ဆန္ဒ ပြခြင်း ရဲ့ လက်ငင်း သက်ရောက်မှု နဲ့ စားစရာ မရှိတော့တဲ့ စက်ရုံ အလုပ် သမားများ

ဆန္ဒ ပြခြင်း ရဲ့ လက်ငင်း သက်ရောက်မှု နဲ့ စားစရာ မရှိတော့တဲ့ စက်ရုံ အလုပ် သမားများ

ဆန္ဒပြမှုတွေကြောင့် အပြီး ပိတ်သိမ်းသွားတဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်က ဘရိုက်ဘတ် စက်ရုံက အလုပ်သမား ၄၄၀ ကျော်အား ရန်ကုန်တိုင်းအတွင်းက မည်သည့်စက်ရုံကမှ အလုပ်မခန့်ခြင်း ထိုစက်ရုံအလုပ်သမားဟောင်းဟုသိတာနဲ့ လျှောက်လွှာအတင်မခံခြင်း စက်ရုံအတွင်းသို့ လုံးဝ ဝင်ခွင့် မပြုခြင်းများကြောင့် အလုပ်လက်မဲ့ဖြစ်ကာ သူတို့ကို သက်သက် အလုပ်မခန့်တဲ့အခြေအနေကို ကူညီပါရန် ထိုဘရိုက်ဘတ်အလုပ်သမားဟောင်းများက တောင်းဆိုလိုက်သည်ဟုသိရပါတယ်။

အခြေအနေတွေက သမိုင်း တစ်ပတ်ပြန်လည်မှာပါ။ အလုပ်သမားတွေက အစုဖွဲ့ကွန်ယက်ဖွဲ့ပြီး လှုပ်ရှားဆန္ဒပြ လျော်ကြေးတောင်းကြသလို နောင်ဆို စက်ရုံတွေ ကလဲ ကွန်ယက်ဖွဲ့ပြီး အလုပ်သမားအသစ်ကို ခေါ်မှာပါ။ စက်ရုံတစ်ရုံက ဆန္ဒပြလို့ အထုတ်ခံရရင် နောက်စက်ရုံတစ်ရုံက မခေါ် ပါဘူး။ ဒီစနစ်က ဂျပန်မှာ ကျင့်သုံးပါတယ်။ မြန်မာမှာရှိတဲ့ ဂျပန်ရုံးတွေမှာလဲ ကျင့်သုံးပါတယ်။ လုပ်ငန်းခြင်းတူရင် ဂျပန်ကုမ္ပဏီတစ်ခုက ထွက်လာရင် နောက် ဂျပန်ကုမ္ပဏီက အလုပ်ပြန်မခန့်ပေးတော့ပါဘူး။

ဒါကတော့ လက်ရှိဖြစ်ပျက်နေ တဲ့ အခြေအနေ သတင်း အပြည့်အစုံပါ…

ဒဂုံဆိပ်ကမ်းမြို့နယ်၊ စက်မှုဇုန် ၂ က Brightberg Enterprises အိတ်ချုပ်စက်ရုံ အပြီး ပိတ်သိမ်းလိုက်တဲ့ နောက်မှာတော့ ဝန်ထမ်းများအနေဖြင့်အခြားစက်ရုံများသို့ အလုပ်သွားလျှောက်ရာတွင် အလုပ်မခန့်ဘဲပြန်လွှတ်ခြင်းများကြုံတွေ့နေရကြောင်း Brightberg Enterprises အိတ်ချုပ် စက်ရုံဝန်ထမ်းတွေ ကပြော ပါတယ်။

