သေမင်း နဲ့ အတူ မနက်စာ စာခြင်း (ဘဝအတွက် အရမ်းတန်ဖိုး ရှိတဲ့ စာလေးပါ)

ဟာ..ခင်ဗျား သေမင်း မဟုတ်လား.. လာထိုင်….ဗျာ.. လက်ဖက် ရည်လေး ဘာလေး သောက်ပါဦး မင်းက ငါ့ကို သေမင်းမှန်း ဘယ်လို သိတုန်း ဟာ ခများ ဟာ အတော်သိသာနေတာကြီးကို စာအုပ်ကြီး တစ်အုပ်နဲ့ ဘေးလွယ်အိပ်ကြီး လွယ်လို့ လူတွေကို တစ်မေ့တစ်မော လိုက်ကြည့်နေတာ ခများ လူတစ်ယောက်ကို သေသေ ‌ချောချာ စူးစိုက်ကြည့်နေတာ တစ်နေ့ကတွေ့တယ်၊ ဟော အခု အဲ့လူသေပြီလေ… အဲ့တော့ ခများသေမင်း လို့ ထင်မိတာနဲ့ စကားလှမ်းပြောကြည့်တာ… အခုလို ပြန်ပြောတော့ ပိုသေချာသွားတာပေါ့..

သူတစ်ချက်ပြုံးရင်း အနီးနား ဝင်ထိုင်သည်၊ လက်ဖက်ရည် ကျကျလေး တစ်ခွက်ဟေ့.. မင်းက အတော်လာတဲ့ကောင်ပဲ အချို ဆို ငါ့ကိုပတ်ပြေးလို့ အချို့များ ငါမှန်းသိရင်ကို အနားမကပ်ခံကြတော့ဘူး မင်းကျတော့ တစ်မျိုးကြီး.. ဟာ ဘာဆိုင်လဲ သေမင်းရ ခများက ခများ အလုပ်လုပ်တာပဲ ပြီးတော့ ခများက ကျနော်လေးစား တဲ့ ထမင်းချက်ကြီး ဦးဂွမ်တီ နဲ့ အတော်တူလို့ ဟဲဟဲ ဟုတ်တယ်ကောင်လေး ငါ့ကို လူတွေက မြင်ချင်သလို မြင်ကြတယ် မင်းက ဦးဂွမ်တီလို မြင်တော့လည်း ငါက မင်းကို ကောက်တွဲ လို့ခေါ်မယ်ကွာ.. ဘာတုန်းဗျ ကောက်တွဲ ကောက်တွဲဆိုတာ ကောင်လေးကို တရုတ်မကျ ဗမာမကျ ခေါ်တာကွာ သူပြုံးရင်း လက်ဖက်ရည် တစ်ကျိုက်မော့ချလိုက်သည်။

နေပါဦးဗျ ကျနော်မေးမလို့ ဦးလေး အခုတစ်လော ဒီဘက်ပိုင်း အတော်အလုပ်ကျနေတာလား ဘာလဲ အတော်သေကြလို့လား အင်း မင်းအသိတွေ ပါလို့မဟုတ်လား အင်း မင်းက မင်းအသိတွေပါမှ သတိထားမိတာကိုးကှ ငါကတော့ ငါ့အလုပ်ငါလုပ်နေတာပဲ လူတွေက ဒီလိုပဲ ကောက်တွဲ ဌားတုန်းက ဌားပြီး ပြန်တောင်းတော့ မသိချင်ယောင်ဆောင် မေ့ချင်ယောင် ဆောင်နေကြတယ်

ဘာကို ဌားတာတုန်းဗျ။ ခန္ဓာလေ ကောက်တွဲ မင်းတို့မှာ ရှိနေတဲ့ ခန်ဓာက ငါဌားထားတာ အချိန် နည်းနည်းလေးကြာတာနဲ့ မင်းတို့ကမေ့တော့တာပဲ ဒါပေမယ့် ငါကတော့ မေ့လို့မရဘူးကွ အချိန်အတိအကျ စေ့ပြီဆိုတာနဲ့ တစ်စက္ကန့်တောင် နောက်မကျစေဘဲ ပြန်သိမ်းရတာပဲ ဒီထဲမှာ အသေအချာ မှတ်ထားရတာ စာရင်းစာအုပ်ကြီး ပုတ်ပြရင်း ပြောလေသည်။ ဒါဆို ကျနော်လည်း ပါတာပေါ့.. အေးပါတာပေါ့… ဘာလဲ အချိန် ဘယ်လောက် ကျန်သေးလဲ မေးမလို့လား… ကောက်တွဲ ငါ့ကို လက်ဖက်ရည် တစ်ခွက်နဲ့ လာအစ်နေတယ်..

