(၁၁)ရက်ဆက် ပြည်တွင်း ကူးစက်မှု မရှိခြင်း နှင့် ချီးကျူး ရမယ့် အစိုးရ၊ ပြည်သူ စုပေါင်းအား

(၁၁)ရက်ဆက် ပြည်တွင်း ကူးစက်မှု မရှိခြင်း နှင့် ချီးကျူး ရမယ့် အစိုးရ၊ ပြည်သူ စုပေါင်းအား

ခုဆိုရင်တော့ ကိုးဗစ်ကြီး လည်း တော်တော်လေး ကိုခြေကုန်လက်ပန်းကျပြီး အရှိန်နှေးလာပြီ။ လူတွေလည်း စဖြစ်ခါစအချိန်တွေကလောက် ဝရုန်းသုန်းကားကြောက်လန့်တကြားတွေ မဖြစ်ကြတော့ဘူး။ နောင်များ ဒီကပ်ကြီး ပြီးသွားရင် အခုအချိန်ကာလတွေ ကို ပြန်ပြီး လွမ်းမိသလိုလိုတောင်ဖြစ်ကြရတော့မယ်။

ခုဆို စားသောက်ဆိုင်တွေ လည်း ထိုင်စားတွေ ပြန်ဖွင့်ပြီ။ စည်းနဲ့ကမ်း နဲ့၊ အကန့်အသတ်နဲ့ဆိုပေမယ့်လည်း ဒါတွေကတဖြည်းဖြည်းဖြေလျော့သွားမှာပဲ။ လူတွေလည်း အကြောက်အလန့်သိပ်မရှိကြတော့ဘဲ သွားသွားလာလာတွေဖြစ်ကုန်ကြပြီ။ စက်အသစ်ကြီးတွေ ရောက်လာတာကြောင့် လူနာအရေအတွက်လည်း ပိုပြီးစစ်နိုင်လာကြပြီ။ ဒါပေမယ့် Positive တွေ့တဲ့နှုန်းကတော့ တော်တော်လေးကိုနည်းသွားပြီ။ စိတ်ချရတဲ့အနေအထားအထိမဟုတ်ပေမယ့် အရင်ကလောက်တော့စိုးရိမ်စရာမကောင်းတော့ဘူး။ အချိန်ကလည်း ကြာလာပြီကိုး။

ဟိုးတုန်းက ဖော်မျူလာချပြီး သင်္ချာနည်း နဲ့ တွက်ကြည့်ကြတာ ဧပြီလ ကုန်မှာ ကေ့စ် ၂၀၀ မကျော်ရင် နောက်ပိုင်း သိပ်မများနိုင်လောက်တော့ဘူးတဲ့။ ခုတော့ မေလကုန်ပိုင်းတောင်ရောက်လာပြီ။ ကေ့စ်က ၂၀၀ ကျော်ကျော်လေးပဲရှိသေးတယ်။ သေဆုံးသူ အရေအတွက်ကလည်း အရမ်းနည်းသလို၊ ပြန်ကောင်း လာသူတွေကလည်း အများကြီးဖြစ်လာပြီ။

ကိုးဗစ်ဆိုတာ ကူးစက်မြန်တယ် ဆိုပေမယ့် ကူးတိုင်းလည်း (လက္ခဏာ) မပြ၊ ပြတိုင်းလည်း (အခြေအနေ)မဆိုး၊ ဆိုးတိုင်းလည်း မသေ ဆိုတာကိုလူတွေနားလည်လာကြပြီ။ အခြေအနေအဆိုးဆုံးဖြစ်တဲ့ ဧပြီလဆန်းပိုင်းနဲ့ သင်္ကြန်မတိုင်ခင်ရက်တွေကဆို သတင်းတွေကို အချိန်နဲ့အမျှ ရင်တမမနဲ့စောင့်နားထောင်ခဲ့ရတာ။ အစိုးရတာဝန်ရှိသူတွေအနေနဲ့လည်း တကယ့်ကို စိန်ခေါ်မှု အကြီးကြီးပဲ။ သိကြတဲ့အတိုင်း ကျနော်တို့နိုင်ငံဆိုသည်မှာလည်း ဘယ်လိုအခက်အခဲ အခြေအနေတွေပဲကြုံလာကြုံလာ နောက်ဆုံးတော့ နိုင်ငံရေးပြဿနာဖြစ်သွား တတ်တာမျိုးလေ။

ခုကိုဗစ်ကြီးကလည်း NLD အစိုးရ အတွက် တော်တော်လေး ဘေးကြပ်နံကြပ်အခြေအနေဖြစ်ခဲ့ရတယ်။ စိုးရိမ်တကြီးနဲ့ Lock Down, Lock Down လို့ ဝိုင်းအော်ခဲ့ကြပေမယ့် တကယ်သာ Lock Down ခဲ့ရင် ကြိုတင်မမှန်းဆနိုင်တဲ့ Impact အကြီးကြီးတွေကလည်း စောင့်နေတယ်။ သိကြတဲ့အတိုင်းပဲ တိုင်းပြည်ပျက်ပါစေဆုတောင်းနေကြသူတွေက အများကြီးလေ။

အဲ့ဒီလိုအခြေအနေမျိုးကြီးကို လက်တွဲ ညီညီကျော်ဖြတ်ခဲ့ကြတဲ့ အစိုးရနဲ့ပြည်သူတွေရဲ့စုပေါင်းအားတွေကတော့ အသိအမှတ်မပြုလို့ကိုမရဘူး။ Case တွေကလည်း အစုလိုက်အပြုံလိုက်မတိုးလာသလို၊ ဆူဆူပူပူကိစ္စတွေလည်း မဖြစ်ခဲ့ဘူး။ ကိုဗစ်ကာလကို ခုလိုတည်တည်ငြိမ်ငြိမ်ဖြတ်ကျော် နိုင်ခဲ့တဲ့ ပြည်သူတွေ တကယ် ချစ်ဖို့ကောင်းတယ်။

ဘာဖြစ်ဖြစ် လာခဲ့။ ရင်စည်းပြီး တတ်နိုင် သလောက်ခံချမယ်။ တိုင်းပြည် တော့ အပျက်မခံဘူး။ နောက်ကြောင်းတော့ပြန်မလှည့်စေရဘူးဆိုတဲ့စိတ်ဓာတ်တွေ လေးစားဖို့ကောင်းတယ်။ ဒီလိုကပ်ဆိုးမျိုး အရင်အစိုးရလက်ထက်မှာဖြစ်ကြည့်။ အခြေအနေတမျိုးပြောင်းသွားနိုင်တယ်။ ကိုယ်တွေတောင် ညစ်ညစ် နဲ့ ဂျစ်တိုက်မိမှာသေချာသလောက်ပဲ။

ဆိုတော့ ခုလိုကိန်းဂဏန်း အနေအထားလေးကိုပဲ အများကြီး တိုးမလာဘဲ အချိန်သုံးလေးလကြာတဲ့ အထိ ဆွဲဆန့် ထားချင်မိတယ်။ ဆွဲဆန့်ထားနိုင်လိမ့်မယ် လို့လည်း ယုံကြည်တယ်။

ဒေါ်အောင်ဆန်းစုကြည် ပြောသလိုပဲလေ။ ပြည်သူသာ အဓိကပါပဲဆို။

Okka Kyi Winn

Add a Comment

Your email address will not be published. Required fields are marked *

eleven + 4 =