ကိုဗစ် လူနာသစ် ၂ ယောက်သာ တွေ့ရှိ ခဲ့ တဲ့ တရုတ်နိုင်ငံနှင့် အမ္ဘာ တဝန်း နောက်ဆုံး အခြေအနေ

ကိုဗစ် လူနာသစ် ၂ ယောက်သာ တွေ့ရှိ ခဲ့ တဲ့ တရုတ်နိုင်ငံနှင့် အမ္ဘာ တဝန်း နောက်ဆုံး အခြေအနေ

🇲🇲 မြန်မာနိုင်ငံ မှာ ယနေ့အထိ COVID-19 တွေ့သူ (176) ယောက် ရှိပြီး သေဆုံးသူ 6 ယောက် ရှိပါပြီ။

🌎 ကမ္ဘာမှာ ပိုးတွေ့သူ 3.9 သန်းကျော် ရှိ သွားပါပြီ။

အာစီယံဒေသ အတွင်း အခြေအနေ…

🇸🇬 စင်ကာပူမှာ မနေ့က ရောဂါရှိသူအသစ် 741 ယောက် တွေ့ခဲ့ပါတယ်။ စုစုပေါင်း 20939 ယောက် ရှိပါပြီ။

စင်ကာပူမှာ Lee Ah Mooi ဘိုးဘွားရိပ်သာက အသက် 97 နှစ်ရှိ အဘွားတစ်ယောက်သေဆုံးခဲ့ကာ အသက် 73 နှစ်ရှိ Mustafa Centre ကူးစက်သူအစုအဖွဲ့က အဖိုးအိုတစ်ယောက်လည်း Covid-19 နဲ့ သေဆုံးခဲ့ပါတယ်။ စင်ကာပူမှာ စုစုပေါင်း Covid-19 နဲ့ ဆက်စပ်ကာသေဆုံးသူ အယောက် 20 ရှိသွားပြီ ဖြစ်ပါတယ်။

🇮🇩 အင်ဒိုနီးရှားမှာ တွေ့သူ 12776 ယောက်ရှိကာ သေသူ 930 ယောက်ရှိပါပြီ။ အင်ဒိုဟာ အာစီယံနိုင်ငံတွေအတွင်း သေနှုန်းအများဆုံးဖြစ်ပါတယ်။ သမ္မတ Widodo က ဝန်ကြီးအားလုံးကို Covid-19 case တွေလျော့ကျရန် အစွမ်းကုန်အင်အားထုတ်သုံးဖို့ မှာကြားလိုက်ပါတယ်။ ပြီးတော့ Covid အတွက် စီးပွားရေး ထောက်ပံ့ငွေတွေကိုလည်း အလိုအပ်ဆုံးနေရာတွေကို ရောက်ရှိစေရန်လုပ်ဆောင်ဖို့ အမိန့်ပေးလိုက်ပါတယ်။

🇲🇾 မလေးရှားမှာ အသစ်တွေ့ရှိသူ 39 ယောက်ရှိခဲ့ပါတယ်။ စုစုပေါင်း 6467 ယောက် အထိ ရှိလာပြီး သေဆုံးသူ 107 ယောက်ရှိပါပြီ။

မလေးရှားနိုင်ငံ Cheras ရှိ ရှော့ပင်းမောက လုံခြုံရေးတွေမှာ Covid ကူးစက်နေတာ 10 ယောက်တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ လုံခြုံရေးတွေမှာ ကူးစက်သွားရင်ရှော့ပင်းမောကိုလာတဲ့ ဈေးဝယ်သူတွေကို ကူးစက်ဖို့အခွင့်အလမ်း များသွားပါလိမ့်မယ်။ အခုအခါ လုံခြုံရေး 436 ယောက်ကို Test လုပ်ရာမှာ 347 က negative ဖြစ်ကာ 10 ယောက် postive ဖြစ်ပြီး ကျန် 79 ယောက်ကအဖြေစောင့်နေပါတယ်။

🇹🇭 ထိုင်းမှာ ဒီရက်ပိုင်း အသစ်တွေ့ရှိမှု လျော့ကျလာ ပါတယ်။ မနေ့က အသစ် 3 ယောက်ပဲ တွေ့ရှိခဲ့ပါတယ်။

ထိုင်းမှာ အလုပ်လက်မဲ့ပြဿနာကို ဆင်စခန်းဖွင့်သူတွေပါ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ တိုးရစ်တွေကို ပြစားနေတဲ့ ဆင်စခန်းက ဆင်ပေါင်းအကောင် 100 ကျော်ကို ရွာဆီ ပြန်ပို့နေပြီဖြစ်ပါတယ်။ ဆင်စခန်းတွေမှာ လာလည်သူမရှိလို့ ဝင်ငွေမရှိတော့တဲ့အတွက် ရွာကိုပို့ကာ၊ ခိုင်းစရာရှာရင်ရှာ မရှိရင်လွှတ်ကျောင်းကြ ပါလိမ့်မယ်။

