လွန်ခဲ့တဲ့ ရက်ပိုင်းကအမြန်လမ်းမမှာ ကြုံခဲ့ရတဲ့အဖြစ်ကြီးကို ပြန်ပြောင်းပြောပြလာတဲ့ မြန်မာအိုင်ဒေါလ်အဆိုတော် “မေမဒီ”

မင်္ဂလာပါ ပရိသတ်ကြီးရေ နာမည်ကြီး အဆိုပြိုင်ပွဲ တစ်ခုဖြစ်တဲ့ မြန်မာအိုင်ဒေါလ် Season-3 မှာ ယှဉ်ပြိုင်ခဲ့တဲ့ မေမဒီကတော့ အခုဆိုရင် အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်စွာ လျှောက်လှမ်းနေတဲ့ အဆိုတော်မလေး တစ်ယောက်ပါနော်။ မေမဒီကတော့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေပြီး ချစ်စရာကောင်းတဲ့ သူမရဲ့ ဟန်ပန်လေးတွေကြောင့်လည်း ပရိသတ်တွေက အချစ်ပိုနေကြပြီး ယောကျ်ားလေး မိန်းကလေးမရွေး အားလုံးက ချစ်ခင်နေကြကာ သူမရဲ့ သီချင်းလေးတွေကိုလည်း ကြိုက်နှစ်သက်စွာ လက်ခံအားပေးနေကြ တာပဲ ဖြစ်ပါတယ်နော်။ သူမရဲ့အနုပညာလှုပ်ရှားမှု မှန်သမျှတွေကို မျှဝေပေးလေ့ရှိတဲ့ မေမဒီက နေ့စဉ်ဖြစ်ပျက်သမျှ ဖြတ်သန်းကြုံတွေ့ရသမျှလေး တွေကိုလည်း အမြဲလိုလို မျှဝေပေးတတ်သူလေးလည်း ဖြစ် ပါတယ်။ ဒီတစ်ခါမှာလည်း မေမဒီက အမြန်လမ်းမှာ သူမနဲ့ ပိုးမီတို့ မထင်မှတ်ဘဲ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက် အကြောင်းကို အခုလိုပဲ ပြောပြလာတာကို တွေ့ရပါတယ်။ မေမဒီ က “ရုတ်တရက် ဒိန်း. ဆိုပြီး မဲမဲကြီးတစ်ခုက ဆွဲချလိုက်တာကို မြင်လိုက်တယ်။ အဲဒီအချိန်မှာ ကိုယ်က မပိုးဆိုပြီး အကျယ်ကြီးပဲ အော်လိုက်တယ်။

အဲ့အချိန်မှာ ကားတစ်စီးလုံး ဘယ်သူ့အသံမှ ထွက်မလာဘူး၊ ကိုယ်ကကျတော့ အရှေ့မှာ တစ်ခေါက် ဖြစ်ဖူးတာကိုး။ တစ်ခေါက်ဖြစ်ဖူးထားတော့ အရမ်းလန့်ဖူးတာ၊ ပထမတစ်ခေါက် ငါမသေလို့များ ထပ်ဖြစ်တာလားပေါ့နော်။ ငါ့ကြောင့်များ ဖြစ်တာလားပေါ့ အဲ့လို အတွေးတွေလည်း ဝင်တာပေါ့ ထပ်ဖြစ်ပြန်ပြီလို့ တွေးပြီးတော့ မျက်လုံးကို စုံမှိတ်ပြီးတော့ ဗုဒ္ဓ သရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံဂစ္ဆာမိ၊ သံဃံသရဏံ ဂစ္ဆာမိ ဆိုပြီးတော့ သရဏဂုံတည်လိုက်တယ်။ ဒါငါ့ရဲ့နောက်ဆုံးခရီး ငါသေရင်လ ည်းသေသွားပြီလို့ အဲ့လိုပဲ တွေးပြီးတော့ နေလိုက်တာ။ အဲ့ဒါပြီးလည်းပြီးကော ပြန်သတိရလာပြီး၊ ကားက အတည့်ပြန်ကျတာကိုး၊ အတည့် ပြန်ကျတဲ့ အချိန်မှာ ညီမက အောက်ကို ဆင်းပြီးတော့ ဖုန်းတွေ လိုက်ရှာတာ။ ပစ္စည်းတွေကလည်း လမ်းမပေါ်မှာ အကုန်လုံးပဲ၊ ကားက သုံးလေးပတ် ဂျွမ်းလိမ့်သွားတာဆိုတော့ အနောက်မှန်တွေလည်း ကွဲ၊ ကားခေါင်တွေလည်း ပွင့်၊ ဘေးမှန်တွေလည်း ရစရာမရှိဘူး အကုန်ကွဲ ပစ္စည်းတွေအကုန်လုံးကလည်း ထွက်ကျဆိုတော့ ဖုန်းတွေလိုက်ရှာ ရှာပြီးတော့ ဖုန်းတွေဆက်ပေါ့ အဲ့လိုလုပ်ခဲ့ရတာ။ ကြမ်းတာက အရမ်းကိုကြမ်းတာ။ ဘဝမှာလေ တစ်ခါမှ အဲ့လို ကြုံရမယ်လို့လည်း မတွေးဖူးဘူး။

