ကမ္ဘာ့ ကူးစက်မှု ဒုတိယ ဖြစ် လာတဲ့ ဘရာဇီးနှင့် ရောဂါ ဗဟိုချက်ဖြစ် လာတဲ့ တောင်အမေရိက

ကမ္ဘာ့ ကူးစက်မှု ဒုတိယ ဖြစ် လာတဲ့ ဘရာဇီးနှင့် ရောဂါ ဗဟိုချက်ဖြစ် လာတဲ့ တောင်အမေရိက

ကိုရိုနာဗိုင်းရပ်စ် ကူးစက် ခံရမှုတွင် ဘရာဇီးနိုင်ငံ သည် ယခင်ရက်များက ဒုတိယနေရာတွင် ရှိနေသော ရုရှားနိုင်ငံ ကို ကျော်လွန်ကာ ယခုအခါ အမေရိကန်နောက် ဒုတိယအများဆုံး ကူးစက်ခံရသည့်နိုင်ငံ ဖြစ်လာသည်။

ဘရာဇီးနိုင်ငံသည် ယမန်နေ့က လူပေါင်း ၁၉၉၆၉ ဦး အသစ် ထပ်မံ ကူးစက်မှုကြောင့် စုစုပေါင်း ကူးစက်မှု ၃ သိန်း ၃ သောင်းကျော်ရှိလာပြီး ကမ္ဘာကူးစက်မှု၏ ၆.၂၇ ရာခိုင်နှုန်းရှိသည်။ ၉၆၆ ဦး ထပ်မံ သေဆုံးမှုကြောင့် သေဆုံးသူ ဦးရေမှာလည်း ၂၁၀၀၀ ကျော်ရှိလာပြီး မေလ ၂၀ ရက်နေ့က စံချိန်တင်သေဆုံး မှု အဖြစ် ၁၁၃၀ ဦး သေဆုံးခဲ့သည်။ ဆော်ပေါ်လိုမြို့ သည် အဆိုးရွားဆုံး ထိခိုက်ခံရပြီး သေဆုံးသူများတွက် သုသာန်မြေများကို တိုးချဲ့နေသည်ကို ဝေဟင်မှ ကွက်ကွက်ကွင်းကွင်း မြင်တွေ့နေရသည်။

ဘရာဇီးနိုင်ငံတွင်း ပြန်လည် ကျန်းမာလာသူ ၁၃၅၀၀၀ ကျော်ရှိပြီး ၁၇၅၀၀၀ ကျော် ဆက်လက်ကုမှု ခံယူနေရဆဲ ဖြစ်ကာ လူပေါင်း ၈၀၀၀ ကျော်မှာ စိုးရိမ်ဖွယ် အနေအထားရှိနေသည်။ သမ္မတ Jair Bolsonaro သည် ရောဂါဖြစ်ပွားမှုကို ကိုင်တွယ်မှုအတွက် ကျယ်ကျယ်ပြန့်ပြန့်ပြစ်တင်ဝေဖန်ခံခဲ့ရပြီး နက်ရှိုင်းသော နိုင်ငံရေး အကျပ်အတည်း၏ အဓိကနေရာတွင် ရှိနေသည်။

ဘရာဇီးနိုင်ငံ အခြေအနေကြောင့် တောင်အမေရိကတိုက်သည် ယခုအခါ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု၏ ဗဟိုချက်နေရာသစ် ဖြစ်လာခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မေလ ၂၂ ရက်တွင် ထုတ်ပြန်သွားခဲ့သည်။ အဆိုပါ တောင်အမေရိကဒေသတွင် COVID-19 ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း ထိုးတက်လာခဲ့ပြီးနောက် WHO က အထက်ပါ အတိုင်း သတိပေးသွားခဲ့ခြင်း ဖြစ်သည်။

“တောင်အမေရိကဟာ ရောဂါဖြစ်ပွားမှု ရဲ့ ဗဟိုချက် သစ်တစ်ခု ဖြစ်လာခဲ့ပါပြီ၊ တောင် အမေရိက နိုင်ငံအများအပြားမှာ ကူးစက်မှုဖြစ်စဉ်တွေ မြင့်တက်နေတာကို ကျွန်တော်တို့ တွေ့မြင်နေရပါတယ်” ဟု WHO ၏ အရေးပေါ်အခြေအနေများဆိုင်ရာ ညွန်ကြားရေးမှူး မိုက်ခ် ရိုင်ယန်က ပြောသည်။

“ဒီ တောင်အမေရိကတိုက် ရဲ့ နိုင်ငံ အများအပြားနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်နေရပါတယ်၊ ဒါပေမယ့် သေချာတာတစ်ခုက ခုချိန်မှာ အဆိုးရွားဆုံး ကူးစက်မှုဒဏ် ခံနေရတာကတော့ ဘရာဇီးနိုင်ငံပါပဲ” ဟု ၎င်းက ပြောသွားခဲ့သည်။

လက်ရှိ ကမ္ဘာတစ်ဝှမ်း ကပ်ရောဂါ ကူးစက်မှုပေါင်း ၅.၃ သန်းကျော်နှင့် သေဆုံးသူ ၃၄၀,၀၀၀ ရှိသည်။ ပြန်လည် ကျန်းမာလာသူ ၂.၅၆ သန်းနှင့် ဆက်လက်ကုသမှု ခံယူနေ သူဦးရေမှာ ၂.၈ သန်းကျော်ရှိသည်။

crd : whitesone

Add a Comment

Your email address will not be published. Required fields are marked *

seventeen − 16 =