အမှန်တရားကို ချစ်မြတ်နိုးတဲ့ ပြည်သူ့အချစ်တော်မင်းသား “ဒေါင်း” ရဲ့ ဘဝဇာတ်ကြောင်း

Posted on

ဒေါင်း ကတော့ သူ့ရဲ့ ထူးခြားလှတဲ့ နာမည်နဲ့ လိုက်ဖက်အောင် မျက်လုံး၊ မျက်ခုံးကောင်းကောင်းနဲ့ ခန့်ညားတဲ့ ရုပ်သွင်ကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်ပါတယ်။ ယောက်ျားပီသတဲ့ အသွင်အပြင်တွေနဲ့ မိန်းကလေးပရိသတ် အများအပြား ပိုင်ဆိုင်ထားတဲ့ ‌ဒေါင်း ဟာ ကျရာဇာတ်ရုပ်ကို သဘာဝကျကျနဲ့ ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့အတွက် အချိန်တိုတို အတွင်း နာမည်ရလာခဲ့တဲ့ မင်းသားတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒေါင်း ကိုတော့ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ မင်းလှမြို့နယ်မှာ ၁၉၉၂ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့က မွေးဖွားခဲ့ပါတယ်။ သူအရမ်း နှစ်သက်တဲ့ ပန်းချီဆရာကြီး ဗင်းဆင့်ဗန်ဂိုးနဲ့ မွေးနေ့ချင်း တူညီနေတာဟာ ထူးခြားတဲ့အမှတ်တရ တစ်ခုပါလို့ ပရိသတ်တွေကို ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။

မွေးချင်းငါးယောက်ရှိပြီး သူကတော့ လေးယောက်မြောက်ဖြစ်ပါတယ်။ အစ်ကိုနှစ်ယောက်၊ အစ်မတစ်ယောက်နဲ့ အသက် ၁၀ နှစ်ကွာတဲ့ ညီမတစ်ယောက်ရှိတယ်လို့လည်း သိရပါတယ်။ နာမည်အရင်းကတော့ သူရအောင်ဖြစ်ပါတယ်။ အနုပညာလောကထဲကို ဝင်ရောက်ရာမှာတော့ သူရအောင်ဆိုတဲ့ အမည်ရင်းကို အသုံးမပြုလိုတဲ့အတွက် ထင်ရှားတဲ့အမှတ်အသားတစ်ခုဖြစ်ပြီး ရဲရင့်ခြင်း၊ တည်ကြည်ခြင်း၊ ပြတ်သားခြင်းတွေကို ဖော်ဆောင်တဲ့ ဒေါင်း ဆိုတဲ့ အမည်ကို ရွေးချယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲခူးတိုင်းမှာ မွေးဖွားခဲ့တဲ့ ဒေါင်းဟာ မြန်မာနိုင်ငံရဲ့ အထင်ကရ မန္တလေးမြို့မှာ ကြီးပြင်းခဲ့ပါတယ်။ ငယ်စဉ်ကတည်းက ဂီတကို ဝါသနာ ပါခဲ့ပြီး သူလုပ်ချင်တဲ့ အလုပ်တွေ ကတော့ အနုပညာနဲ့ အားကစားပဲဖြစ်တယ်လို့ သိရပါတယ်။ အလယ်တန်းကျောင်းသား ဘဝကတည်းက သီချင်းတွေကို ချစ်မြတ်နိုးခဲ့ပြီး တက္ကသိုလ်ဝင်တန်းလောက်ရောက်တဲ့အချိန်မှာတော့ ဂီတနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အိမ်မက်တွေဟာ အတော်လေးရင့်သန်နေခဲ့ပါတယ်။

အနုပညာဘက်မှာ စိတ်အားထက်သန်နေတာကြောင့် ပညာရေးမှာ အားနည်းခဲ့ပြီး အဲ့ဒီ့နောက်မှာတော့ အောင်မြင်တဲ့ အဆိုတစ်ယောက်ဖြစ်ဖို့အတွက် မန္တလေးကနေ ရန်ကုန်မြို့ကို ပြောင်းရွေ့ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ သူ့ဘဝအတွက် ကြီးမားတဲ့ အပြောင်းအလဲတစ်ခုလို့ ပြောရမယ့် တေးရေး ကေအေတီနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဝါသနာပါတဲ့အလုပ်တွေကို လုပ်ကိုင်နိုင်ဖို့ ဝင်ငွေလိုအပ်တဲ့ အတွက်ကြောင့် သူဝါသနာပါတဲ့ နောက်ထပ်အရာတစ်ခုဖြစ်တဲ့ ဘောလုံးသမားတစ်ယောက်အဖြစ် ရပ်တည်ခဲ့ပါတယ်။ အဆိုတော်တစ်ယောက်မဖြစ်မီ ဒေါင်းဟာ Southern Myanmar F.C အသင်းမှာ တိုက်စစ်မှူးအဖြစ် သုံးနှစ်ကြာအောင် ကစားခဲ့ပါတယ်။ အဲ့ဒီ့နောက်မှာတော့ ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာ ချပြီး အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်ဖို့အတွက် ဘောလုံးသမားဘဝကနေ နုတ်ထွက်ခဲ့ပါတယ်။

