“ဂုဏ်ထူး (၆) ဘာသာ ထွက်တဲ့ သူတွေ နဲ့ ပဲ လောကကြီး ကို တည်ဆောက် ထားတာလား?

ကျွန်မငယ်ငယ် က စာမ တော် ဘူး 1 to 10 မပြောနဲ့ 1 to 20 တောင် မဝင်ခဲ့ဘူး ကျွန်မလည်း ကိုယ့်စွမ်းအား ရှိသလောက် ကြိုးစားကျက်တာပဲ.. နားလည်တာတွေရှိသလို နားမလည်တာ တွေလည်းရှိတယ်… ဒီတော့ အလွတ် ကျက် ဒါမေး ဒါဖြေ ကာလက စာမေးပွဲတွေမှာ အလွတ်မကျက် နိုင်တဲ့ကျွန်မ အဆင့်တွေ လည်း မကောင်းခဲ့ဘူး… စာတော်တဲ့အထဲမပါတော့ အတန်းထဲမှာကျွန်မ မျက်နှာလည်းမရခဲ့ပါဘူး.. ဆရာမနားနေခန်းမှာ စာတွေသွားသွားမေးပြီး အချိန်ရှိသရွေ့စာလုပ်နေတဲ့ မိန်းကလေးတွေကလည်း ကျွန်မကို မပေါင်းကြဘူး.. အရမ်းမချမ်း သာတော့ ဆရာတွေ ဆရာမတွေကို အိမ်မှာဝိုင်းခေါ်ပြီးလည်းမသင်နိုင်ခဲ့တော့ အတန်းထဲမှာကျွန်မနာမည်ဟာ အတန်းတက်လို့နာမည်ခေါ်ရင်ထူးဖို့တစ်ခုပဲ အသုံးဝင်ခဲ့တယ်.. အတူထိုင်တဲ့သူငယ်ချင်း သုံးလေးယောက်လောက်ကလွဲရင် ကျွန်မ ရှိမှန်းတောင်မသိကြဘူး..

အရင်ကတော့ ကျွန်မစိတ်ထဲ အဆင့်၁ ရသူတွေဟာ … သူတို့အသက်ကြီးလာရင် ပညာတက်ကြီး တွေဖြစ်လာလိမ့်မယ် ငွေတွေချမ်းသာကြလိမ့်မယ် သူတို့ဘဝတွေအမြဲအောင်မြင်ကြမယ်လို့ ထင်ခဲ့မိတယ်… ဆရာဆရာမတွေကလည်း သူတို့သည်သာ စံပြ သူတို့သည်သာ ဆရာဝန် အင်ဂျင်နီယာတွေဖြစ်ကြလိမ့်မယ် သူတို့သည်သာ ချမ်းချမ်းသာသာနေရလိမ့်မယ် ဆိုပြီး အမြဲပြောခဲ့ကြတယ်…

ကျွန်မတို့က အဆင့် မကောင်းဘူး ပညာမတော်ဘူး ကြီးလာရင် ဆင်းရဲလိမ့်မယ် ပင်ပန်းလိမ့်မယ် ဆိုပြီး စာတွေကိုပဲအလွတ်ကျက်ခိုင်းကြတယ်… အဲ့အတွက် ကျွန်မတို့လို အမှတ်မကောင်း အဆင့်မကောင်းသူတွေဟာ ငါတို့ကြီးလာရင် လူရာဝင်မှာမဟုတ်ဘူးဆိုပြီး အတွေးရှိခဲ့ကြဘူးတယ်…. အဆင့်မကောင်းတဲ့ကျွန်မဟာ ဘယ်ဆရာမရဲ့ မျက်နှာသာပေးခြင်းကိုမှ မခံရသလို ငွေကြေးမချမ်းသာလို့ ကျောင်းပွဲတော်တွေရဲ့ဘယ်နေရာမှာမှ လူရာမဝင်ခဲ့ဘူး… ဒီအကြောင်းတွေကိုကျွန်မအမေ ကို ပြန်ပြောတိုင်း အမေကစကားတစ်ခွန်းအမြဲပြောတယ် “အဆင့်မကောင်း ပေမယ့် လူကောင်းဖြစ်အောင်ကြိုးစားပေါ့သမီးရဲ့”တဲ့ “ငါ့သမီးက စာညံ့ပေမယ့် ကြီးလာရင် လူရာဝင်မှာပါ”တဲ့….. ခုပြန်တွေး ကြည့်တော့လည်း အမေပြောတာ လေးတွေမမှားခဲ့ဘူးဆိုတာ ကျွန်မသိလာတယ် ခုချိန်မှာ ငယ်ငယ်က အဆင့်၁ ဆိုတဲ့သူတိုင်းလည်း မချမ်းသာကြသလို… အမှတ်ကောင်းခဲ့တဲ့သူတိုင်းလည်း ဆရာဝန်မဖြစ်ခဲ့ကြပါဘူး ဆရာမတွေရဲ့မျက်နှာသာပေးတာခံခဲ့ရတဲ့ သူတချို့လည်း လောကဓံရဲ့မျက်နှာသာပေးခြင်းကိုမခံရဘဲ အဆင်မပြေနေကြတဲ့သူတွေလည်း ကျွန်မတွေ့နေရတယ်