Classic Burmese laphet yay tea is a mix of evaporated milk, sweetened condensed milk and black tea.

အဟီး မဟုတ်ပါဘူး ဦးလေးရယ် အချိန်ကျန်တော့လည်း ကျန်သလောက်ပေါ့ မကျန်တော့လည်း အရေးကြီးတာလေး မြန်မြန် လုပ်ရအောင်… မရဘူး ကောက်တွဲ.. Side effect သိပ်များတယ်.. အချိန်နည်းရင် မင်းဘာမှ မလုပ်နိုင် သေမှာကြောက်တဲ့စိတ်တဲ့ နေရမယ် အချိန်များရင် မင်းပျင်းရိအေးဆေးသွားမယ်.. မရဘူးကောက်တွဲ.. ဒါပေမယ့် မင်းသိဖို့က အရေးကြီး မကြီးတာတွေက မင်းဆုံးဖြတ်လို့လဲမရဘူး… ငါလည်း မပြောနိုင်ဘူး.. ငါသေချာပေါက်ပြောနိုင်တာက ငါလာခေါ်တဲ့အချိန် မင်းအတွက် အရေးကြီးဆုံး အလုပ်ဖြစ်တဲ့ အသက်ရှူတဲ့ကိစ္စကိုတောင် ရပ်ပြီး ငါ့နောက်လိုက်ရမှာပဲ..

စဉ်းစားကောက်တွဲ လောကမှာ အသက်ရှင်သန်ဖို့ အသက်ရှူရတာ ထက် အရေးကြီးတာ ဘာမှ မရှိဘူး.. အဲ့အလုပ်တောင် ပစ်ချခဲ့ရမှာ… အင်း ဟုတ်သားဗျ.. ဟုတ်တယ်ကောက်တွဲ၊ မင်း နောက်အပတ်ထဲ ချောင်းသာသွားရမယ်ဆိုပါတော့ မင်းဘာတွေလုပ်မလဲ… ဟိုတယ် ဘိုကင်ချိတ်တာတို့ ကားလက်မှတ်ဝယ်တာတို့ အဝတ်အစားရွေးတာ ထည့်တာ ပစ္စည်းတွေ ဝယ်တာ အာ အများကြီးပေါ့.. ပြင်ရဆင်ရမှာတွေ.. အဲ့တာတောင် နီးနီးနားနား ချောင်းသာနော်.. ပြင်ရတာတွေ များတယ်မို့လား.. ဒီနေ့သွား နောက်နေ့ရောက်မယ့် နေရာလေးတောင် ပြင်ရဆင်ရသေးရင် ဘယ်နေ့မှ ရောက်မယ်မှန်းမသိတဲ့ တမလွန် ခရီး ကိုကော ဘာတွေပြင်ပြီးပြီလဲ.. ဟိုမှာ ငွေရှိတိုင်း တည်းလို့ရတဲ့ ဟိုတယ်တွေမရှိဘူး.. ငွေကြေးတွေ သုံးမရဘူး.. ဝိတ်တွေလည်း သုံးမရဘူး.. အဲ့ဒီအတွက်ကော ဘာတွေပြင်ပြီး ပြီလဲ ကောက်တွဲ..

ဘယ့်နေ့မှ သွားရမယ် ဘယ်နေ့အထိ မသွားရဘူးဆိုပြီး သေချာနေတဲ့ ဆုံးဖြတ်ချက်တွေ မင်းတို့မှာ ရှိလို့လား… ဟင့်အင်း ။ကျနော်တို့မေ့နေ ကြတာ.. မဟုတ်ဘူး ကောက်တွဲ မေ့ထားကြတာ.. စစ်အစိုးရ လက်ထက်က နိုင်ငံရေးသမားတွေဟာ အိပ်ယာခေါင်းရင်းမှာ လွယ်အိတ်လေး တစ်လုံး ထားထားပြီး အိပ်တယ်။ အဲ့အိပ်ထဲ လိုတဲ့ တစ်ကိုယ်ရေ တစ်ကာယ ပစ္စည်းလေးတွေ ထည့်ထည့်ထားတယ်.. ဘယ်အချိန်လာခေါ်ခေါ် ထောင်ထဲလိုက်ရရင် အဆင်သင့်လေးဖြစ်အောင်ပေါ့.. အဲ့ လိုပဲ ကောက်တွဲ အဲ့ဥပမာလေးလိုပဲ.. မင်းတို့လည်း ဘယ်တော့ သွားရမယ်မှန်း မသိပေမဲ့၊ ကြိမ်းသေ သွားရမဲ့ ခရီး တစ်ခုအတွက် အထုပ်ကလေးတော့ ပြင်ထားသင့်တယ်ထင်တယ်။

