ဆိုရှယ် မီဒီယာ ပေါ်မှာ ချစ်သူ မရှိချင်ယောင် ဆောင်နည်း

ဆိုရှယ် မီဒီယာ ပေါ်မှာ ချစ်သူ မရှိချင်ယောင် ဆောင်နည်း

ကိုယ့်ဆီမှာ ချစ်သူတော့ ရှိနေ ပါတယ်။ ဒါပေမယ့်လည်း ကိုယ့်ရဲ့ဆိုရှယ်မီဒီယာအကောင့်တွေမှာတော့ ဒီအကြောင်းကို မဖော်ပြချင်ဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ့်မှာချစ်သူရှိမှန်း တခြားလူတွေသိသွားရင် ကိုယ့်ကို စိတ်ဝင်စားကြတော့မှာမဟုတ်ဘူးလေ။ ဒီတော့ အပြင်မှာ ချစ်သူရှိ တာက တစ်ပိုင်း၊ ကိုယ့်ရဲ့ အွန်လိုင်းပေါ်က သူငယ်ချင်းတွေ ကိုယ့်ကို ချစ်သူမရှိဘူးလို့ ထင်စေချင်တာက တစ်ပိုင်းဖြစ်ကုန်တော့တာပေါ့။ ဘယ်လိုပဲ ဖြစ်ဖြစ် သင့်အနေနဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ချစ်သူမရှိချင်ယောင် ဆောင်ချင်တယ်ဆိုရင်တော့ အခြေခံကျတဲ့ ဒီနည်းလမ်းလေးတွေ ကို လိုက်နာဖို့ လိုပါလိမ့်မယ်။

(၁)။ Relationship မချိတ် ပါနဲ့

တချို့စုံတွဲတွေကတော့ ချစ်သူဖြစ် ပြီဆိုတာနဲ့ facebook မှာ Relationship ဆိုပြီး တန်းလုပ်တတ်ကြတယ်။ ပါးနပ်သူတွေကတော့ အကြောင်းပြချက်တွေ အမျိုးမျိုးပေးပြီး Relationship မလုပ်ဖို့ကို နည်းအမျိုးမျိုးနဲ့ ရှောင်ရှားကြလေ့ရှိပါတယ်။ အဲဒီမှာ Relationship ဖြစ်သွားပြီဆိုက တည်းက သင့်မှာ ချစ်သူရှိနေမှန်း တခြားသူတွေက သိကြတော့မှာဖြစ်ပြီး ချစ်သူမရှိချင်ယောင်ဆောင်ဖို့ဆိုတာ မဖြစ်နိုင်တော့သလောက် ဖြစ်သွားမှာပါ။

(၂)။ စုံတွဲတွေကို ကြည့်မရတဲ့အကြောင်း၊ မျက်စိနောက်တဲ့ အကြောင်းတွေများများတင်မယ်

ကိုယ်က တစ်နေ့ကို ပို့စ်(၃)ခုလောက် တင်တယ် ဆိုရင် အဲဒီထဲမှာ (၂)ခုလောက်က အကဲပိုလွန်းတဲ့စုံတွဲတွေကို အမြင်ကတ်တဲ့အကြောင်း ၊ စုံတွဲတွေကို ဘယ်လိုကြည့်မရတဲ့အကြောင်းတွေ ဖြစ်ပါစေ။ သင့်အနေနဲ့ စုံတွဲတွေမကောင်းကြောင်းတွေချည်းတင်တဲ့အခါ တခြားသူတွေက သင်ဟာ မစွံသေးတဲ့သူ တစ်ယောက် မို့ ဒီလိုပို့စ်တွေ တင်နေတာလားဆိုပြီး သံသယဖြစ်လာပါလိမ့်မယ်။