ချင်းမိုင်ဘက်မှာ ကရင်လူမျိုး ဆင်ပိုင်ရှင်တွေဟာ ဆင်တွေ ကို သင်ကြားပေးပြီး တိုးရစ်တွေကို ပြစားခဲ့ကြတာဖြစ်ပါတယ်။ ဆင်ပေါင်းအကောင် 2000 လောက်ဟာ တိုးရစ်တွေမရှိတော့တဲ့အတွက် အစာရေစာငတ်မွတ်မဲ့ဘေးကို ရင်ဆိုင်နေရပါတယ်တဲ့။

ဆင်တွေအတွက်ကတော့ ရွာပြန်ရောက်ခြင်းဟာ ရှားရှားပါးပါးအခွင့်အရေးဖြစ်ပြီး နှစ် 20 အတွင်း ရွာပြန်ရောက်ချိန်မှာ အလွန်ပျော်ကာ ဆူညံစွာ အော်ဟစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ရွာနားကချောင်းတွေထဲကို ပြေးဆင်းကုန်ကြပြီး ကလေးတွေနဲ့ ပျော်ရွှင်စွာဆော့ကစားနေကြ တယ်လို့ ဆိုပါတယ်။

🇻🇳 ဗီယင်နမ်မှာ အသစ် 17 ယောက်တွေ့ခဲ့ပါတယ်။ ရက်အနည်းငယ်ကြာငြိမ်နေပြီးမှ အသစ်ပြန်တွေ့တာ 17 အထိရှိနေတာဖြစ်ပါတယ်။

🇱🇦 လာအိုနိုင်ငံဟာ ဧပြီလ 12 ရက်နေ့ ကတည်းက လူနာ 19 ယောက်ကမတိုးတာ အခုထိဖြစ်ပါတယ်။

ကျန်အာရှနိုင်ငံများ အခြေအနေ…

🇨🇳 တရုတ်ပြည်မှာ လူနာအသစ်တွေ့ရှိမှုက ရှိနေဆဲဖြစ်ပါတယ်။ မနေ့က တရုတ်မှာ တွေ့သူအသစ် 2 ယောက်သာ တွေ့ခဲ့ပါတယ်။ သူတို့ဟာ ပြည်ပကလာသူတွေလို့ဆိုပါတယ်။ ပြည်တွင်းကူးစက်မှု လုံးဝ မရှိပါတဲ့။

🇹🇼 ထိုင်ဝမ်ကျန်းမာရေးဝန်ကြီးက Covid-19 ကိုရင်ဆိုင်ဖို့ သူတို့ကို မူရင်းသတင်း (first-hand information) ကိုပေးပါ တဆင့်သတင်းက အလုပ်မဖြစ်ဘူးလို့ WHO ကိုပြောလိုက်ပါတယ်။

🇮🇳 အိန္ဒိယရဲဝန်ထမ်းတွေအကြားမှာ Covid ကူးစက်မှု ပိုမိုများပြားလာတယ်လို့ ဆို ပါတယ်။ ရဲပေါင်း သုံးသန်းလောက်ဟာ lockdown ကိစ္စမှာ ပါဝင်တာဝန်ထမ်းဆောင်ပေးနေတာဖြစ်ပါတယ်။ အခုအချိန်မှာ ရဲပေါင်း 450 မှာ positive ဖြစ်နေပြီး 4 ယောက်သေဆုံးသွားပြီလို့ဆိုပါတယ်။ တချို့ရဲတွေ ကလည်း ကူး မှာကြောက်လို့ sick leave ဖျားနာခွင့်တောင်းနေတယ်လို့ဆိုပါတယ်။

အိန္ဒိယနိုင်ငံ Andhea Pradesh ပြည်နယ်ရှိ ဓာတု စက်ရုံတစ်ခုမှာ တန် 5000 ရှိ ဂတ်စ်ငွေ့ကန်နှစ်ခုမှ ဂတ်စ်ငွေ့စိမ့်ထွက်ခဲ့လို့ လူငါးယောက်သေဆုံးပြီး 1000 ဟာ ဆေးရုံရောက်နေပါတယ်။ Lockdown ကြောင့် ဓာတ်ငွေ့တွေဟာ လှောင်ကန်ထဲမှာ အချိန်ကြာမြင့်စွာ ကျန်ရှိနေတာဖြစ်ပြီး ဓာတ်ပြုမှုဖြစ်ကာ ပူလာပြီးစိမ့် ထွက်ခဲ့တာလို့ ဆိုပါတယ်။