၉တန်းတောင်မအောင်တဲ့ သူတွေက သိန်းကိုသောင်းနဲ့ချီချမ်းသာနေကြပြီး… နှစ်စဉ်ပထမရခဲ့တဲ့သူတချို့ကတော့ ရာထူးတစ်ခု ခုံတစ်လုံး ဘောပင်တစ်ချောင်းနဲ့ အသက်တွေကြီးသွားတာကျမမြင်နေရတယ် ဆယ်တန်းကိုရိုးရိုးသာအောင်ခဲ့တဲ့သူတွေက ကားထည်လဲစီးနေကြပြီး ဂုဏ်ထူးတွေနဲ့အောင်တဲ့သူတွေက Bus ကားစီးနေရတုန်းပဲ… စာတော်ခဲ့ပြီး ခုလည်းအဆင်ပြေနေကြသူတွေရှိသလို စာညံ့တဲ့သူတွေ ခုလည်းဆင်းရဲနေတုန်းပဲဆိုတာလည်း ကျွန်မတွေ့နေရတယ် ဆိုတော့…

ကျွန်မငယ်ငယ်က စာမရလို့စိတ်ဓာတ်ကျပြီး ငိုခဲ့တာတွေ.. အဆင့်၁ရတဲ့သူတွေရဲ့ကျွန်မတို့ကို နှိမ်ချဆက်ဆံတာတွေ… ကျွန်မတို့ဘဝရဲ့အဆုံးအဖြတ်ဟာ Report card ပေါ်ကအဆင့်သာလျှင်ဖြစ်တယ်လို့ ကျွန်မထင်နေခဲ့တာတွေ…
အားလုံးဟာ ဟာသတွေဖြစ်ကုန်တယ် ကံကြမ္မာရဲ့အဆုံးအဖြတ်ဟာ အဆင့်သက်မှတ်ချက်တွေထက် ပိုအရေးကြီးတယ်ဆိုတာသိလာတဲ့အခါ..
ဘဝပေးအခြေအနေနဲ့ မိဘရဲ့ထောက်ပံ့ပေးနိုင်မှုတွေဟာ အတန်းထဲမှာ ပထမရတာထက် ပိုအရေးကြီးတယ်ဆိုတာ…

ပညာရေးမှာ မထူးချွန်ပေမယ့် လူတိုင်းဟာ တခြားတစ်ခုခုမှာ ထူးချွန်နိုင်တယ် ဆိုတာ… ဘဝမှာ ကိုယ်ယုံကြည်ရာကိုသာ သေချာကြိုးစားရင် အဆင့်၁မရလည်းကိစ္စမရှိဘူးဆိုတာ သိလာတဲ့အချိန်မှာ… ကျွန်မ သားသမီးတွေကို အတန်းထဲမှာ ပထမရဖို့ အသည်းအသန်ကြိုးစားပြီး အပူလောင်နေတဲ့မိဘတွေထဲ ကျမ မပါတော့ဘူး… ကျွန်မ အမေ လိုပဲ ကျွန်မ သားသမီး တွေကို စကားတခွန်းပဲကျွန်မအမြဲပြောတယ် “အဆင့် ၁ ရဖို့ထက် လူကောင်းဖြစ်အောင် ကြိုးစားပါ အဆင့် ၁ ရဖို့ထက် လူရာဝင်အောင် လူဝင်ဆံ့အောင်ပိုကြိုးစားပါ အတန်းထဲမှာ မျက်နှာရဖို့ထက် ပြင်ပလောကမှာ အောင်မြင်စွာရပ်တည်ဖို့ အမြဲကြိုးစားပါ”

Add a Comment

Your email address will not be published. Required fields are marked *

8 + 19 =