မျိုးဗီဇ ပြောင်းလဲနေ တဲ့ မြန်မာပြည် က ကိုဗစ် နှင့် အခက်အခဲတွေ ကြားက အနိုင်မခံ အရှုံးမပေး ပဲ အောင်ပွဲဆီ သို့

သြဂုတ် လ အလယ်မှ စတင်၍ ရခိုင်ပြည်နယ်တွင် ရုတ်တရက် ပြန်လည်ဖြစ်ပွားလာသော COVID-19 ရောဂါ ကူးစက် မှုသည် ယနေ့ညတွင်မှု လူနာသစ် ၇၇ ဦးဖြင့် စံချိန်တင်

မြင့်တက်လျက်ရှိနေသည်။ အများစုမှာ ရခိုင်ကဖြစ်ကြသော်လည်း မြန်မာပြည်တဝှမ်းလုံးမှ ပြည်သူအားလုံး စိုးရိမ်ပူ ပန်လျက် ရှိနေကြသည်။ ရောဂါဖြစ်ပွားလျှင် ခံစားရမည့်ဝေဒနာများ၊

စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ကျဆင်းမှုများနှင့် လူမှုရေး စီးပွားရေး ထိခိုက်ရမှုများကြောင့် မည်သူကမှ ရောဂါကူးစက် မခံချင်ကြပေ။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်တွင်

ဖြစ်ပွားနေသော ကူးစက်မှုများကို ထိန်းချုပ်ရန် အစွမ်းကုန်ကြိုးစားနေကြပါသည်။

ပထမဦးဆုံး ပြသနာမှာ ဆရာဝန်အင်အားနဲ့ အခြေခံအဆောက်အအုံ အားနည်းချက်များဖြစ်သည်။ ရန်ကုန် တွင် ဖြစ်ပွားစဉ်က ဆရာဝန်ဦးရေ၊ ကျန်းမာရေးဝန်ထမ်းအင်အား ကောင်းမွန်မှု၊

လူထုကို ပညာပေးနိုင်မှု၊ လူုထု ပူးပေါင်းပါဝင်မှုတို့အပါအဝင် ဆေးရုံများ ပေါများမှု၊ အဆင်သင့်ပြင်ဆင်ထားနိုင်သည့် အဆောက်အဦးများ ရှိသဖြင့် ထိန်းချုပ်ရာတွင် အဆင်ပြေခဲ့သည်။

လူသူမရှိသော ရန်ကုန်မှ လမ်း များ၏ ပုံသည် သမိုင်းဝင်ဖြစ်ခဲ့သလို ထိုမြင်ကွင်းမျိုးများကြောင့်ပင် ရန်ကုန်သည် ပထမလှိုင်းကို အောင်မြင်ခဲ့ခြင်းဖြစ်သည်။ ရခိုင်တွင်မှု ထိုသို့မဟုတ်။

ဆရာဝန်အင်အား နည်းပါးသည်။ ကျန်းမာရေး ဝန်ထမ်းအင်အားလဲ ရန်ကုန်နှင့်စာလျှင် လျော့နည်းသလို ဆေးရုံ၊ ဓာတ်ခွဲခန်း အစရှိသည့် အခြေခံအဆောက်အအုံများလဲ အားနည်းသည်။

ထို့ကြောင့် အရင်ဦးဆုံး လုပ်ဆောင်ရသည်မှာ မြန်မာပြည်အနှံ့မှ ကျန်းမာရေးဝန်ထမ်းများကို ရခိုင်သို့ စေလွှတ်ခဲ့ရသည်။ မိမိ၏ ဆန္ဒအလျောက် တာဝန်ထမ်းဆောင်ကြမည့် နှလုံးလှလူသားများ

ရှိနေသည့်အတွက်လဲ ကံကောင်းရပါသည်။ ယခုမူ ထိုလူများ၏ အင်အားဖြင့် စတင်ထိန်းချုပ်ရန် ကြိုးစားနေပီဖြစ်ပါသည်။

