ဝန်းထမ်း ကားပါမစ် ပေးရာမှာ ဘယ်လိုလူမျိုးကို ပေးမှာလဲ၊ ဘယ်လို ကားမျိုး သွင်းခွင့်ပြုမှာလဲ၊ အခွန်ဘယ်လိုလျော့မလဲ ? (သိချင်သူတွေအတွက်ပါ)

ကားလောက ခမျာလည်း ဝန်ထမ်းပါမစ် မထွက်သေးတာက စမျင်းတုံးခံ သလိုဖြစ်ပြီး ရောင်းသူကလည်း ချမရောင်းနိုင်၊ ဝယ်မယ့်သူကလည်း ချိတုံချတုံ၊ ပါမစ်ရမယ့် သူကလည်း မျှော်ရလွန်းလို့ ရူးတော့မယ်ဆိုသလို..

၂၀၂၀ ထဲမှာ ကားလောကကို ကိုဗစ်ကတစ်မျိုး၊ ပါမစ်ကတစ်မျိုး၊ အခွန်က တစ်မျိုးနဲ့ လှုပ်ခပ်လိုက်တာမှာ ကားလုပ်ငန်းလုပ်နေတဲ့သူတော်တော် များများလည်း ထိကုန်ကြပြီ..

သန်းခေါင်ထက်တော့ ညဥ့်မနက်တော့ပါဘူးဗျာ… ဝန်ထမ်းတွေ ခမျာလည်း မောလှ ပါပြီ… ပေးစရာရှိလည်း ပေးလိုက်ကြပါတော့.. ကားသမားတွေ ကလည်း ၂၀၁၂ လောက်တုန်းက သိန်းတစ်ထောင်တန်ကား သိန်း ၂၀၀ လောက်ဖြစ်တာကို ကြုံဖူးပြီးသားပါ…

ကားဈေးကျတာထက် မူဝါဒမငြိမ်တာက ကားဈေးကွက် ကို ပိုဆိုးစေတာပါ.. အခု ဝန်ထမ်းပါမစ်ထွက်လည်း ကားဈေးက အများကြီး မကျပါဘူး… ဝန်ထမ်းတွေသာ ပါမစ်ဖိုးနည်းနည်းရသွားမှာပါ..(အိုစာမင်းစာ ရကြပါစေ)

လောလောဆယ်လည်း ဒေါ်လာဈေးကျလို့ ၁၀% လောက် သက်သာသွားသလို.. ၂၀၂၀ ဖေဖေါ်ဝါရီတုန်းက တစ်ဒေါ်လာ ၁၅၃၀ ဝန်းကျင်ရှိရာကနေ မနေ့က တစ်ဒေါ်လာ ၁၃၇၂ ကျပ်ပဲ ရှိပါတော့တယ်..

အခွန်တွေလျှော့လိုက်လို့လည်း ၁၀~၂၀% လောက် ကျသွားပါတယ်.. ဆိုတော့ ဝန်ထမ်း ပါမစ်ထွက်လာလည်း ကားဈေးထပ် ဝက်လောက်ကျဖို့ မဖြစ်နိုင်ပါဘူး..

ဝန်ထမ်းတွေကို ကားပါမစ် ပေးတာအပြင် ရွေးချယ်မှုအနေနဲ့ နောင်ခေတ်စားလာမယ့် အသက်အာမခံ လိုမျိုး၊ ကျန်းမာရေးအာမခံလိုမျိုး ပေးရင်ကော ဖြစ်နိုင်မလားလို့ စဉ်းစားစေချင်ပါတယ်..

လုပ်သက်ရင့် ဝန်ထမ်းကြီးတွေခမျာလည်း သနားဖို့ကောင်းပါတယ်.. ပင်စင်ယူပြီးရင်၊ နေဖို့ စားဖို့ ဆေးကုဖို့ နဲ့ ကလေးတွေရဲ့ ပညာရေးတွေးပြီး ပူနေကြရတာလေ..

ကဲ ဝန်ထမ်းကားပါမစ် ပေးပါပြီတဲ့ ဘယ်လို လူမျိုးတွေကို ပေးမှာလဲ?

လုပ်သက် ၂၅ နှစ်လည်းပြည့်မယ်၊ မှင်နီမထိထားတဲ့ ဝန်ထမ်းကောင်းလတ်မှတ်ရထားတဲ့သူတွေကို ပေးမယ်လို့ ကြားရတဲ့ အတွက် သင့်လျော်တယ်လို့ မြင်မိပါတယ်

(အထူးသဖြင့် ဆရာ၊ ဆရာမတွေ၊ စစ်သား အိုကြီးတွေ၊ ဆင်းရဲတဲ့ ရဲဝန်ထမ်းကြီးတွေ၊ မီးသတ်သမားကြီးတွေ၊ ဆရာဝန်တွေ၊ သူနာပြုတွေလည်း ရစေချင်ပါတယ်။)

ဒါပေမယ့် ဝန်ထမ်းကောင်း ဆိုတဲ့ ဖွင့်ဆိုချက်ကိုတော့ ရှင်းရှင်း လင်းလင်း၊ မျှမျှတတ ပြောထားစေချင်တယ်။ ဖြစ်နိုင်ရင် ပြည်သူတွေကို အနိုင်ကျင့်တဲ့ ဝန်ထမ်းတွေ၊ ဝန်ထမ်းလုပ်ရင်း ပြည်သူ့ပိုက်ဆံနဲ့ အရမ်းချမ်းသာသွားသူတွေကိုတော့ မရစေချင်ပါဘူး။

ဝန်ထမ်းကားပါမစ်အခွန်ကကော ဘယ်လိုလျှော့မှာလဲ?

