သာဓုအကြိမ် တစ်သန်းမက ခေါ်ထိုက်တဲ့ အမေရိကန် ရောက် မြန်မာလူငယ် တစ်ယောက် အကြောင်းပါ …..

သာဓုအကြိမ် တစ်သန်းမက ခေါ်ထိုက်တဲ့ အမေရိကန် ရောက် မြန်မာလူငယ် တစ်ယောက် အကြောင်းပါ …..

ဖြစ်ရပ်မှန်ပါ

သာဓုအကြိမ်တစ်သန်းမက ခေါ်ထိုက် တဲ့ အမေရိကန်ရောက် မြန်မာလူငယ်တစ်ယောက် အကြောင်းပါ ဗုဒ္ဓဘာသာ ဝင်တိုင်း အတုယူဖွယ် အလွန်ကောင်းလှပါတယ် စာရှည်လွန်းလို့ မဖတ်ဘဲ မနေကြပါနဲ့ ဖတ်ဖြစ်အောင် ဖတ်ကြပါ။ အင်တာနက် မှာတွေ့လို့ တင်လိုက်တာပါ၊။

အပိုင်းး(၁)

အမေရိကန်နိုင်ငံ၊ လော့စ် အိမ်ဂျလိစ်မြို့ရဲ့ စားသောက်ဆိုင်ကြီး တစ်ဆိုင်မှာ မြန်မာအလုပ်သမားလေး ရန်မျိုးအောင်ဟာ ဆူရှီလိပ်ရင်း ဘုရားဂုဏ်တော်တွေ တတွတ်တွတ်ရွတ်နေရှာတယ်။

သူ့ဘဝသူ့အခက်အခဲ သူ့ရည်ရွယ်ချက်တွေ အောင်မြင်ဖို့အတွက် ဘုရားသာ အားကိုးရာရှိတော့တယ်လို့ သူယုံ ကြည်ထားလို့ပါ။ သူ့ရည်ရွယ်ချက်ဆိုတာ ကြွယ်ဝချမ်းသာဖို့ သူဋ္ဌေးဖြစ်ဖို့ ဘဝအောင်မြင်ဖို့ ချစ်တဲ့သူနဲ့အတူ လက်တွဲပြီး သာယာတဲ့ဘဝခရီး လျှောက်လှမ်းနိုင်ဖို့ဆိုတဲ့ လူငယ်တို့သဘာဝရှိတတ်တဲ့ မျှော်မှန်းချက်တွေတော့ မဟုတ်ပါဘူး၊လူငယ်နဲ့မလိုက် ကိုယ့်အခြေအနေနဲ့ မတတ်နိုင်တဲ့ မျှော်မှန်းချက်တစ်ခု သူ့မှာရှိနေလို့ပါ။ သူ့မျှော်မှန်းချက်ဆိုတာ ၂၀၁၀ခု၊ သြဂုတ်လက စတင်ခဲ့တာပါ။

သူအလုပ်လုပ်တဲ့ စားသောက်ဆိုင်က လူသုံးရာကျော် စားနိုင်တဲ့ဆိုင်ကြီးပါ။ အာရှ အစားအစာ မျိုးစုံရနိုင်ပါတယ်။ ဂျပန်စာဖြစ်တဲ့ ဆူရှီဌာနမှာ ရန်မျိုးအောင်က ဆူရှီလိပ်ရသူပါ။

ရန်မျိုးအောင်ဟာ တနေ့တော့အလုပ်က အပြန် ရေမိုးချိုးပြီး အနားယူနေချိန်မှာ နိုက်ကလပ်သွားချင်တဲ့စိတ်တွေ ပေါ်လာခဲ့တယ်။ အသောက်အစား အပျော်အပါးလဲ ဝါသနာ ပါသူမဟုတ်တော့လို့ သွားချင်တဲ့စိတ်တွေ မဖြစ်ခဲ့တာလည်း ကြာခဲ့ပါပြီ။ ဒီနေ့တော့ ဘာကြောင့်လို့ရယ်မသိ သွားချင်တဲ့စိတ်တွေ ပြင်းပြင်းပြပြ ဖြစ်နေတယ်လေ။