နောက်ထပ် အရေးပါသည့် ဓာတ်ခွဲရန် စက်များ၊ ပစ္စည်းများကိုလဲ ပေးပို့ရ သလို ဓာတ်ခွဲကျွမ်းကျင်များ၊ Microbiologist များကိုလဲ အရေးပေါ်စေလွှတ်ခဲ့ရသည်။ ယခုအခါ ရခိုင်ပြည်

စစ်တွေတွင် GeneXpert စက် ၃ လုံး ရှိနေပီး စစ်ဆေးနေသလို ကျောက်ဖြူ၊ သံတွဲ၊ မြောက်ဦးနဲ့ မောင်တောမြို့နယ်တို့မှာလဲ စက်များ တပ်ဆင်ပီး စတင်ဓာတ်ခွဲစစ်ဆေးနေကြပီဖြစ်ပါသည်။

တချို့ဆေးရုံများတွင် ရောဂါကူးစက်ခံရသော ကျန်းမာရေးဝန်ထမ်းများသည် အခြား ကိုဗစ် လူနာများကို သီးသန့်ခန်းထဲတွင် ပြန်လည်စောင့်ရှောက်ပေးနေသည်များကိုလဲ

ချီးကျူးဖွယ်တွေ့ရှိရပါသည်။ အံ့ဖွယ် စိတ်ဓာတ်ပိုင်ရှင်များပါတကား။ ထို့အပြင် အခြားလိုအပ်သည့် ပစ္စည်းများနှင့် အသက်ရှူစက်များကိုလဲ ရခိုင်ပြည်သို့ ပေးပို့ဖြည့်ဆည်းပေးလျက်ရှိပါသည်။

ရခိုင်ပြည်တွင် တွေ့ရှိရသောပိုးမှာ ဓာတ်ခွဲနမူနာ ၉ ခုလုံးတွင် မျိုးဗီဇတခု ပြောင်းလဲနေသည်ကို တွေ့ရပါသည်။ ကံကောင်းသည့်အချက်မှာ ရခိုင်ရှိ လူနာအားလုံးတွင် ပြင်းထန်စွာ

ဝေဒနာခံစားနေရသည့် လူနာမရှိခြင်းပင် ဖြစ်သည်။ သို့ရာတွင် ရောဂါရှိနေမှန်း မသိပဲ Silent carrier များအနေဖြင့် သွားလာခဲ့ကြသဖြင့် ကူးစက်သူဦးရေ များပြားနေသည်မှာ

အမှန်ပင်ဖြစ်သည်။ ပိုးတွေ့လူနာဦးရေသည် ရက်အနည်းငယ်အကြာထိ ဆက်လက် မြင့်တက်နေဦးမည် ဖြစ်သည်။ ထို့နောက်တွင်မူ တဖြည်းဖြည်း ပြန်လည်ကျဆင်းသွားမည်ဖြစ်သည်။

များပြားလှသော လူနာများကို ဆေးရုံတင် ကုသရာတွင် အခက်အခဲ များစွာ ရှိသောကြောင့် ယခုအခါတွင် လူငယ်များ၊ ရောဂါလက္ခဏာမပြသူနှင့် ပြင်းထန်သူများကို ဆေးရုံပြင်ပရှိ

သူနာပြုသင်တန်းကျောင်းနှင့် တိုင်းရင်းဆေးရုံတို့မှာ ထားရှိသွားမှာဖြစ်ပါတယ်။ လိုအပ်ရင် ယာယီဆေးရုံတွေ ထပ်လုပ်ဖို့ရှိနေပါတယ်။ အသက်အရွယ်ကြီးရင့်သူတွေ၊

အခြေခံရောဂါရှိကြသူများနှင့် ရောဂါလက္ခဏာ ပြင်းထန်သူများကိုသာ ဆေးရုံတင် ကုသဖို့ စီစဉ်ထားရှိပါတယ်။

တခြားပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာတော့ အထူးစိုးရိမ်စရာမရှိသေးပေမယ့် ကာကွယ်ဖို့ အထူးလိုအပ်ပါတယ်။ ဒီအခါမှာ ပြည်သူတွေအနေနဲ့ စီးပွားရေးကျဆင်းမှုဒဏ်ကို တကမ္ဘာလုံးနည်းတူ

