ကံကောင်း လွန်းနေတဲ့ မြန်မာပြည် နဲ့ စကားရည်လု အပြစ်ပုံ ချတာတွေ မလုပ်သင့်တော့တဲ့ အချိန်

ကံကောင်း လွန်းနေတဲ့ မြန်မာပြည် နဲ့ စကားရည်လု အပြစ်ပုံ ချတာတွေ မလုပ်သင့်တော့တဲ့ အချိန်

ကိုဗစ်က ပေးတဲ့ သင်္ခန်းစာ

၁။ ကိုဗစ်ကြီးအကြောင်းရေးရတာ ငြီးစီစီ ရှိလာပေတဲ့ မအောင့်နိုင်တော့လို့ ရေးမိပါတယ်။ ကျနော်တို့က ကိုဗစ်နဲ့ ပါတ်သက်ရင် “အပိုအလို – အမှားအယွင်း မရှိ” ပြည့်စုံစွာ စီမံခန့်ခွဲ တုန့်ပြန်နိုင်ခဲ့တယ်လို့ မိတ်ဆွေ ယူဆရင် ဆက်မဖတ်လို့ရပါပြီ။

၂။ တကယ်တော့ “ကံဖေး,မ” ခဲ့တဲ့ ဇမ္ဗူဒီပါ လင်္ကျာတောင်ကျွန်းပါ။ တရုတ်ပြည်နဲ့ နီးနီးကပ်ကပ် နေခဲ့ကြသော်ငြား ကိုဗစ်က “လေဟုန်စီး” ပြီး ဖြန့်ကျက်ခဲ့တာမို့ ခံသာခဲ့တယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးရဲ့နောက်ကနေ ကျနော်တို့က ဖဝါးခြေထပ်လိုက်ပြီး မူဝါဒ နဲ့ စီမံ တုန့်ပြန်ခဲ့တယ်။ အဲ့ဒီ အဖွဲ့ကြီးတောင် မှ ဝေဖန်မှု ( တချို့ဆို ပြင်းပြင်းထန်ထန်) ခံနေရတာမို့ ကျနော်တို့ ” ချို့ယွင်းချက်တွေ” မရှိခဲ့ပါဘူး လို့တော့ ခေါင်းမမာစေလိုပါ။

၃။ မတ်လ -၃၀ မတိုင်ခင်အချိန်ထိ နိုင်ငံအနှံ့ ကိုဗစ် တိုက်ဖျက်ရေးတုန့်ပြန်မှုဟာ ဆေးရုံလုပ်ငန်းတွေနဲ့ ပါတ်သက်ရင် “အိုးနင်းခွက်နင်း ” အကြောင်းကိစ္စတွေ အများကြီးနဲ့ဆိုတာ ပါဝင်ဆောင်ရွက်ခဲ့ရသူတွေ မမေ့လောက်သေးဘူးလို့ ထင်ပါတယ်။ အဲ့ဒီလို “အစီအစဉ် မကျ” ခဲ့မှုတွေရဲ့ အရင်းအမြစ် အကြောင်း တရားက Hospital Isolation protocol / manuals ဆိုတဲ့ ဆေးရုံအလိုက် (ခုတင် ၅၀ မှ ၁၀၀၀ အထိ) ကူးစက်မြန်ရောဂါကုသခန်း လက်စွဲ မရှိခဲ့ပါဘူး။