မတော်ပါဘူးဆိုပြီး တီဗွီကြည့်လိုက် ပုတီးစိတ်လိုက်နဲ့ ဖြေဖျောက်ဖို့ကြိုးစားခဲ့တယ်။ မရဘူး၊ မသွားရ မနေနိုင်လောက်အောင် ဖြစ်နေတယ်။ ကဲ ဒီလောက်တောင်ရှိရင် သွားမယ်ဆိုပြီး ဘယ်သူမှ မခေါ်ဘယ်သူမှ မတိုက်တွန်းဘဲ သွားချင်လှတဲ့ဆန္ဒကို ရှေ့တန်းတင်ပြီး ထွက်ခဲ့တော့တယ်။

နိုက်ကလပ်ဆိုလို့ အခြားဆိုင်တော့ မဟုတ်ပါဘူး။ သူအလုပ်လုပ်တဲ့ ဆိုင်ပါ။ နေ့ခင်းမှာ စားသောက်ဆိုင်လုပ်ပြီး ည၁၀နာရီကျော်မှ (၂) နာရီအထိ နိုက်ကလပ်အဖြစ် ဖန်တီးပြင်ဆင်လိုက်တာပါ။

ဆိုင်ထဲရောက်သွားရင်ပဲ “ဘုရားဘုရား–”လို့ ရေရွတ် တမ်းတမိပြီး တအံ့တသြ ငေးမောကြည့်နေမိတယ်။

တဘက်နံရံမှာရှိနေတဲ့ (၁၀)ပေခန့်ရှိတဲ့ ဘုရားဆင်းတုတော်ကြီး ကို သူအလုပ်လုပ်တိုင်း မြင်နေကျပါ။ ဆိုင်မှာ အလှအပအဖြစ် ထားတယ်လို့ပဲ သူနားလည်ထားခဲ့ပါတယ်။ ဒီမြင်ကွင်းမျိုး မြင်ရလိမ့်မယ်လို့ သူမမျှော်လင့်ခဲ့ဘူး။ ခုတော့ ဘုရားခမျာ ဗယုတ်သုတ်ခနဲ့ လှုပ်လှုပ်ရွရွ မြူးတူးပျော်ပါးနေတဲ့ ကာမမှောင်တောထဲမှာ သီတင်းသုံး တော်မူနေရရှာတယ်။

လူငယ် လူရွယ် (၁၀၀)ခန့်တို့က ရုပ်ပွားတော် ကြီးဝန်းကျင်မှာ ဖိုမ အစုံစုံ ယစ်မူးအဟုန်ဖြင့် အစွမ်းကုန် မြူးတွန့်နေကြတယ်။

ဘုရားရဲ့ရှေ့တည့်တည့် (၁၀) ပေခန့်အကွာမှ ခုံပေါ်မှာတော့ လက်တစ်ဝါးခန့် အဝတ်လေးများ ဖုံးအုပ်ထားတဲ့ ညဥ့်ငှက်မလေးများက သူတို့ကိုယ်အလှ သူ့တိုအကတွေနဲ့ ကာမမှောင်ကို မှောင်သည်ထက်မှောင်အောင် ဆွဲဆောင်နေပြန်တယ်၊၊

ဘုရားနောက်ကြောနံရံမှ ထွက်လာတဲ့ မှိတ်ချီဖွင့်ချီ ရောင်စုံမီးဆလိုက်များက ဘုရားဦး ခေါင်းတော် ဘေးဝန်းကျင်ကိုဖြတ်ကျော်ပြီး ညဥ့်ငှက်မလေးများရဲ့ကိုယ်အလှကို မြင်သာအောင်ထိုးပြနေပြန်တယ်လေ။ ဘုရားက ရောင်ခြည်တော်ဖြင့် ထိုးပြနေသလို စီမံထားလေသလားတော့မသိ။

