ကိုဗစ်ကာလ အတွင်း နိုင်ငံတော် မှ ငွေကျပ် (၃၀၀၀၀) ထောက်ပံ့မည့် အစီအစဉ် စတင် တော့မည်

ကိုဗစ်ကာလ အတွင်း နိုင်ငံတော် မှ ငွေကျပ် (၃၀၀၀၀) ထောက်ပံ့မည့် အစီအစဉ် စတင် တော့မည်

COVID-19 ကာကွယ်၊ ထိန်းချုပ်ကာလ အတွင်း ကိုယ်ဝန်ဆောင် မိခင်၊ နို့တိုက်မိခင်များနှင့် လူမှုရေးပင်စင်စား အသက်(၈၅)နှစ်အထက် အဘိုးအဘွားတို့ကို တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ ထောက်ပံ့မည်ဖြစ် ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ သိရ သည်။

“အကျိုးခံစားခွင့် ရှိသူတွေဟာ သာမန် အခြေအနေ မှာတောင် ထိခိုက် လွယ်သူတွေဖြစ်ကြပါတယ်။ အခုလို ကူးစက်ရောဂါနဲ့ပတ်သက် ပြီးတဲ့အချိန်မှာ ပိုမိုထိခိုက်လွယ်တဲ့အတွက်၊ အချိန်မှန် ဝန်ဆောင်မှုတွေ ရယူဖို့ အားနည်းတဲ့အတွက် ဖြစ်ပါတယ်” ဟု လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက ပြောပါသည်။

ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနှင့် လူမှုရေးပင်စင် ခံစားလျက် ရှိသည့် သက်ကြီးရွယ်အိုများအတွက် COVID-19 ထိန်းချုပ်ကာလအတွင်း ငွေကြေးထောက်ပံ့ရေးကို အမေရိကန်ဒေါ်လာ ၉ သန်း အသုံးပြုဆောင်ရွက်မည့် အွန်လိုင်းသတင်းစာရှင်းလင်းပွဲကို မေ ၂၇ ရက်က ပြုလုပ်ရာ ဒေါက်တာစန်းစန်းအေး က ပြောဆို ခဲ့ပါတယ်။

အကျိုးခံစားခွင့်ရှိသူ ၄ သိန်းကျော် ကို ထောက်ပံ့ရန် အတွက် အသက်မွေးဝမ်းကျောင်းမှု နှင့် စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေ (LIFT) အဖွဲ့နှင့် မိတ်ဖက်အလှူရှင် နိုင်ငံများဖြစ်ကြသည့် ဥရောပသမဂ္ဂ၊ ဆွစ်ဇာလန်၊ ဩစတြေးလျ၊ အမေရိကန်၊ ကနေဒါ စသည့်နိုင်ငံများက ကူညီထောက်ပံ့ပေးကြောင်း သိရသည်။

“မိသားစုတွေအနေနဲ့ ဝင်ငွေရရှိနိုင်ဖို့ မသေချာ တဲ့ အခြေအနေတစ်ခုမှာ အစားအသောက်နဲ့ ကျန်းမာရေးကုန်ကျစရိတ်တွေအတွက် ရုန်းကန်နေကြရမှာ ဖြစ်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံနဲ့ ပြည်သူတွေအတွက်တော့ လက်ရှိမှာရော အနာဂတ်ကာလတစ်ခုအထိပါ စိန်ခေါ်မှုတစ်ခုပါပဲ။ ဒီလိုဆောင်ရွက်မှုက နောက်အနာဂတ် မှာ ပိုပြီးမျှတတဲ့စနစ် တည်ဆောက်ဖို့လည်းအထောက်အပံ့ဖြစ်စေမှာပါ” ဟု LIFT ရန်ပုံငွေအဖွဲ့ ညွှန်ကြားရေးမှူး ကေတီဝက်ဘ်လေက ပြောဆိုသည်။

ထောက်ပံ့ပေးမည့် အစီအစဉ်တွင် အကျုံးဝင်သူများ၏ ကိန်းဂဏန်း အချက်အလက်များကို ကောက်ယူ ထားပြီးဖြစ်ကာ ဇွန်လ ဒုတိယပတ်အတွင်း ငွေကျပ် ၃၀၀၀၀ စီထောက်ပံ့သွားမည်ဖြစ်ကြောင်း၊ လူမှုရေးပင်စင် အစီအစဉ်တွင် လက်ရှိအကျိုးခံစားခွင့် ရရှိနေသည့် အသက် (၈၅) နှစ်အထက် သက်ကြီးရွယ်အို ၂၀၀၃၀၁ ဦးနှင့် ပြည်နယ်လေးခုဖြစ်သည့် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင်ရှိသည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားသည့် အသက်နှစ်နှစ်အောက် ကလေးသူငယ် ၂၄၁၄၂၅ ဦးစုစုပေါင်း အကျိုး ခံစားခွင့်ရှိသူ ၄၄၁၇၂၆ ဦး ရှိကြောင်း သိရသည်။

ထို့အပြင် အရပ်ဖက်အဖွဲ့အစည်းများကလည်း ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် ရင်ဆိုင်နေရတဲ့ကာလအတွင်း အလုပ်လက်မဲ့ဖြစ်နေတဲ့ လှိုင်သာယာစက်မှုဇုံနဲ့ တောင်ဒဂုံစက်မှုဇုံက အလုပ်သမား ၁၄၀၀ ကျော်ကို ငွေကြေးထောက်ပံ့နိုင်ဖို့ အရပ်ဘက်အဖွဲ့တွေက စာရင်းကောက်ယူပြီး လူတွေ့စစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်။

တို့မျိုးဆက်ကွန်ရက် ရဲ့ Save Migration အစီအစဉ်အရ အလုပ်ထုတ်နစ်နာကြေးမရတဲ့သူတွေ၊ ခြောက်လအောက် အလုပ်လျှော်ကြေးမရသူတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ မသန်စွမ်းသူတွေ စုစုပေါင်း သုံးရာကျော်ကို ဦးစားပေးအဆင့်အနေနဲ့ လူတွေ့စစ်ဆေးနေပြီး တစ်ဦးကို နှစ်သိန်းလေးသောင်းလောက် ထောက်ပံ့သွား မယ်လို့ တို့မျိုးဆက်ကွန်ရက် ဒါရိုက်တာ ဦးနန္ဒာစစ်အောင်က ပြောပါတယ်။

အဆိုးရွားဆုံးဖြစ်နိုင်မယ့် နေရာတွေကို စာရင်း ကောက်ယူပြီး လူတွေ့စစ်ဆေးပြီးစီးတဲ့ သူတွေကို နောက်ငါးရက်အတွင်း ပေးအပ်သွားမယ်လို့လည်း ပြောပါတယ်။

ဒီအစီအစဉ်ကို Livelihoods and Food Security Fund(LIFT) ရဲ့ အဓိက ထောက်ပံမှု နဲ့ Action Aid Myanmar၊ Cooperating Committee of Trade Unions(CCTU)၊ အနာဂတ်အလင်းတန်းဆုံမှတ်နဲ့ တို့မျိုးဆက်ကွန်ရက်တို့က ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။

crd : blacker

Add a Comment

Your email address will not be published. Required fields are marked *

three × 1 =