ကိုဗစ် ကာလကို ဖြတ်သန်းနေ ရတဲ့ အခြေခံ လူတန်းစားတွေရဲ့ ဘဝ ပုံရိပ်အချို့

ဘဝဆိုတာ စာလုံးနှစ်လုံးထဲ ပင်မယ့် လက်တွေ့မှာတော့ ကျွန်တော်က မြို့တော်ရဲ့တိုက်ခန်းတစ်ခန်း မှာနေတဲ့သူ တစ်ယောက်ပါ။ တိုက်ခန်းဆိုလို့ အထင်မကြီးပါနဲ့ အမိုးထပ်ပါ အလုပ်ကတော့တောက်တိုမယ်ရပေါ့။

ကျွန်တော်အထက်မှာ အစ်မနှစ်ယောက် အစ်ကို တစ်ယောက် အဖေအမေကတော့သေပြီ အခုတော့ ကျန်နေတဲ့တိုက်ခန်း အိုလေးမှာ အတူနေကြတာပေါ့ဗျာ အစ်မတွေက ကလေးတွေတောင်ရနေလို့ ကျွန်တော်လည်း ရသမျှအလုပ်ပိုလုပ်ရတယ် အစ်မအကြီးယောက်ကျားက မရှိရှာတော့ လို့ တာဝန်က ကျွန်တော့အပေါ်ပေါ့ အကိုကလည်း မကျန်းမာလို့ အလုပ် မလုပ်နိုင်ဘူးလေ။

အခုမနက် အိပ်ရာလေး စောစောထ ဘုရား ရှစ်ခိုးပြီးတော့ အစ်မအကြီးဆုံးကပြောလာတယ် မော်တာပျက်တယ်ထင်တယ် ရေမလာဘူးတဲ့ နင်ဒီနေ့ရေမချိုးနဲ့တဲ့ မျက်နှာသစ်လိုက်ရလို့တော်သေး အေးလေ ကလေးတွေစားဖို့သောက်ဖို့ ရေသုံးရဉီးမှာကိုး အခုလို ငဗစ်ကာလမှာ တစ်ကိုယ်ရေသန့်စင် ချင်လည်း အခြေအနေကပေးဉီးမှကိုး။

ကျွန်တော့အတွက်ကတော့ ရေချိုးဖို့ထက် မော်တာပြင် စားရိတ်က ပိုအရေးကြီးလာပြီ ဒါနဲ့ အိမ်အပြင်ထွက် ဆောက်လုပ်ရေးလုပ်နေကြမှာ ဝင်လုပ် နေ့လည် ပါဆယ်ဘူးနဲ့ကို ချွေတာပြီး ဘဲဉလေးနဲ့စားနေတုန်း ဘေးနားက ဉီးလေးကြီးက ထမင်းကြည့်အလွတ်ဖြစ်နေလို့ ဉီးလေးကြီးဘာလိုဖြစ်လို့ ထမင်းကြည့်စားနေတာလဲ ဗျာ အခုချိန် ငဗစ်ကာလက အားရှိအောင် စားရမှာလေ ကျွန်တော်ပြောမိတယ်။

ဉီးလေးကြီးက ခေါင်းရမ်းပြီး အိမ်မှာ ငါ့ထက်အားနည်းနေ တဲ့ ငါ့မိန်းမရှိတယ် သူနေမကောင်းလို့ဆေးဝယ်တိုက်ဖို့ ကြက်သားဆန်ပြုတ်ကျွေးဖို့က ငါ့အတွက်ပိုအရေးကြီးတယ်တဲ့ ကဲလေ ကျွန်တော်လည်းသနားပြီး ဘဲဉတစ်ခြမ်းပေးလိုက်မိတယ်ဗျာ။ ဟူး

ညနေရောက်တော့ ထုံးစံ အတိုင်း bus နဲ့ပေါ့ ကျွန်တော့ဆင်းမယ့် မှတ်တိုင်မရောက်ခင် နှစ်မှတ်တိုင်အလို အမေအိုတစ်ယောက် လွတ်နေတဲ့ ကျွန်တော့ခုံဘေးနားလာထိုင်တယ်ဗျ တော်တော်တောင်အသက်ကြီးပါပြီ ခါးကြီးတောင်ကုန်းလို့ ကားပေါ်တောင်ဘယ်လို
တက်လာတယ်မသိ မေးလိုက်မိတယ် အမေကြီးရယ် ဘာလို့များ အခုလို ငဗစ်ကာလမှာ အသက်အရွယ်မှ မထောက် အဖော်မပါဘဲ သွားနေရတာလဲပေါ့။