ငါ လူတွေသွားခေါ်တဲ့အခါ ပြင်ဆင်မှု မရှိတဲ့ လူတွေဟာ အတော်လေး ဒုက္ခရောက်ကြတာကို မြင်နေရတယ် ကောက်တွဲ.. လမ်းတစ်လျောက် တစ်ငိုငို နဲ့.. အချို့ကြတော့ အတော်လေး တည်ငြိမ်ကြတယ် အေးအေးလူလူ ပဲ လိုက်လာတယ် လမ်းခရီးမှာလည်း အတော်လေး အဆင်ပြေတယ်။ မင်းမြင်အောင် ပြောရရင် နိုင်ငံခြား သွားသလို ပေါ့ ကောက်တွဲ မင်းကို အခု ငါ အမေရိကန် လွှတ်လိုက်မယ်။ ခနနေ လေယဉ်ကွင်းဆင်းရမယ်။ အဆင်ပြေပါ့မလား.. ဟာ ဘယ်ပြေမှာတုန်း .. အေး ပြင်ဆင်ထားတဲ့ လူကတော့ အဆင်ပြေတာပေါ့ကွ။ ဘယ်အချိန်ထသွားသွား အိုကေလေ.. သူတို့မှာ မမြင်ရတဲ့ ခရီးအတွက် ပြင်ဆင်ထားမှုတွေ သိပ်အားကောင်းတယ် ကောက်တွဲ..

မင်းမြင်အောင် သေချာပြောရရင် တမလွန် ခရီး ကို မကြောက်တဲ့သူတွေက သူတို့အတွက် သေချာပြင်ဆင်ထားကြလို့ပဲ.. ဒါန သီလ ဘာဝနာပေါ့… ကောက်တွဲ.. အေးဗျာ ကျုပ်လည်း လုပ်ဦးမှပါ… လုပ်ဦးမှ ဆိုတာ နောက်မှလို့ အဓိပ္ပါယ်ရတယ် ကောက်တွဲ…. Will ပဲ ရှိသေးတယ် ကောက်တွဲ Vbe going to.. အဆင့်မရောက်သေးဘူး.. အတော်လာတဲ့ သေမင်းလို့ ထင်နေပြီလားကောက်တွဲ မင်းတို့တွေ မသိနိုင်တဲ့ အချက်က ငါ မင်းတို့ကို ခန္ဓာ ဌားစဉ်မှာ Warranty တွေ ထည့်မပေးလိုက်ဘူး ကောက်တွဲ။ဘယ်နှစ်နှစ် အထိ ကျန်းမာနေပါ့မယ်ဆိုပြီး ငါ အာမမခံပေးလိုက်ဘူး… မင်းတို့ရဲ့ကောင်းမှု ကုသိုလ် အစဉ်လိုက် ရရှိတဲ့ ခန္ဓာကို ကောက်စွပ်သွားကြတာ.

ဘယ်အချိန်မှာ ဘာဖြစ်မယ် မသိနိုင်ဘူး.. ငါက ပုတ်ပြတ်ဌားလိုက်တာ… အဲ့တော့ ကျန်းမာစဉ်.. လုပ်နိုင်ကိုင်နိုင်ရှိစဉ် တစ်ခါတည်း လုပ်ထားကောက်တွဲ… အချိန်တိုင်းမှာ အာမခံမပါဘူး…. ဂျပန်မှာ သေဒါဏ်ကျတဲ့ လူတွေကို ဘယ်နေ့မှာ သတ်မယ်လို့ မပြောထားဘူး ကောက်တွဲ.. မနက်တိုင်း ရဲ နှစ်ယောက်က လာခေါ်ထုတ်တယ်.. သေဒါဏ် ပေးမယ့်အခန်းထဲလား.. ရေချိုးခန်း လားဆိုတာ မသိရဘူး.. လမ်းက တစ်ကြောင်းတည်း… ရေချိုးခန်းထဲ ရောက်မှပဲ သက်ပြင်းချပြီး.. တစ်ရက်တာ အသက်ရှင်ခွင့်ရတယ်… နေ့ရက်တိုင်းက သူတို့အတွက် နောက်ဆုံးရက်လိုပဲ..

