ကိုဗစ်ကြောင့် သေဆုံးသူ (၁) သိန်းကျော် သွားတဲ့ အမေရိကန် နှင့် ကမ္ဘာ တဝန်း နောက်ဆုံး အခြေအနေ
|ကိုဗစ်ကြောင့် သေဆုံးသူ (၁) သိန်းကျော် သွားတဲ့ အမေရိကန် နှင့် ကမ္ဘာ တဝန်း နောက်ဆုံး အခြေအနေ
မြန်မာနိုင်ငံမှာ ယနေ့ အထိ COVID-19 တွေ့သူ (206) ယောက်ရှိပြီး သေဆုံးသူ 6 ယောက် ရှိပါပြီ။ ကုသမှုခံယူပြီး ပိုးကင်းစင်သွားသူ (124) ယောက်ရှိသွားပါပြီ။
ကမ္ဘာမှာ ပိုးတွေ့သူ 5.6 သန်း ရှိ သွားပါပြီ။ အမေရိကန်မှာ Covid-19 ကြောင့် သေဆုံးသူ အရေအတွက် 1 သိန်းကျော်သွားပါပြီ။ စုစုပေါင်း 100579 ယောက်ပါ။
အာစီယံဒေသ အတွင်းအခြေအနေ…
🇸🇬 စင်ကာပူမှာ မနေ့က ရောဂါရှိသူအသစ် 383 ယောက် တွေ့ခဲ့ပါတယ်။ စုစုပေါင်း 32343 ယောက် ရှိပါပြီ။ အဲ့ဒီ 383 ယောက်မှာ နိုင်ငံသား (သို့) PR က 1 ယောက်ပဲပါပါတယ်။ သေဆုံးသူ 23 ယောက်ရှိသွားပါပြီ။ ဒုတိယမြောက်ရက်အဖြစ် အသစ်တွေ့တာလျော့လာတာပါ။ အခုလိုတွေ့ရှိမှုလျော့ကျလာတာဟာ Test စစ်တဲ့ ပမာဏလျော့နည်းလို့ဖြစ်ပါတယ်တဲ့။
🇸🇬 စင်ကာပူရဲ့ GDP ဟာ 2020 မှာ Covid ကြောင့် မတိုးပဲ 4% ကနေ 7% အထိကျဆင်းမယ် လို့ ခန့်မှန်းထားကြပါတယ်။ အရင်က Covid ကြောင့် GDP ကျဆင်းမှုကို 1% ကနေ 4% အထိ စက်မှုနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ခန့်မှန်းထားကြတာပါ။
🇲🇾 မလေးရှားမှာ အသစ် 187 ယောက်တွေ့ခဲ့ပါတယ်။ စုစုပေါင်း 7604 ယောက် ရှိပါပြီ။ သေဆုံးသူ 115 ယောက်ရှိသွားပါပြီ။ အသစ်တွေ့သူတွေထဲမှာ မလေးနိုင်ငံသား 4 ယောက်ပဲပါပါတယ်။ 155 ယောက်ဟာ Bukit Jalil လူဝင်မှုကြီးကြပ်ရေး အကျဉ်းစခန်း ကဖြစ်ပါတယ်။
ကျန်အာရှနိုင်ငံ များ အခြေအနေ…
🇨🇳 တရုတ်ပြည်မှာ မနေ့က အသစ် 7 ယောက်ပြန်တွေ့ခဲ့ပါတယ်။ ဥရောပသမဂ္ဂက တရုတ်ပြည်အား ဟောင်ကောင်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို လေးစားဖို့ တိုက်တွန်းလိုက်ပါတယ်။ အမေရိကန်က အကယ်၍ တရုတ်ပြည်သာ ဟောင်ကောင်ကို အမျိုးသားလုံခြုံရေးဥပဒေပြဌာန်းခဲ့ရင် ဟောင်ကောင်ကို ဒဏ်ခတ်အရေးယူမယ်လို့ ဆိုထားပါတယ်။ တရုတ်ပြည်ကတော့ အကယ်၍ အမေရိကန်က ဟောင်ကောင်ကို ဒဏ်ခတ်ပိတ်ဆို့မှုလုပ်ရင် တန်ပြန်လက်စားချေသွားမယ်လို့ ဆိုလိုက်ပါတယ်။