ဒီလိုနဲ့ အဆိုတော်တစ်ယောက် ဖြစ်ဖို့အတွက် ပြင်ဆင်နေချိန်မှာပဲ သူအားထားရတဲ့ ဆရာဖြစ်သူ တေးရေး ကေ‌‌အေတီ ကွယ်လွန်အနိစ္စရောက်ခဲ့ပါတယ်။ ဆရာဖြစ်သူ ကွယ်လွန်ခဲ့ခြင်းက‌ သူ့ဘဝအတွက်တော့ နောက်ထပ် ထူးခြားတဲ့ ပြောင်းလဲမှုတစ်ခုကို ဖြစ်စေခဲ့ပါတယ်။ ဆရာဖြစ်သူရဲ့ စျာပနအခမ်းအနားမှာ ဆာတိုရီရုပ်ရှင်ထုတ်လုပ်ရေးကနေ သရုပ်ဆောင် အသစ်တွေ ခေါ်ယူနေတယ်ဆိုတဲ့ သတင်းကိုကြားမိခဲ့ပါတယ်။ ဂီတကို အခြေခံတဲ့ ဇာတ်ကားရိုက်မှာ လို့လည်း သိရတဲ့အတွက် ဝါသနာနဲ့လည်းကိုက်ညီနေတာကြောင့် ဝင်ရောက် လျှောက်ထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီလိုနဲ့ ဆာတိုရီထုတ်လုပ်ရေးမှာ မင်းသားအဖြစ်လျှောက်ထားသူ အယောက် ၅၀၀ ကျော်ထဲကနေ ရွေးချယ်ခံခဲ့ရပြီး သရုပ်ဆောင်တစ်ဦးဖြစ်ဖို့ အကြောင်းဖန်လာခဲ့ပါတော့တယ်။ ပထမဆုံး ပွဲဦးထွက်အနေနဲ့ ၂၁၀၆ ခုနှစ်မှာ ဆာတိုရီထုတ်လုပ်ရေးက ရိုက်ကူးတဲ့ ဒုတိယနှလုံးသားဆိုတဲ့ ဇာတ်ကားမှာ ပါဝင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ မင်းသမီး ပိုင်ဖြိုးသုနဲ့ တွဲဖက်ပြီး ခေါင်းဆောင်မင်းသားအဖြစ်နဲ့ ထီးကလေးပုံပြင် ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးခဲ့ပါတယ်။ ဒီဇာတ်ကားဟာ ပြည်တွင်းမှာ အတော်လေး လူကြိုက်များခဲ့ပြီး ‌ဒေါင်းကိုလည်း အရည်အချင်းရှိတဲ့ မင်းသားတစ်ဦးအဖြစ် ပရိသတ်တွေက အသိအမှတ်ပြုခဲ့ကြပါတယ်။

အဲ့ဒီနှစ်မှာပဲ မင်းသားကြီး ဦးကျော်သူရိုက်ကူးခဲ့တဲ့ ပုဂံမြို့သူ ဆိုတဲ့ ဇာတ်လမ်းတွဲမှာ မောင်မောင်ကြီးအဖြစ်နဲ့ ပါဝင်ခဲ့ပါတယ်။ ဒီရုပ်သံဇာတ်လမ်းတွဲကိုတော့ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှာ MRTV-4 ရုပ်သံကနေ ထုတ်လွှင့်ပြသခဲ့ပြီး စီးပွားရေးအရသာမက ပြည်တွင်းမှာ ကြည့်ရှုသူ အများဆုံးအဖြစ် အဲ့ဒီ့အချိန်တုန်းက စံချိန်တင်နိုင်ခဲ့ပါတယ်။ ဇာတ်လမ်းတွဲရဲ့ အောင်မြင်မှုနဲ့အတူ ဒေါင်းရဲ့ ကျော်ကြားမှုဟာလည်း ပိုမိုမြင့်တက်လာခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ ဒေါင်းရဲ့ အအောင်မြင်ဆုံးလို့ ပြောရမယ့် ရုပ်ရှင်ကားတစ်ကားဖြစ်တဲ့ လိပ်ပြာစံအိမ် ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးခဲ့ပါတယ်။ ပရိသတ်တွေကြားမှာ ပြောစမှတ်တွင်ခဲ့တဲ့ ဒီဇာတ်ကားကတော့ ဒါရိုက်တာ Chatchai Katenut ရိုက်ကူးထားတာဖြစ်ပြီး နိုင်းနိုင်း၊ ဝတ်မှုန်ရွှေရည်တို့ ပါဝင်ခဲ့ပါတယ်။

အမျိုးအစားကတော့ Horror-Thriller အမျိုးအစားပဲဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ပြည်တွင်းက ရုပ်ရှင်ရုံတွေမှာ ပြသခဲ့ပြီး စံချိန်တင်ရလောက်အောင် ခုနှစ်ပတ် တိတိ ပြသခဲ့ရပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားဟာ ပြည်တွင်းမှာတင်မကဘဲ ပြည်ပနိုင်ငံ ၁၃ နိုင်ငံမှာလည်း ရုံတင်ပြသခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်အတွင်းမှာပဲ လေဆန်ကကြိုး၊ ဒဏ္ဍာရီမိုး၊ ၁၀၁၄ စတဲ့ ရုပ်ရှင်ကားကြီးတွေကို ဆက်လက် ရိုက်ကူးခဲ့ပါတယ်။ သရုပ်ဆောင်တစ်ဦးအဖြစ်သာမကဘဲ ငယ်စဉ်က ရူးသွပ်ခဲ့ရတဲ့ ဂီတနဲ့ ပတ်သက်တာတွေကို ပရိသတ်တွေကို ချပြဖို့ ရှိတယ်လို့ သိရပါတယ်။ ဒေါင်းကတော့ အခုအချိန်မှာဆိုရင် ပြည်တွင်းမှာသာမကဘဲ ပြည်ပကိုပါ ထိုးဖောက်ခဲ့တဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။ ဘေးကင်းကျန်းမပါစေ ကိုဒေါင်းရေ ….

Credit