ကာလရှည်ခံစားလာကြရလို့ ထပ်မံပီး အိမ်ထဲနေဖို့ မလွယ်တော့ပါဘူး။ ဒါဆို အပြင်ထွက်ပီး အကူးခံရမှာလားဆိုရင် မဟုတ်ပါဘူး။ New Normal ဆိုတာ အဲဒါပါပဲ။ ဒီရောဂါပိုးနဲ့အတူ

ယှဉ်တွဲနေထိုင်ပီး မကူးစက်အောင် ကာကွယ်ခြင်းကို ဆိုလိုပါတယ်။ ဘာလုပ်ရမလဲဆို လွယ်လွယ်လေးပါ။ Mask တပ်ပါ။ လက်ဆေးပါ။ ခပ်ခွာခွာနေပါ။ အပြင်မထွက်လို့ရတဲ့ ကိစ္စဆိုရင်တော့

အပြင်မသွားပါနဲ့။ ဒီလောက်ပါပဲ။ နောက်ပီး ရခိုင်ကနေ တခြားဒေသတွေကို ခရီးထွက် တဲ့သူတွေ၊ ရခိုင်ကို ခရီးထွက်ခဲ့ဖူးသူတွေ အနေနဲ့ သတင်းပေးပို့ကြပါ။ Q ဝင်ရမှာကို မကြောက်ပါနဲ့။ ဒါဟာ မိမိကိုယ်ကိုကော၊ တိုင်းပြည်ကိုပါ ကာကွယ်ခြင်းပါ။ ပြည်သူတွေအနေနဲ့ အခုချိန်ထိ တတ်နိုင်တာတွေ လှူဒါန်းနေကြတာကိုလဲ လေးစား ကျေးဇူးတင်ရှိရပါတယ်။

အချုပ်ဆိုရရင် ရခိုင်ဒေသမှာ ဖြစ်ပွားနေ တဲ့ ကူးစက်မှုဟာ ရက်အနည်းငယ်အထိ မြင့်တက်နေမှာ ဖြစ်ပေမယ့် မကြာခင် တဖြည်းဖြည်းနဲ့ ပြန်ထိန်းချုပ်နိုင်မှာပါ။ ရှေ့တန်းက

ကြိုးစားအားထုတ်ကုသနေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ၊ ဓာတ်ခွဲနမူနာတွေကို ညတောင် မအိပ်ပဲ အဖြေထုတ်ပေးနေတဲ့ တပြည်လုံးက ဓာတ်ခွဲခန်းက ဝန်ထမ်းတွေ၊ ပြည်သူ့ကျန်းမာရေးဌာနက

တာဝန်ရှိသူတွေ၊ ပူးပေါင်းဆောင်ရွက်နေတဲ့ ဌာနပေါင်းစုံက ဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းပြည်သူတွေရဲ့ အစွမ်းကုန်ကြိုးစားမှုကြောင့် ကျနော်တို့ဟာ ခက်ခဲလှတဲ့ ကပ်ရောဂါလှိုင်းကြီးကို

နောက်တကြိမ် အနိုင်ယူနိုင်မယ်လို့ ယုံ ကြည်ပါတယ်။

စိတ်ဓာတ်မကျကြပါနဲ့။ မိမိကိုယ်ကို ကာကွယ်ပါ။ နောက်ဆုံးမှာ လူသားတွေဖြစ်တဲ့ ကျနော်တို့တွေပဲ အနိုင်ရပါလိမ့်မယ်။ ဒီရောဂါပိုးက မြန်မာပြည်ကို ဒုက္ခမပေးနိုင်အောင် ကျန်းမာရေးဝန်ထမ်းတွေနဲ့ အစိုးရဟာ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ အခက်အခဲတွေအကြားက အနိုင်မခံ အရှုံးမပေး ဒူးမထောက် လက်မမြှောက်စတမ်း တိုက်ပွဲ ဝင်နေကြောင်း အသိပေးလိုက်ပါရစေ။ (Nay Thway)

Add a Comment

Your email address will not be published. Required fields are marked *

nine + six =