ဗိုလ်တထောင် ဘုရား လူစု လူဝေး ကိစ္စ ရန်ကုန် တိုင်း ဝန်ကြီးချုပ် ဒဲ့ ရှင်းပြီ

ဗိုလ်တထောင် ဘုရား လူစု လူဝေး ကိစ္စ ရန်ကုန် တိုင်း ဝန်ကြီးချုပ် ဒဲ့ ရှင်းပြီ

လူစုလူဝေး အခမ်းအနား ကျင်းပခဲ့တယ် ဆိုပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ အစိုးရအဖွဲ့ကို လူထုက ဝေဖန်နေတဲ့ အပေါ် အခမ်းအနားကျင်းပတာ မဟုတ်ဘဲ ဗိုလ်တစ်ထောင်ဘုရား ဘက်စုံ၊ပြုပြင်၊မွမ်းမံရေးကိစ္စ ဆောင်ရွက်ခဲ့တာလို့ ဦးဖြိုးမင်းသိန်းက ရှင်းလင်းခဲ့ပါတယ်။

ဗိုလ်တထောင်စေတီတော် ဘက်စုံပြုပြင်မွမ်းမံ ဖို့ ၂၀၁၈ခုနှစ်ထဲက ဆောင်ရွက်ခဲ့တာဖြစ်ပြီး ကိုဗစ်ကြောင့် ယာယီရပ်ဆိုင်းခဲ့ရတဲ့အတွက် ဆောက်လုပ်ရေးလုပ်ငန်းတွေ ပြန်စတင်နိုင်ပြီဆိုတဲ့ ပြည်ထောင်စုအစိုးရရဲ့ ထုတ်ပြန်ချက်အရ ဘက်စုံမွမ်းမံပြုပြင်ရေးလုပ်ငန်းတွေကို ပြန်လည် လုပ်ကိုင်တာဖြစ်တယ်လို့ ဦးဖြိုးမင်းသိန်းက တုံ့ပြန်ဖြေရှင်းခဲ့ပါတယ်။

မေလ ၃၁ ရက်အထိ လူငါ့းဦး ထက်ပိုမစု ဖို့နဲ့ ကပ်ရောဂါ ကာလအတွင်း လူစုလူဝေးအခမ်းအနားတွေ မပြုလုပ်ဖို့ အစိုးရက ညွှန်ကြားချက် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ မေလ၂၄ရက်နေ့မနက်ပိုင်းက ဗိုလ်တထောင်မြို့နယ်က ဗိုလ်တစ်ထောင်ဆိပ်ကမ်းမှာ ရှင်ဥပဂုတ္တကိုယ်တော် ဖော်တော်ရေချပူဇော်ပွဲ အခမ်းအနားကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနဲ့ ဇနီးအပါအဝင် အစိုးရအဖွဲ့ဝင်တစ်ချို့တက်ရောက်ခဲ့ပါတယ်။

ယင်းသို့ လူစုလူဝေးနဲ့ အခမ်းအနား ကျင်းပတဲ့အပေါ် ပြည်သူလူထုရဲ့ ဝေဖန်မှုကလည်း ကျယ်ကျယ်လောင်လောင် မြင့်တက်ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံရဲ့ လူမှုကွန်ယက် စာမျက်နှာမှာလည်း ဉပဒေ ချိုးဖောက်တဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို အရေးယူဖို့ သွားရောက်ရေးသား သူတွေ ရှိခဲ့ပါတယ်။

ရန်ကုန်တိုင်းအစိုးရရဲ့ အခုလို လုပ်ရပ်က တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်လိုက်တဲ့ ဆောင်ရွက်ချက်ဖြစ်တယ်လို့ ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက ပြောပါတယ်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကတော့ ရန်ကုန်တိုင်း အစိုးရက ချမှတ်ထားတဲ့ စည်းမျည်းစည်းကမ်းတွေကို အမြဲတမ်းဂရုပြုဆောင်ရွက်ပြီး ဥပဒေမဲ့ဆောင်ရွက် တာမျိုးကို ပြုလုပ်တာမရှိဘူးလို့ ဖြေရှင်းချက်မှာ ပြောကြားထားပါတယ်။

ဒီလိုဆောင်ရွက်တာက အစိုးရရဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေကို ပြန်ပြီးစတင်တာသာဖြစ်ပြီး ပွဲတော်လုပ်တာမဟုတ်ဘဲ လုပ်ထုံးလုပ်နည်းနဲ့အညီ ပြုပြင်မှုတွေကို ဆောင်ရွက်တာ လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖြေရှင်းခဲ့ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *

five × four =