“ညီမတို့အနေနဲ့အခုအချိန်မှာ ရတဲ့အလုပ်လိုက်ရှာကြတာပေါ့။ ဒါပေမဲ့တောင်ဒဂုံစက်မှု ဇုန်ထဲမှာရှိတဲ့စက်ရုံတော်တော်များများကBrightberg ကဆိုတာနဲ့လက်မခံချင်တာ။ ညီမသူငယ်ချင်းတွေဆိုလည်း အင်တာဗျူးအောင်ပြီးမှကို ဘယ်စက်ရုံကလဲမေးလို့ Brightberg ကဆိုတာသိသွားတာနဲ့ မခန့်တော့တာ။ ညီမတို့ ကတော့သွားလျှောက်တာ အပေါက်ဝကနေကို အဝင်မခံ Brightberg ဆိုတာနဲ့လှည်ပြန်ရတာ ။ စားဝတ်နေရေးအခက်အခဲတွေကတော့အများကြီးဘဲ” ဟု အိတ်ချုပ်စက်ရုံဝန်ထမ်း ဒေါ်စုစုခိုင်က ၄င်းကြုံတွေ့ရတဲ့ အခက်အခဲကို ပြောပါတယ်။

အပြီးပိတ်သိမ်းခဲ့တဲ့ စက်ရုံ မှာ လုပ်ငန်းခွင် ဆိုင်ရာလိုအပ်ချက်တွေကို သပိတ်စခန်းဖွင့်တောင်းဆိုတာတွေ ရှိခဲ့ပြီး ဧပြီ ၁၉ ရက်မှာတော့ ခွင့်မဲ့ပျက်ကွက်ခြင်း၊ အဓမ္မပိတ်ဆို့ခြင်း၊ ရာဇ၀တ်မကင်းသော အနိုင်အထက်ပြုမှုကို ပြုမူခြင်း၊ စသည့်အချက်များဖြင့် ၀န်ထမ်း ၃၂၃ ဦးကို အလုပ်ထုတ်ခဲ့ပြီး ဧပြီ ၂၇ မှာတော့ စက်ရုံအပြီးပိတ်သိမ်းတယ်လို့ ထုတ်ပြန်ခဲ့တာပါ။

“အခုချိန်မှာကြုံတွေ့နေရတဲ့ အခက်အခဲကတော့ Brightberg ကဆိုတာနဲ့ အလုပ်လက်မခံတာဘဲ။ သွားလျှောက်လို့ အမည်ပြောလိုက်တာနဲ့ မခေါ်တော့ဘူး။ ညီမတို့ သွားလျှောက်တာ တောင်ဒဂုံထဲက စက်ရုံတွေဘဲများတော့ တောင်ဒဂုံကတော့မခေါ်ကြဘူး။ အလုပ်မရှိကြတော့ စားဝတ်နေရေးက အဆင် မပြေဖြစ်လာကြတယ်။ နိုင်ငံတော်ကထောက်ပံ့တဲ့ ဆန်တို့ဆီတို့ ရလိုက်လို့တော်သေးတယ်” လို့ Brightberg Enterprises အိတ်ချုပ်စက်ရုံဝန်ထမ်းဟောင်း ဒေါ်လှလှနွယ်က ဆိုပါတယ်။

Brightberg Enterprises အိတ်ချုပ်စက်ရုံ ပိတ်သိမ်းကြောင်းအသိပေးကြေငြာချက်မှာတော့ အလုပ်သမားတွေ စုပေါင်း ဆန္ဒပြခဲ့သည့်အတွက် စက်ရုံ၏ ကုန်စည်စီးဆင်းမှု ၊ ကုန်ထုတ်လုပ်မှုများရပ်တန့်ခဲ့ရပြီး အော်ဒါပေးပို့ သူများဘက်ကလည်း အော်ဒါ ပြန်ရုတ်သိမ်းမှုများ ပြုခဲ့ခြင်း၊ အလုပ်သမား များ ဆန္ဒပြနေစဉ် သက်ဆိုင်ရာ ဌာနများသို့ အကူအညီများတောင်းခံခဲ့သော်လည်း မည်သည့်အကူအညီ အကာအကွယ်မှ မရရှိခဲ့တဲ့ အတွက် စက်ရုံပိတ်သိမ်းရန် ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ စက်ရုံ ပိတ်သိမ်းခြင်းကြောင့် ၀န်ထမ်း ၄၄၁ ဦး အလုပ်လက်မဲ့ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *

4 + 17 =