အမေကြီးက ပြုံးပြုံးကြီး ပြန်​ဖြေ ရှာတယ် သူ့မြေးဆီသွားတာပါတဲ့ ဟင် ဘယ်လို မြေးကလာမခေါ်တာလား မေးတော့ သူမခေါ်ခိုင်းတာပါတဲ့ သူ့​မြေးမကလည်း တစ်နေကုန် ကုန်းနေအောင်အလုပ်လုပ်ရတာ ညရှစ်နာရီမှပြီးတဲ့ စီးပွားရေးလုပ်ငန်းစုတစ်စုမှာ လုပ်တာတဲ့ မြေးမနဲ့ သူ့သမီး မြေးမ အမေပေါ့ သူတို့အချင်းချင်းက မတည့်လို့ တစ်အိမ်စီ အမေကလေဖြတ်နေတာ သမီးကလာတောင်မကြည့်ဘူး သူကတော့ သံယောစဉ်မပြတ်လို့ ဟိုဘက်သွားလိုက် ဒီဘက်ပြန်လာလိုက်တဲ့လေ

အော် ဖြစ်ရလေ အဲဒါနဲ့ဘဲ ကျွန်တော့လက်ထဲ ကိုင်ထားတဲ့ တူအငယ်ကောင်စားဖို့ ဝယ်လာတဲ့ အကြော်ထုပ်လေး ပေးလိုက်မိတယ် အမေကြီးရေ စားပါဗျာပေါ့ မှတ်တိုင်ရောက်တော့ တိုက်ခန်းဆီရောက်ဖို့ ပြန်လာတဲ့ လမ်းမှာတွေးမိနေတယ် အရင်တုန်းကလည်း ကျွန်တော်တို့ ဒီလိုနေခဲ့ရတာဘဲ ငဗစ်ဖြစ် လာတော့လည်း ဒီလိုဘဲ ရှင်သန်ရတာဘဲ

တခြားမိသားစုတွေလက်သန့်ဆေးရည် တစ်ဘူး ၄၀၀၀ သုံးနိုင်တဲ့အချိန်မှာ ကျွန်တော်တို့က ၄၀၀ တန် ဆပ်ပြာခဲ မျှဝေသုံးတယ်။ တခြဲားမိသားစုတွေ အာဟာရပြည့်စားပွဲ ၄၀၀၀၀ တန် စားနေချိန်မှာ ကျွန်တော်တို့ကတော့တစ်နေ့လုပ်အားခ ၄၀၀၀ နဲ့အညီ မျှဝေ စားတယ်။ တခြားမိသားစုတွေ StayHome အဲယားကွန်းနဲ့နေတဲ့အချိန်မှာ ကျွန်တော်တို့ကတော့ နေပူပူ မိုးရွာရွာ အလုပ်ဆက်လုပ်တယ်။ တစ်နေ့လုပ်တစ်နေ့စားလေဗျာ။

နိုင်ငံတော်ကလည်း တတ်နိုင် သလောက်ထောက်တော့ နေပျော်ရပါတယ်။ နီးစပ်ရာအလှူ့ရှင်တွေ စားစရာလာပေးရင် မျက်ရည်တောင် လည်ရတယ်ဗျာ။ Mask ကတော့ လာပေးမှဘဲ တပ်ဖြစ်ပါတယ်။ ရသမျှက စားစရိတ်အတွက်သုံးရတာကိုး ဒါပင်မဲ့ ဘဝဆိုတာ စာလုံးနှစ်လုံး ထဲပင်မဲ့လက်တွေ့မှာတော့… (အခြေခံလူတန်းစားဘဝတွေထဲ ခံစားရေးမိပါသည်)

လင်းလက်ဝတီအောင်

ဘဝထဲတွင် တန်ဖိုးရှိသော လူသားဖြစ်ကြပါစေ၊ ပေးကမ်းကူညီနိုင်သော လက် တစ်စုံ၊ မျှဝေခံစားတတ်သော မျက်လုံးတစ်စုံ နဲ့ ကိုယ်ချင်းစာစိတ်ပြည့်ဝသောနှလုံးသားပိုင်ဆိုင်နိုင်ကြပါစေ (အလှူဒါနအမြဲလုပ်နေသူများကိုဉီးညွှတ်ဂုဏ်ပြုပါသည်)