ကိုယ့်ဆေးရုံ ကိုယ့်ခုတင် ကိုယ့်အခန်း အဆင်ပြေသလို ပြင်ဆင် ခဲ့ကြရပါတယ်။ “လက်ပူတိုက်” ပြင်ခဲ့ကြရတာမို့ အမြို့မြို့မှာ အဖုံဖုံ ကွဲနေမှာ သေချာလှပါတယ်။ လုပ်ငန်းလမ်းညွှန် ဆိုပြီး ၂၀၁၆ – ကိုရည်ညွှန်းထုတ်ပြန်ထားပေမယ့် ဘယ်နှစ်ခုတင်ဆိုရင် ဘယ်နှစ်ခန်းရှိရမယ်ဆိုတဲ့ “မူဝါဒ” မပါရှိခဲ့ပါဘူး။ ဒါကို သင်္ခန်းစာ တစ်ခုအဖြစ်သတ်မှတ်ပြီး နောက်နောင်မှာ ကူးစက်ရောဂါသီးခြားခန်း လက်စွဲ (Hospital Isolation protocol) ဖြစ်ထွန်းပေါ်ပေါက်လာအောင် စီမံနိုင်ဖို့ နဲ့ နည်းစနစ်ကျတဲ့ သီခြားအဆောင် (functioning isolation ward) တစ်ခုကို ဖော်ဆောင်နိုင်ဖို့ အားထုတ် သင့်ပါတယ်။

၎။ မတ်လ ၁၁- ရက်နေ့မှာ WHO က pandemic ကြေငြာခဲ့ပါတယ်။ နိုင်ငံတော်သမ္မတရုံးရဲ့ အမိန့်စာနဲ့ အရေးပေါ် တုန့်ပြန်ရေးကော်မီတီ ကို မတ်လ-၃၀ ရက်နေ့မှာ စတင်ဖွဲ့စည်းပြီး နိုင်ငံတော်ရဲ့ ဦးဆောင်မှု စတင်ခဲ့ပါတယ်။နောက်တော့ အမျိုးသားကော်မီတီ ပေါက်လာပြီး နိုင်ငံတော် အတိုင်ပင်ခံ ကိုယ်တိုင် ဦးဆောင်မှုပေး လာခဲ့ရပါတယ်။

ဒါကိုထောက်ပြသူအချို့က နိုင်ငံရေးအရဦးဆောင်ပါဝင်မှု နှောင့်နှေး ခဲ့တယ်လို့ ဆိုချင်ပုံရပါတယ်။ တကယ်တော့ နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်တခု (political commitment) ရဖို့ဆိုတာ သက်ဆိုင်ရာတာဝန်ရှိသူတွေက အရှိကို အရှိအတိုင်း အချက်အလက် ခိုင်ခိုင်မာမာနဲ့ ပြောရဲ ဆိုရဲ တင်ပြရဲမှ ဖြစ်မှာပါ။ ဒီလိုလုပ်ငန်းစဉ်တွေ မှာ အဆင်ပြေချောမွေ့မှု ရှိခဲ့ပါရဲ့လား ဆိုတာတွေကလည်း ပြန်လည်သုံးသပ်နိုင်ကြဖို့ လိုအပ်ပါလိမ့်မယ်။

၅။ ကာကွယ်ရေး လုပ်ငန်းစဉ်တွေ မှာလည်း တကယ့်အောက်ခြေက အခြေခံကျန်းမာရေးလုပ်သားတွေရဲ့ အသံကို အတိုင်ပင်ခံကိုယ်တိုင်ကြားနာဖြေရှင်းပေးယူခဲ့ရတဲ့ အစောပိုင်းကာလ ဗွီဒီယိုအမေးအဖြေတွေကို သတိရကြဦးမယ်ထင်ပါတယ်။ ဒါတွေရဲ့ အရင်းအမြစ်က service readiness ( လုပ်မဲ့သူတွေ အသင့် အနေအထား) ရှိနေခဲ့ပါသော်လည်း ၊ supply readiness (ထောက်ပံ့ရေး လုပ်ငန်းစဉ်) က ဟန်ချက်ညီညီ ပါမလာနိုင်ခဲ့ပါဘူး။