🇧🇩 ဘင်္ဂလားဒေ့ရှ်မှာ စုစုပေါင်းတွေ့သူ 36751 ယောက်ရှိပါပြီ။ သေသူ 522 ယောက် ရှိပါပြီ။ မနေ့ကအသစ် 1166 ယောက်တွေ့ခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်ဒုက္ခသည် စခန်းမှာ တွေ့သူ 29 ယောက်အထိ တွေ့လာပါပြီ။ စုစုပေါင်း လူ 15000 ကို quarantine ဝင်ခိုင်းထားပါတယ်။ အဲ့ဒီစခန်းမှာ မေလအကုန်မှာ ရောဂါဖြစ်သူ 2000 ထက်မကျော်ဖို့ မှန်းထားပါတယ်။
ကျန်နိုင်ငံများ အခြေအနေ…
🇺🇸 အမေရိကန် သမ္မတ ထရမ့်က တိုင်းပြည်မှာ Covid-19 ကြောင့် သေဆုံးသူ 100000 နီးနီးဖြစ်နေချိန်မှာ ဂေါက်ရိုက်နေတဲ့ကိစ္စကို အတိုက်အခံတွေက အပြင်းအထန် ဝေဖန်တိုက်ခိုက်ခဲ့ကြပါတယ်။ ထရမ့်ကတော့လူတွေက သူ့ကိုဒါမျိုးအောက်လုံးထိုးမှာ သိပြီးသားပါလို့ ပြုံးပြုံးကြီးပြန်ပြော လိုက်ပါတယ်။
ထရမ့်ဟာ ဒီရက်ပိုင်းမှာ တရုတ်ပြည်နဲ့ ရန်မဖြစ်အားပါ။ တွမ်တာ ကနေ သူ့ပြိုင်ဘက် Joe Biden, ယခင်သမ္မတဟောင်း Obama, Hillary Clinton, လွှတ်တော်ပြောရေးဆိုခွင့်ရှိသူ Nancy Pelosi, Stacy Abrams စသူတို့ကို tweet နေရတာနဲ့ အလုပ်ရှုပ်နေပါတယ်။
လောလောဆယ် သမ္မတအကြံပေးတွေက ကိုယ့်ဘက်ကစပြီး ငြိမ်ငြိမ်လေးနေပေးပြီး twitter မှာ ရန်မဖြစ်ဖို့ သမ္မတထရမ့်ကို ပြောထားပါတယ်။ အမေရိကန်က Lockdown ဖြေလျော့ပေးနေချိန်မှာ လူတွေဟာ social distancing ကိုမလိုက်နာပဲ ကမ်းခြေတွေ ရေကူးကန်တွေမှာ ပြည့်နှက်နေတာတွေ့ရလို့ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။
🇬🇧 ယူကေနိုင်ငံက ဝန်ကြီးချုပ်ဘောရစ် ရဲ့ အကြံပေးဝန်ကြီး ဒေါမနစ်ဟာ Lockdown ကာလအတွင်း စည်းကမ်းဖောက်ဖျက်မှုနဲ့ နုတ်ထွက်သွားပါတယ်။ 2019 ခုနှစ်တုန်းက သူ့ကို ဝန်ကြီးချုပ်ဘောရစ်ကို ကြိုးကိုင်နေတဲ့ ရုပ်သေးဆရာလို့တောင်လူတွေက ခေါ်ခဲ့ကြပါတယ်။ သူဟာ Lockdown ကာလ အတွင်း သူ့မိသားစုနဲ့အတူ ကားမောင်းကာ နယ်ကိုသွားခဲ့လို့ဖြစ်ပါတယ်။ အခုဝန်ကြီးကိုယ်တိုင်က စည်းကမ်းဖောက်ဖျက်မှုဟာ ဗြိတိန်အစိုးရတစ်ဖွဲ့လုံးကို သိက္ခာကျစေတယ်လို့ ပြောနေကြပါတယ်။
နိုင်ငံတကာမှာ lockdown စည်းကမ်းဖောက်ဖျက်မှုနဲ့ ဝန်ကြီးတွေကိုယ်တိုင်က တာဝန်ယူကာ နုတ်ထွက်နေတာတွေ့ရပါတယ်။