အဲ့ဒီလို ဖြစ်မယ်လို့လည်း မထင်ဘူး။ ဒီလို အသက်ရှင်ပြီး ဒီလိုကျန်းကျန်းမာမာ စကားပြောနိုင်တာ အရမ်းကို ကံကောင်းတာ။ ပိုးမီရဲ့ကောင်မလေး အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း “ဒီလောက်ဖြစ်လိုက် တာတောင်မှ နောက်ခန်းမှာ အတူတူ ထိုင်တဲ့ ကောင်မလေးတောင်မှ ခေါင်းဖုတာတို့၊ ကျောနဲ့ရင် နာတာတို့ အဲ့လိုမျိုးနာတာတွေ ရှိတယ်။ သူကလေ ဘာတစ်ခုဆို ဘာတစ်ခုမှ မဖြစ်လိုက်တာ။ ကားပေါ်က ဆင်းလိုက်တာလည်း သူကလေ ကြောင်တောင်တောင်ပဲ ဟိုကြည့်လိုက် ဒီကြည့်လိုက်နဲ့။ ပြီးလည်းပြီးရော သူ ပြောတာပေါ့နော်။ ငါတဲ့ အမှန်အတိုင်း ပြောရရင်တဲ့ ကားလှိမ့်သွားတဲ့ အချိန်မှာ ငါ သတိမေ့သွားတာတဲ့။ ငါသတိပြန်ရတဲ့ အချိန်မှာ နင်က ခွေခွေလေးတဲ့ အရှေ့ကို ဝုန်းဆိုပြီး ကျွံထွက်လာတာတဲ့။ နင့်ခြေထောက်နဲ့လား မသိဘူး ဗိုက်ကို ကန်မိသွားလို့ သတိပြန်ဝင် လာတာတဲ့။ သူသတိပြန်ရလို့ ကြည့်လိုက်တော့ ညီမက ရှေ့ခန်းကို ဂျွမ်းတပတ် လှိမ့်ပြီး ဝင်လာတာတဲ့။ ပြီးတော့ ကား နောက်တပတ် ပြန်လှိမ့်တော့ နောက်ခန်းကို ပြန်ရောက်သွားတာတဲ့ အဲလြိုအဲ့လို ဒီယောက်ထဲ အထဲမှာ ဂျွမ်းတွေပစ် နေတာ။ကားမောင်းတာလည်း အရှိမ်ပြင်းဘူး မိုးတွေလည်း ရွာနေတော့ ပိုပြီးတော့တောင် သတိထားမောင်းကြတာ။

ကားကဝုန်းခနဲ ဆိုပြီး ရပ်သွားတဲ့အချိန်မှာ ညီမက ပြေးထွက်သွားတာ၊ နောက်တစ်ခုက ဘာကြောက်တာလည်း ဆိုတော့ ကားက ပေါက်ကွဲမှာကို ကြောက်တာ။ အဲ့ဒါကြောင့်မိုလို့ ညီမကအရင် ဉီးဆုံး ပြေးဆင်းပြီးတော့ တံခါးတွေ လိုက်ဖွင့်တဲ့အချိန်မှာ မပိုးမီတံခါးက ဖွင့်လို့ မရဘူး။ အဲ့ဒီချိန်မှာ မပိုးမီက ဟယ် နင်တို့တွေ ဘာဖြစ်သေးလဲ တဲ့ သူက သူ့ကိုယ်သူ သတိမထားမိသေးဘူး။ အကုန်လုံးက ဘာမှမဖြစ်ဘူး ရတယ်ရတယ်ဆိုတဲ့ အချိန်မှာ သူကမျက်လုံး စပ်သွားတော့ ပွတ်ကြည့်လိုက်တဲ့အချိန် မှာသွေးတွေ အဲ့တော့မှ သူခေါင်း ကွဲမှန်း သိတာ။ ညီမကလည်း အဲ့ချိန်မှာ သူ့ကောင်မလေး ရှိတော့ သူ့ကောင်မလေးက သူ့ကို ကြည့်လိမ့်မယ်ပေါ့ သူ့ကိုသိပ်ပြီး အာရုံမထားမိဘူး။

အစ်မ ဒီမှာထိုင် ဒီမှာနေဆိုပြီး ညီမဖုန်းတွေ ဆက်လုပ်ရတာပေါ့။သူကကျတော့ အရမ်းကြောက်တတ်တဲ့ ပုံမှန်ဖျားလို့ရှိရင်တောင်မှ ဆေးထိုးမယ်ဆိုရင် မျက်ရည်တွေ ပေါက်ပေါက်ကျတာ အဲ့လိုလူမျိုး၊ ဒါပေမယ့် တကယ်တမ်း ခုလို ဖြစ်လာတဲ့အချိန်မှာ သူ အရမ်းတည်ငြိမ်တယ် တော်တော် တည်ငြိမ်တာ။”ဆိုပြီး အမြန်လမ်းမကြီးမှာ သူမတို့ ကြုံတွေ့ခဲ့ရသော ကားမတော်တဆမှုကြီး အကြောင်းကို ဖွင့်ဟလို့ ပြောလာခဲ့တာပဲ ဖြစ်ပါတယ်နော် ပရိသတ်ကြီး။ မေမဒီနဲ့ပိုးမီတို့ သူငယ်ချင်းလေး ၄ယောက် ကြုံတွေ့ခဲ့ရတဲ့ အဖြစ်ကတော့ တကယ့်ကို ခြောက်ခြားစရာကြီး ပါပဲနော်။ ကံကြီးကြပေလို့ ဆိုးဆိုးရွားရွား တစ်ယောက်မှ မဖြစ်ကြတာလို့ ဆိုရမယ့် အနေအထားကြီး ဖြစ်ပြီး မေမဒီတစ်ယောက် ခုလိုမတော်တဆမှု ဖြစ်ခါနီးမှာ မြင်လိုက်ရတဲ့ ကားကို ဆွဲချလိုက်တဲ့ မည်းမည်းကြီး တစ်ခုဆိုတာကလည်း တွေးကြည့် မြင်ယောင်ကြည့်မိတာနဲ့ တကယ့်ကို ကျောချမ်းစရာ ဖြစ်ရပ်ကြီးမို့ တုန်လှုပ်စရာပါပဲနော်။

crd