မနက်အစောကြီး 3:30 မှာ ရွာထဲမှာ ဓာတ်ငွေ့ယိုစိမ့်နေကြောင်း အရေးပေါ်အချက်ပေးချိန်မှာ လေထဲမှာ ဓာတ်ငွေ့တွေ ပြန့်နှံ့နေပြီလို့ ဆိုပါတယ်။ Times of India သတင်းစာရဲ့ အဆိုအရ လူ 5000 လောက်ဖျားနာနေတယ်လို့ဆိုပါတယ်။ နှစ်မိုင်ပတ်လည်လောက်အတွင်းမှာ လူတွေလမ်းပေါ်မှာ သတိမေ့ပြီး လဲကျနေတယ်လို့ဆိုပါတယ်။

အိန္ဒိယဟာ 1984 ခုနှစ်မှာ ကမ္ဘာ့အကြီးမားဆုံးစက်မှုလုပ်ငန်းမတော်တဆဘေးသင့်မှုကြီးဖြစ်ပေါ်ခဲ့ဖူးပါတယ်။ အဲ့ဒီတုန်းက Bhopal မြို့ရှိ Union Carbide ရဲ့ ပိုးသတ်ဆေးစက်ရုံကြီးကနေ ဓာတ်ငွေ့ယိုစိမ့်ခဲ့လို့ အနီးအနားက လူပေါင်း 3500 လောက် ရက်ပိုင်းအတွင်းဆုံးခဲ့ကာ နှစ်ပိုင်းအတွင်း နောက်ထပ်ထောင်ချီပြီး သေဆုံးခဲ့ပါတယ်။

🇧🇩 ဘင်္ဂလားဒေ့ရှ်မှာ တွေ့နှုန်းများလာနေပါတယ်။ တွေ့သူ 12425 ယောက်ရှိပါပြီ။ သေသူ 199 ယောက် ရှိပါပြီ။

🇯🇵 ဂျပန်ဟာ Remdesivir ကို Covid-19 အရေးပေါ်အသုံးပြုခွင့်ပြုရန် စဉ်းစားနေ ပါတယ်။ ဂျပန် ကုမ္ပဏီဖြစ်တဲ့ Fujifilm Toyama Chemical ကထုတ်လုပ်တဲ့ Avigan ကိုလည်း လူနာ အယောက် 100 မှာ စမ်းသပ်အောင်မြင်ရင် ခွင့်ပြုဖို့ကြံရွယ်ထားတယ်လို့ ပြောပါတယ်။

ကျန်နိုင်ငံများ အခြေအနေ…

🇺🇸 အမေရိကန်နိုင်ငံမှာ တွေ့သူ 1292522 ရှိသွားပါပြီ။ သေဆုံးသူ 76925 ယောက် ရှိပါပြီ။

အမေရိကန်ပြည်ထောင်စု Washington မှာ Covid Party လို့ခေါ်တဲ့ Covid မြန်မြန်ကူး မြန်မြန်ပျောက်ဖို့ လူတွေ ပါတီလုပ်ပြီးတမင်ကြိုးစားနေတဲ့ ပြဿနာကို ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

အဲ့ဒါကြောင့် တွေ့နှုန်းရော သေနှုန်းပါတက်လာခဲ့ပါတယ်။ ဟိုးအရင်တုန်းကလည်း Pox Parties လို့ခေါ်တဲ့ ကလေးတွေကို ရောဂါရှိတဲ့ကလေးတွေနဲ့ အတူဆော့ခိုင်းကာ ရေကျောက်ပေါက်အောင် လုပ်တဲ့ အယူအဆတွေရှိခဲ့ဖူးပါတယ်။ အခု Covid-19 ဟာ ရှုပ်ထွေးဆန်းကျယ်တဲ့ ရောဂါ အသစ်အဆန်းဖြစ်နေတဲ့အတွက် အခုလိုကူးစက်မှုကနေ ဆိုးဝါးတဲ့ အကျိုးဆက်တွေ ရှိနေနိုင်တယ်လို့ ဆိုပါတယ်။