(၃)။ အသည်းကွဲတဲ့ကဗျာတွေ၊ သီချင်းတွေများများ Feel ပါ

အသည်းကွဲတဲ့အကြောင်း ရေးထားတဲ့ ကဗျာတွေ၊ သီချင်းတွေ တွေ့ရင် ကြိုက်လိုက်တာ ၊ ကိုယ့်ခံစားချက်နဲ့တူလိုက်တာ ဘာညာ လုပ်ပြီး Facebook မှာ တင်ပါ။ မသိရင် ကိုယ်ကပဲ အသည်းကွဲနေသလိုလို၊ ရည်းစားက ထားသွားသလိုလိုနဲ့ဆိုတော့ တခြားသူတွေကလည်း သင့်မှာ ချစ်သူမရှိဘူးလို့ ထင် ယောင်ထင်မှားဖြစ်လာပါလိမ့်မယ်။

(၄)။ နှစ်ယောက်တွဲပုံတွေ တတ်နိုင်သလောက် မတင်ပါနဲ့

ချစ်သူတွေဖြစ်ပြီဆိုရင် နှစ်ယောက်တွဲပုံတွေ တင်ချင် ကြတာ သဘာဝ ပါ။ ဒါပေမယ့်လည်း နှစ်တွေကြာလာတဲ့အခါ ဒီပုံတွေက ကိုယ့် Wall ပေါ်မှာ ဆက်ရှိနေမှာမို့ ကိုယ့်အတွက် အဆင်မပြေနိုင်ဘူးဆိုတာလည်း သိထားပါ။ အကောင်းဆုံးကတော့ တတ်နိုင်သမျှ နှစ်ယောက်တွဲပုံတွေ မတင်ပါနဲ့။ နောက်ဆုံး မတင်လို့ မဖြစ်တော့ဘူးဆိုမှသာ တင်ပါ။ တင်တဲ့အခါမှာလည်း လူတွေအများကြီး ပေးမသိပါနဲ့။ Custom လုပ်ပြီး တတ်နိုင်သမျှ တင်ပါ။ ကိုယ့်မှာ ချစ်သူရှိတဲ့အကြောင်း ကောင်လေးချောချောလေးတွေ၊ ကောင်မလေးချောချောလေးတွေ မသိပါစေနဲ့။

(၅)။ သိပ်မကြွားပါနဲ့

တချို့တွေက ချစ်သူနဲ့ သွားတဲ့ နေရာလေးတွေ၊ စားခဲ့ တာလေးတွေကို ပြန်ပြီး ကြွားချင်ကြတယ်။ ချစ်သူကိုတော့ လူသိအောင် မပြချင်ပေမယ့် သူနဲ့အတူ စားခဲ့တာလေးတွေ၊ သွားခဲ့တာလေးတွေကျတော့ ပြချင်ပြန်ရော။ ဒီတော့ အမှတ်တရလိုလို၊ ဘာလိုလိုနဲ့ နှစ်ယောက်အတူစားခဲ့တဲ့ ထမင်းဝိုင်းကြီးကို တင်တာတွေ၊ ဟော့ပေါ့အိုးတွေကို ဓာတ်ပုံရိုက်တင်တာတွေ၊ ကန်ဘောင်မှာ နေလုံးကြီးကိုဓာတ်ပုံရိုက်တာတွေ၊ စသဖြင့် တင်ကြတာပါ။ ဒီပုံတွေမှာ ကိုယ့်ရဲ့ချစ်သူပုံမပါဘူးဆိုပေမယ့်လည်း နေရာကိုကြည့်ပြီး သင် ဘယ်သူနဲ့သွားနိုင်သလဲဆိုတာ လွယ်လွယ်လေး နဲ့ခန့်မှန်းလို့ရစေပါတယ်။ သင်ကန်ဘောင်ကို ခဏခဏသွားမယ်၊ ရုပ်ရှင်ရုံတွေဆီ ခဏခဏရောက်မယ်၊ အစားအသောက်တွေကို ဓာတ်ပုံရိုက်တဲ့အခါ နှစ်ယောက်စာတွေချည်းဖြစ်နေမယ်ဆိုရင် သင့်မှာချစ်သူရှိနေမှန်း လူတွေ ရိပ်မိသွားကြပါလိမ့်မယ်။

Credit shwemom

Add a Comment

Your email address will not be published. Required fields are marked *

3 × 5 =