မာယာ များလွန်းတဲ့ ကိုဗစ် နဲ့ (၄) ရက်လောက် ပိုးမတွေ့တာ နဲ့ ပေါ့လျော့ လာကြတဲ့ သူတွေ

မာယာ များလွန်းတဲ့ ကိုဗစ် နဲ့ (၄) ရက်လောက် ပိုးမတွေ့တာ နဲ့ ပေါ့လျော့ လာကြတဲ့ သူတွေ

အလေ့အကျင့်ကောင်းတွေ ဘယ်လောက် တင်ကျန် မလဲ

ပိုးမတွေ့တာ ကြာတဲ့ အခါ ကိုယ့် ရဲ့ နေထိုင်မှုဟာ လျော့ရဲလာတယ်။ လက်ဆေးတာ အကြိမ်ရေ နည်းသွားတယ်။ တခါဆေးရင် စက္ကန့် ၂၀ ကွက်တိ ကျမကျ မမှန်းတော့ဘူး၊ ဖဝါးဖမိုးလက်ခေါက်ချိုး ကဗျာနဲ့ တိုက်မစစ်တော့ဘူး။

အလုပ်မှာ ထမင်းစားပြီး mask ကို ချက်ချင်းပြန် မတပ်ပဲ လေ ရဲ့ အရသာကို ကြာကြာခံမိလာတယ်။ မျက်နှာပေါ်က mask ကို ပြင်ကာနီး၊ ယားလို့ ကုတ်ကာနီး လက်ဆေးပြီးမှာ ထိတာ၊ ကုတ်ပြီးရင် လက်ဆေးတာ မလုပ်ပဲ (ငါဘာမှ ထိမထားပဲလေ) လို့ ဆင်ခြေတွေ ပါလာတယ်

ဒါ ကိုယ့်တဦးထဲ ပေါ့လျော့လာ မှုတွေပါ။ ဒီလိုပဲ လူထု ဟာလည်း ပေါ့လျော့လာပါပြီ။ တန်းစီရင် နေရာကြားဖြတ်ဝင်ချင်တာ၊ နောက်နားမှာ ဇွတ်ကပ်လာတာ၊ mask မပါပဲ လူကြားမှာ တိုးတာတွေ လုပ်လာပြီ။

တကယ်တော့ တချို့ အလေ့ အထတွေသည် ပိုးရှိရှိ မရှိရှိ သယ်ဆောင်သွားရမှာတွေ ဖြစ်ပါတယ်။ ဒါပေမယ့် အကြောက်တရားကြောင့်သာ ဖြစ်လာတဲ့ အလေ့အထသည် အပြုအမူ ပြောင်းလဲခြင်း Behavior Change အထိ တောင့်မခံနိုင်ပဲ လေနဲ့အတူ ပြန်လွင့်မျောခဲ့ပြီ။ လက်ဆေးတာ ဘယ်တော့ မဆို ရှိရမယ့် အကျင့်။ ခပ်ခွာခွာနေတာ အမြဲ ရှိရမယ့် အကျင့်။

ပိုးတွေ့မှု လျော့ကျလာခြင်းနဲ့ အတူ သံပတ် တင်းထားတာတွေ လည်း ဖြေးဖြေးချင်း လျော့ကျလာနေတယ်။ ဒါပေမယ့်လည်း ကိုဗစ်ရဲ့ မာယာဟာ ဘာဆိုဘာမှ မပြောနိုင်သေးတဲ့အချိန်ပါ။ သူ့မှာ ကြောက်ဖို့ အကောင်းဆုံးက (အမြင်မှာ) အကောင်းပကတိရှိနေတဲ့ ပိုးရှိသူ တခြားသူကို ကူးစက်စေ တာပါပဲ။

ဒီလို ပိုးရှိသူက ဖျားချင်မှတောင် ဖျားလိုက်မှာ မဟုတ်ပဲ ပြီးသွားပေမယ့် သူကူးလိုက်တဲ့သူက အပြင်းအထန် ဖျားသွားတာလည်း ဖြစ်နိုင်တယ်။ ဒီတော့ လေးငါးရက် ကူးစက်မှု မရှိဘူးဆိုတာ ကူးစက်မှု မတွေ့ခြင်းပဲ ဖြစ်ပါတယ်။ ကူးနေနိုင်တယ် ဆိုတာ သိရပါတယ်။

ငြိမ်လောက်ပြီ ထင်ကာမှ အလုံးအရင်းနဲ့ ပေါက်ကွဲမှုဟာ ဖြစ်နိုင်သေးတယ် ဆိုတာ အမြဲ တွေးထားရပါမယ်။ ဘယ်သူပေါ့ပေါ့ ကိုယ်မပေါ့သင့်ဘူးဆိုတာ ကိုယ့်ဘာသာ ပြန်လည် နှလုံးသွင်းနေရတယ်။

သကၠမုိးညဳိ

Add a Comment

Your email address will not be published. Required fields are marked *

two + nine =