အချိန်မရဘူး လို့တော့ အကြောင်းမပြစေလိုပါ။ ပြည်သူတွေက လိုသလောက် ရအောင် ဝယ်ပြီး လှူပေးနိုင်ခဲ့လို့သာ ခံသာခဲ့ပါတယ်။ အခုဆိုရင် အတော်အသင့်ပြည့်စုံပြီဖြစ်တဲ့ ကူးစက်မြန်အထောက်အကူပြုပစ္စည်းတွေကို နောင်မှာ ဘယ်လိုစီမံခန့်ခွဲကြမလဲ ..? ဆိုတဲ့ အစီအမံပါ လိုအပ် လာပါပြီ။

၆။ သူတစ်ပါး နိုင်ငံတွေပြန်ကြည့်ရင် ဝရုန်းသုံးကားဖြစ်ကြတယ် ဆိုတာ ထောင်၊သောင်း ချီတဲ့ လူနာတွေနဲ့မို့ပါ။ ဒါတောင် တချို့နိုင်ငံတွေက စံနစ်တကျရှိခဲ့ကြပါတယ်။ ကျနော်တို့ အစီအစဉ်တွေ စမတ်မကျတာကတော့ လူနာ တစ်ရာကျော်လောက်နဲ့ပါ။အမေရိကန်လို National pandemic response plan ( for influenza) ရှိတာတောင်မှ အတော် ရုပ်ပျက် ခဲ့ရပါတယ်။

တချို့နိုင်ငံတွေကျတော့ SARS outbreak response plan ရှိထားလို့ စံနစ်ပိုကျခဲ့ကြပါတယ်။ ကျနော် တို့လည်း အခုရရှိ (ခံစား) ခဲ့ရတဲ့ အတွေ့အကြုံတွေထဲကနေ ပကတိ မြေပြင်အခြေအနေကို အခြေခံတဲ့ National pandemic response plan လိုမျိုး အမြတ်ရခဲ့မယ်ဆိုရင် ကိုဗစ်ကြီးကို ရင်ဆိုင် ရကျိုးနပ်မှာပါ။

၇။ အားသာချက်တွေကတော့ ကိုဗစ် အကြောင်းပြုပြီး ပြည်သူတွေ ကျန်းမာရေး အသိ နဲ့ သတိ ပိုရှိလာတာရယ် ၊ ကျန်းမာရေး ဝန်ထမ်းတွေကြားထဲ ကူးစက်မြန်ပြင်းရောဂါတွေနဲ့ ပါတ်သက်တဲ့ ကာကွယ်၊ကုသ ရေးလုပ်ငန်းစဉ်တွေနဲ့ ရင်းနှီးလာတာရယ်၊ အပေါက်အကျတွေရှိနေတဲ့ ဆေးရုံတွေ ရဲ့ အတွင်းသရုပ်တွေ ပေါ်လာ တာရယ်…ပြောရရင် အများကြီးပါပဲ။ ဒါမျိုးတွေကိုလည်း မှတ်တမ်းပြုကြရမှာပါ။

၈။ မနေ့က လွှတ်တော် အမေးအဖြေခန်းကိုကြည့်ပြီး စိတ်မကောင်းဖြစ် လို့ ရေးမိတာပါ။ ရေးရမယ်ဆို အများကြီးပေါ့။ သို့ပေမဲ့ ဒီအချိန်ဟာ “အမှားရှာ” ဖို့အချိန်မဟုတ်။ “အမှန်ရောက်” အောင် ခရီးတွင်ဖို့သာ အားထုတ်ကြရမဲ့ “ကပ်ဘေးသင့်” ကာလ။ တိုင်းပြည် အတွက် ခက်ခဲတဲ့အချိန်။ စကားရည်လုမနေပဲ ပြည်သူ့ မျက်နှာ ကြည့်ပြီး ကူးစက်မြန်ရောဂါကြီးကို စံနစ်ကျကျ ရင်ဆိုင်နိုင်ရေး အားထုတ်ပေးနိုင်ကြပါစေကြောင်း သက်ဆိုင်သူအပေါင်းအား မေတ္တာရပ်ခံပါရစေလားခင်ဗျာ။

Nay Win

Add a Comment

Your email address will not be published. Required fields are marked *

four × 5 =