ကားတစ်စီးသွင်းရင် ဆောင်ရမယ့် အခွန် (၅) မျိုးမှာ (၂) မျိုးလျှော့ပေး မယ်လို့ သိရပါတယ်။ အခွန်အားလုံးကင်းလွတ်တော့ မဟုတ်ပါဘူး။

အဲ လျှော့ပေးမယ့် အခွန်က ငွေအများဆုံး ပေးဆောင်ရတဲ့ ကာစတန်ခွန်နဲ့ ကညနခွန် အင်ဂျင် ပါဝါ ၁.၅ လောက်သာ သွင်းရင် အထူးကုန်စည်ခွန်လည်း မပေးရသလို၊

လုပ်သက် ၂၅ နှစ်ပြည့်ပြီးတဲ့ ဝန်ထမ်းတော်တော်များများက စည်းကြပ်ခံပြီးသားဝင်ငွေတွေ ဖြစ်တဲ့အတွက် ဝင်ငွေခွန်လည်း မပေးရတော့ ကုန်သွယ်ခွန် တစ်မျိုးတည်း ပေးရမှာပါ ..

(ကုန်သွယ်ခွန်ကလည်း ကားရဲ့ အေဗီ တန်ဖိုးကို ၅% ပဲ ဆောင်ရမှာပါ) ဥပမာ – ဝန်ထမ်းတစ်ယောက်က ကိုယ်ဝယ်မယ့်ကားက ရန်ကုန်အရောက် ဒေါ်လာ ၂၀၀၀၀ ရယ် စီတီ ဖိုး ဒေါ်လာ ၁၀၀၀ ရယ် မှ ဆို အပြီး အစီး သိန်း ၃၀၀ လောက်ပဲ ကျမှာပေါ့…

နောက် ရန်ကုန်လိုင်စင်လည်း သန်းခေါင် စာရင်းပေါ်လိုက်ပြီး ရဦးမယ်ဆို … သူ့ရတဲ့ အခွင့်အရေးက သိန်း ၁၀၀ လောက် အနည်းဆုံး တန်သွားတာပေါ့.. (အကြမ်းတွက်ထားတာပါနော်) နယ်လိုင်စင်တို့ ကားသွင်းတဲ့ တန်ဖိုးပေါ်လိုက်ပြီး လျော့သွားတိုးသွားတာတော့ ရှိမှာပေါ့..

အစိုးရအနေနဲ့ကလည်း နောက်ပိုင်း မှာတော့ စီပီအက်ဖ် လိုမျိုး ပင်စင်ယူပြီးချိန် ထုတ်ယူနိုင်မယ့် ရံပုံငွေ အစီအစဉ်ကို ခုနှစ်မှ စလုပ်တာဆိုတော့ ငွေထုတ်ပေးတာမျိုးထက်စာရင် ခွင့်ပြုကားပါမစ်က နိုင်ငံတော်စရိတ်သက်သာပြီး မြန်တာပေါ့..

နောင် နှစ်တွေမှာတော့ ရွေးချယ်ခွင့်တွေအ နေနဲ့ နေစရာအိမ်တို့ ကျန်းမာရေးအာမခံ နဲ့ ကလေးတွေအတွက် ပညာရေးအာမခံ ဆိုတာမျိုးတွေ လုပ်သင့်တာပေါ့..

ဘယ်လိုကားမျိုးတွေ ပေးသွင်းခွင့်ပြုမှာလဲ?

စီအိုင်အက်ဖ် သိန်း ၃၀၀ အောက် ကား (၂၀၁၈၊ ၂၀၁၉၊ ၂၀၂၀) ဘယ်မောင်းကား ပဲဖြစ်ရမယ်။ တစ်နှစ်အတွင်း နာမည်ပြောင်းခွင့်မရှိဘူး ဆိုပြီးတော့ ကြားပါတယ်..

(ကားသစ်က ၃ နှစ်နေမှ လိုင်စင်ဝင်ရတာ ဆိုတော့ ဒီလိုပဲ ပြန်ရောင်းကြမှာပါပဲ) ဒီနှစ်ချက်ထဲဆိုရင်တော့ ဝန်ထမ်းတွေ ပျော်စရာပေါ့…

တစ်ဖက်မှာလည်း ဝန်ထမ်းတွေက ပျော်ပေမယ့် ကားထုတ်လုပ်သူတွေ နဲ့ ကားရှိုးရွမ်း ပိုင်ရှင်တွေက သွင်းထားတဲ့ကားတွေ ရောင်းရခက်တော့မှာမို့ အစိုးရကို တင်ပြကျပြန်ရော…အဲဒါနဲ့ပဲ အချိန် ကြာနေတာ..

ခုတော့ အားလုံးကို တစ်ပြေးညီ အခွန်တွေ ချပေးလိုက်တော့ ဝန်ထမ်းပါမစ် အခွန်လျှော့နဲ့ အများကြီး မကွာတော့ဘူးပေါ့.. ဒီလထဲမှာ ဝန်ထမ်းပါမစ် မြန်မြန်ပေးလိုက်လည်း အေးတာပဲ…

ဝန်ထမ်းတွေလည်း ကားပါမစ် ရပါစေ။ ကားလောက သားတွေလည်း အဆင်ပြေကြပါစေ လို့ ဆုတောင်းရင်း…

အောင်မိုးလွင် (၂၃၊ ၈၊ ၂၀၂၀)

Add a Comment

Your email address will not be published. Required fields are marked *

8 − 2 =