Florida ပြည်နယ်က Fort Lauderdale restaurant မန်နေဂျာဟာ Covid ကြောင့် ဆိုင်က ပါဆယ်ပဲရောင်းနေရတဲ့အတွက် ဆိုင်ကိုပြင်ဆင်မှုတွေ လုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အခုလိုဆိုင်အပြင်က အခင်းတွေကိုခွာခဲ့ရာမှာ ဒေါ်လာ 100 တန် 1 ရွက်၊ 1855 ခုနှစ်က ရွှေဒင်္ဂါးတစ်ပြားနဲ့ လက်ထပ်လက်စွပ်တစ်ကွင်းကို ရွှံ့တွေကြားက ရရှိခဲ့ပါတယ်။ အဲ့ဒီလက်စွပ်မှာ Mike & Lisa လို့ ရေးထိုးထားလို့ ပိုင်ရှင်ရှာရာမှ လွန်ခဲ့တဲ့ 3 နှစ်က လာစားခဲ့တဲ့ ဇနီးမောင်နှံရဲ့ လက်စွပ်ဖြစ်နေပါသတဲ့။ ဇနီးမောင်နှံက 2017 ခုနှစ်တုန်းက လာစားခဲ့တဲ့ သက်သေပြနိုင်လို့ လက်စွပ်ကို delivery နဲ့ ပြန်ပို့ပေးလိုက်ပါသတဲ့။

🇬🇧 အင်္ဂလန်နိုင်ငံကို တူရကီက လေယာဉ်နဲ့ပို့လိုက်တဲ့ PPE 400000 ဟာ UK standards နဲ့ မကိုက်ညီဘူးလို့ ဆိုပါတယ်။ ပြန်ပို့မလား ဘာလုပ်မလဲ မသိသေးပါ။ အမျိုးသမီးကျန်းမာရေးဝန်ထမ်းတွေဟာ မတော်ပဲ ဆိုဒ်ကြီးနေတဲ့ PPE တွေကို ဝတ်ရတဲ့အတွက် ကိုရိုနာကူးစက်နိုင်ခြေ ပိုများနေတယ်လို့ NHS သမဂ္ဂက သတိပေးလိုက်ပါတယ်။

🇫🇷 ပြင်သစ်သမ္မတ Macron ဟာ ကျောင်းတွေပြန်မဖွင့်ခင် ကျောင်းဆရာတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။

တနင်္ဂနွေနေ့က မြို့ပိုင် 332 ယောက်ဟာ သမ္မတဆီ ကျောင်းဖွင့်ချိန်ရွှေ့ဆိုင်းပေးဖို့ စာရေးခဲ့တယ်လို့ဆိုပါတယ်။ သူတို့တွေက ကျောင်းတွေကိုပြန်ဖွင့်ဖို့ ပြင်ဆင်ထားမှုတွေအားနည်းတာကို စိုးရိမ်နေတာဖြစ်ပါတယ်။

ကျောင်းတွေကိုပြန်ဖွင့်မယ်ဆိုရင်သေချာပြင်ဆင်မှုတွေ လုပ်ရမှာဖြစ်ပြီး mask၊ hand gel၊ စားပွဲကုလားထိုင်တွေ စတဲ့အရင်းအမြစ်တွေများစွာလည်း လိုမှာဖြစ်ပါတယ်။

🇹🇿 တန်ဇန်းနီးယားသမ္မတ Magufuli ကခေသူ မဟုတ်ပဲ Chemistry နဲ့ PhD ရထားသူဖြစ်တယ်လို့ ဆိုပါတယ်။

သူဟာ National Referral Laboratory ကို သိုး၊ ဆိတ်၊ သင်္ဘောသီး (PawPaw) တို့က နမူနာ sample တွေကို လူနာမည်နဲ့ အသက်တွေရေးပြီး Covid-19 Test လုပ်ဖို့ ပို့ခဲ့တာ Positive ထွက်နေတယ်လို့ ဆိုပါတယ်။ အခုလိုဖြစ်ရခြင်းဟာ Test kit တွေက အမှားပြနေတာဖြစ်မယ်လို့ ဆိုပါတယ်။

သူဟာ မက်ဒါဂက်စကာမှာ လူတွေ Covid ကာကွယ်ဆေးအဖြစ်သောက်နေတဲ့ တိုင်းရင်းဆေးရည်ကိုလည်း စိတ်ဝင်စားနေတယ်လို့ဆိုပါတယ်။ လေယာဉ်လွှတ်ပြီး သွားသယ်ခိုင်းမယ်လို့ ဆိုနေပါတယ်။

🌍 ယနေ့ တကမ္ဘာလုံး ရောဂါပိုးတွေ့သူ 3913486 ယောက်၊ သေသူ 270421 ယောက်။ ပြန်ကောင်းသူ 1350965 ယောက်။ အခုထိစစ်တမ်းအရ လူ ၁၀၀ ဖြစ်ရင် 2% က အသည်းအသန်ဖြစ်ပါတယ်။ 16% မှ ကျလာတာပါ။ ပိတ်လိုက်တဲ့ case 1611386 မှာ 1340965 ပြန်ကောင်းပြီး 270421 ယောက်သေဆုံး ခဲ့တာကြောင့် သေနှုန်းက 17% ဖြစ်ပါတယ်။

ယနေ့ မနက် အထိသိသမျှပါ။

Richard Myo Thant
(8-May-2020)