်ဦးအကြား “ကမ္ဘာကြီး ရပ်တန့်သွားသည့်နေ့” ပုံစံ မေးခွန်းမျိုးကို စည်းလုံးညီညွတ်စွာ ပြောဆိုခဲ့ကြဖူးသည်ကို ယနေ့ မိမိတို့အဖို့ အမှတ်ရစရာ ဖြစ်လာစေ ခဲ့သည်။ ကိုဗစ် အကျပ်အတည်း လျော့ပါးလာသည့် အခါ နိုင်ငံများ အနေဖြင့် ကမ္ဘာ့ရာသီဥတု ပြောင်းလဲနေခြင်း မှသည် အကြမ်းဖက်ဝါဒ အထိ နိုင်ငံ တကာ ပူးပေါင်း ဆောင်ရွက်ရန် လိုလာသည့် အခြားသော အန္တရာယ်များ ရှိနေသည်ကို တွေ့မြင်လာကြဦး မည်သာ ဖြစ်သည်။ ထိုအခါ ရီဂင်လိုပင် “ခင်ဗျားတို့ဖက်က ကျွန်တော်တို့ ကို ကူညီမှာလား” ဆိုသည်ကို တဦးနှင့် တဦး မေးလာကြပေလိမ့်မည်။

ထိုအခါ ထွက်ပေါ်လာမည့် အဖြေသည် လက်ရှိ အကျပ်အတည်းမှ ကျွနုပ်တို့ တစုံ တရာ သင်ခန်းစာ ရရှိခဲ့ခြင်း ရှိမရှိ ၊ ဖြစ်လာမည်ဟုကျွနုပ်တို့ ယုံကြည်လိုသည့် အတူတကွ ရပ်တည်သွားကြခြင်းဖြင့်သာ ပိုမို ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးပြီး ပို၍လည်း လုံခြုံမှု ရှိမည့် ကမ္ဘာကြီး ဆီသို့ ဦးတည်သွားနိုင်မည့် ကျိုးကြောင်းဆင်ခြင်မှု သည် တဖန် ပြန်လည် နိုးထ လာမှု ရှိမရှိ ၊ ဆိုသည်တို့ကို ပြဆိုနေမည်သာ ဖြစ်ပေလိမ့်မည်။

(ဆောင်းပါးရှင် Madeleine Albright သည် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အဖြစ် ၁၉၉၇ မှ ၂၀၀၁ အထိ ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ သူမအား အီကော်နော်မစ် မဂ္ဂဇင်းကြီး မှ ကိုဗစ်-၁၉ အတွက် ဆောင်းပါး တပုဒ် ချီးမြှင့်‌ပေးပါရန် တောင်းဆိုခဲ့သဖြင့် ရေးသား ပေးပို့ခဲ့ခြင်း ဖြစ်ပြီး မေလ ၁၈ ရက် ၂၀၂၀ တွင် ထည့်သွင်း ဖေါ်ပြ ခဲ့သည်)

Hla Soewai