ဟာ သူတို့နဲ့ ဘာဆိုင်လဲ ဦးလေးရာ.. သူတို့က ဥပဒေအရ သေဒါဏ်ကျနေတဲ့ သူတွေလေ.. မင်းတို့ကကော ကောက်တွဲ ဘာထူးလည်း… ငါသေဒါဏ်ချပြီး သားသူတွေလေ.. ကွာတာဆိုလို့… စကားအဖြစ်ကပ်ပြောရရင်.. သူတို့ကမှ ဒီမနက် မသေရင် တစ်ရက်တာ အသက်ရှင်ခွင့် ရသေးတယ်.. မင်းတို့က မနက်မသေပေမယ့် ညနေ ရှင်ပါ့မယ် ဘယ်သူ မှ အာမမခံနိုင်ဘူး… ကောက်တွဲ…မင်းစဉ်းစား စရာတွေ သိပ်များသွားပြီလား…. ဟုတ်တယ်ဦးလေး.. အဲ့တာဆို ဘဝကြီးက တစ်မျိုးကြီး ဖြစ်သွားမှာပေါ့ ဦးလေး…ဟာတာတာကြီးလိုလို…ဝမ်းနည်းလာသလိုလို…

ဟဲဟဲ ကောက်တွဲ … ဘဝကြီးက ဘဝကြီးပဲ လောကကြီးက လောကကြီးပဲ… ခန္ဓာရလာတော့ သေမှာပဲ… မသေခင် ပြင်ချိန်ရတယ်လို့မှတ် ရသလောက် ဒါန သီလ ဘာဝနာတွေ ကယ့်ယူ.. ခရီးရှည် တစ်ခု ထွက်ဖို့ရှိတယ်ဆိုတာ မမေ့နဲ့… ပြင်ဆင်မှုတွေ အားကောင်းလာလေလေ.. မင်းပျော်ရွှင်လာလေ ဖြစ်လာလိမ့်မယ်… ခရီးအတွက် စိတ်အေး သွားရင်.. မင်းပေါ့ပါး လန်းဆန်းလာလိမ့်မယ်… တစ်ခုတော့ ရှိတယ်.. ဒီဘဝ တစ်ခုတည်းနဲ့ ခရီးဆုံးကို ရောက်နိုင်ရင်တော့.. တစ်ခါတည်း ကိစ္စပြတ်တာပေါ့… ပြတ်လောက်တဲ့ အားထုတ်မှုမျိုး မရနိုင်ဘူးဆိုရင်တော့.. အကောင်းဆုံး ပြင်ဆင်မှုလေးတွေ လုပ်ထား ဖို့တော့ လိုမယ်…

သွားမယ် ကောက်တွဲ… လက်ဖက်ရည် တစ်ခွက် အတွက် မင်းပြန်ရတာတွေ တန်ရောပေါ့….. ဦးလေးက လုပ်ပြီ.. ဘာတွေ ရဖို့ဆိုပြီး ကျနော် လက်ဖက်ရည် တိုက်တာ မှ မဟုတ်တာ.. ဦးလေးကို မြင်တာနဲ့… ခင်ချင်စဖွယ် လေးစားသဖွယ်ကြီး ဖြစ်နေလို့…. ငါလည်း မင်းကို အဲ့လို မြင်ပါတယ်.. ခင်ပါတယ်…ဒါ့ကြောင့်လည်း စိတ်လို လက်ရိမင်းအတွက် လိုအပ်တာတွေ ပြောပြတာပေါ့… ခင်ရင် မြန်မြန် ခေါ်မှာလား နှေးနှေး ခေါ်မှာလား…. ဟဲဟဲ… ဟားဟား တစ်ကယ်လာတဲ့ကောင် လစ်တာနဲ့အစ်တာပဲ… ဒါတော့ မပြောနိုင်ဘူးမောင်.. ဒါပေမယ့် ပြောနိုင်တာ တစ်ခုကတော့.. ငါအခု ပြောသွားတာတွေ.. မင်းသေချာနားလည်မယ်ဆိုရင်.. ငါလာခေါ်တဲ့အခါ..အဆင်သင့်ကောက်လိုက်နိုင်တဲ့ လူတစ်ယောက်ဖြစ်လာမယ်ဆိုတာပဲ…

မင်းကို လာခေါ်တဲ့အခါ.. အပြန်လမ်း တစ်လျောက် အခုလို အေးအေးလူလူ လက်ဖက်ရည် ထိုင်သောက်ချင် ပါသေးတယ်… ……… ပြောပြောဆိုဆို ဖြုတ်ခနဲ အပျောက် ဘေးဝိုင်းက ဆေးလိပ်မီးခိုးတွေကြား ရောရောင်ပြီး ပျောက်သွားလေရဲ့….. ဘဝမှာ တန်ဖိုး အရှိဆုံး မနက်စာကို ပြောပါဆိုရင်တော့ ဘုရားရှင်ကို မဖူးတွေ့ရခင်အချိန်ထိ.. ဒီ လက်ဖက်ရည် တစ်ခွက် ဖြစ်နေ ပါလိမ့်မယ်။

Add a Comment

Your email address will not be published. Required fields are marked *

15 − 2 =