အာဏာပိုင်တွေအနေနဲ့ ဒီကိုဗစ်ကပ်ကာလမှာ ပြည်သူလူထုက ပါစည်းကမ်းလိုက်နာလာအောင်စံပြနေပြသင့်ပြီး မိမိတို့ကိုယ်တိုင်က စည်းကမ်းဖောက်တာမျိုးကို အထူးရှောင်ကျဉ်သင့်ပါတယ်။ ဒါမှပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှုကိုရရှိစေမှာဖြစ်ပါတယ်။ ဘာပဲလုပ်လုပ် မိမိရဲ့လုပ်ရပ်ဟာ မိမိတို့အစိုးရအဖွဲ့အစည်းကိုပါထိခိုက်မှု ရှိစေမလားလို့ အရင်စဉ်းစားသင့်ပါတယ်။
Covid-19 ရောဂါမပြန့်ပွားရန် လူတွေစည်းကမ်းလိုက်နာဖို့ အလွန်အရေးကြီးတာမို့ လူတိုင်း အာရုံစိုက်နေတဲ့ အာဏာပိုင်တွေကိုယ်တိုင်က Role Model အဖြစ် စံပြနေပြသင့်ပါတယ်။
Hydroxychloroquine ကို Covid-19 အတွက်သုံးစွဲတာရပ်ဆိုင်းဖို့ WHO က ပန်ကြားလိုက်ပါတယ်။

🇭🇳 ဟွန်းဒူးရပ်စ်နိုင်ငံ အမျိုးသမီးအကျဉ်းထောင်မှာ အကျဉ်းသူ 6 ယောက် အသတ်ခံခဲ့ရပါတယ်။ Tamara က အကျဉ်းထောင်မှာ ထောင်ထဲက Gym ကိုသွားကာ အဲ့ဒီထဲက အကျဉ်းသူ 6 ယောက်ကိုသတ်ခဲ့တာဖြစ်ပါတယ်။
အကျဉ်းဆောင်တစ်ခုကို မီးတင်ရှို့ခဲ့ပြီး အာရုံလွှဲခဲ့ပါတယ်။ အဲ့ဒီထဲမှာ အမျိုးသမီး နှစ်ယောက်မီးလောင်ခံ ခဲ့ရပါတယ်။ အဲ့ဒီလို သတ်ဖြတ်ခဲ့သူတွေဟာ MS-13 လို့ခေါ်တဲ့ ကလေးတွေတောင်ချမ်းသာမပေးပဲ သောင်းကျန်းနေတဲ့ Mara Salvatrucha ဂိုဏ်းကလို့ဆိုပါတယ်။
အကျဉ်းသားများ သမဂ္ဂရဲ့ ဥက္ကဋ္ဌဖြစ်သူ Delma Ordonez က Covid quarantine ကြောင့် အကျဉ်းသားတွေကြားမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေတက်ခဲ့တယ်လို့ ဆိုလိုက်ပါတယ်။ (အကျဉ်းသားများသမဂ္ဂရှိ ကြောင်း ကျနော်လည်းအခုမှ ကြားဖူးတာပါ။)
မနေ့က အသစ်တွေ့နှုန်း အများဆုံးနိုင်ငံတွေထဲမှာ…… အမေရိကန်က အသစ် 18906 တွေ့ခဲ့ပါတယ်။ ဘရာဇီးက အသစ် 15691 တွေ့ခဲ့ပါတယ်။ ရုရှားက အသစ် 8915 တွေ့ခဲ့ပါတယ်။ အိန္ဒိယက အသစ် 5843 တွေ့ခဲ့ပါတယ်။ ပီရူးက အသစ် 5772 တွေ့ခဲ့ပါတယ်။ ချီလီက အသစ် 3964 တွေ့ခဲ့ပါတယ်။ မက္ကဆီကို က အသစ် 2485 တွေ့ခဲ့ပါတယ်။ ယူကေက အသစ် 4043 တွေ့ခဲ့ပါတယ်။
🌍 ယနေ့ တကမ္ဘာလုံး ရောဂါပိုးတွေ့သူ 5678003 ယောက်၊ သေသူ 351667 ယောက်။ ပြန်ကောင်းသူ 2426514 ယောက်။ အခုထိစစ်တမ်းအရ လူ ၁၀၀ ဖြစ်ရင် 2% က အသည်းအသန်ဖြစ်ပါတယ်။ 16% မှ ကျလာတာပါ။ ပိတ်လိုက်တဲ့ case 2778181 မှာ 2426514 ပြန်ကောင်းပြီး 351667 ယောက်သေဆုံး ခဲ့တာကြောင့် သေနှုန်းက 13% ဖြစ်ပါတယ်။
Richard Myo Thant
(27-May-2020)