ဆင်းတုကိုယ်တော်မြတ်ကြီးက“ငါဘုရား အဇပါလညောင်ပင်အောက် သီတင်းသုံးစဉ်က မာရ်နတ်ရဲ့သ္မီးများ ဖြစ်တဲ့ တဏှာ၊ရတီ၊ရာဂါတို့ ညီမသုံးယောက်ကငါဘုရားကို လာဖြားယောင်းဖူးတာ တစ်ခါပဲ ရှိခဲ့ဖူးတယ်။

ဒီအဖြူမလေးတွေက ညတိုင်းလာဖြားယောင်းနေပါလား”လို့ တွေးထင်တော်မူလေ မလားမသိ။ရန်မျိုးအောင်တော့ ဘုရားကြီးအတွက် စတ်မသက်မသာဖြစ်ခဲ့ရပြီ။

ရန်မျိုးအောင်ဟာ မောင်မယ်အစုံများကို တိုးဝှေ့ပြီး ဘုရားအနီး ချဉ်းကပ်သွားခဲ့တယ်။

အလား–လား– ပိုဆိုး ပါလား။ စကပ်လေးတိုနန့်နန့်နဲ့မိန်းကလေးက ဘုရားခုံပေါ်ထိုင်ပြီး ဘုရားပေါင်တော်ကို သူ့ပေါင်နဲ့ထိထိုင်ကာ စတိုင်ကျကျနဲ့ အရက်ခွက်ကိုကိုင်လို့၊ တစ်ချို့က ဘုရားခြေတော် လက်တော်တွေပေါ်မှာ အရက်ခွက်တွေတင်ထား ပြန်တယ် ဒီထက်ဆိုးတာက မိန်းကလေးက ဘုရားကိုကျောမီနေပြီး သူ့တွဲဖက်ကောင်လေးက ဘုရား ပေါ်လက် ထောက်ကာ ပူးကပ်ပွတ်သပ်လို့ ရစ်မူးနေပြန်တယ်။

ရန်မျိုးအောင်ဟာ ဘုရားရုပ်ပွားတော်ကြီးဝန်းကျင်မှာ ဖြစ်ပျက်နေပုံ များကိုကြည့်ပြီး ဒေါသတွေ ချောင်းချောင်းထွက်မိတယ်၊ဖြစ်နိုင်ရင် ဝါးရင်းဒုတ်နဲ့အားလုံးကို မောင်းထုတ်ပစ်လိုက်ချင်တယ်။ မပြုဝံ့ပါပေ၊ “ခါကျဉ်ကောင်မာန်ကြီးပေမဲ့ တောင်ကြီးကိုတဲ့ဖြိုမယ့်ကြံ ခါးကမသန်”ဆိုသလို သာမန်အလုပ်သ္မားလေး ရန်မျိုးအောင် ဘာတတ်နိုင် ပါမည်နည်း။

ရန်မျိုးအောင်ဟာ ဘုရားရုပ်ပွားတော်ကြီးကို ကြည့်ပြီး ကြိတ်မနိုင်ခဲမရ ဖြစ်နေရ တယ်၊ လှုပ်လှုပ်ရွရွ တွန့်လိမ်ပွတ်သပ် နေတဲ့မြင်ကွင်း၊ မြူးကြွဆူညံနေတဲ့ ဂီတသံ၊ ထောင်းထောင်း မွှန်နေတဲ့အရက်နံ့၊ မျက်နှာ တော်တည့်တည့်မှာ တစ်ကိုယ်လုံးနီးပါးပေါ်နေတဲ့ ကခြေသည်မလေးတွေရဲ့ တုန်ကာလုပ်ကာ မြူဆွယ်ပြနေတဲ့အက၊ ဒီဝန်းကျင် မှာနေရရှာတဲ့ ဘုရားရုပ်ပွား တော်ကြီးခမျာ ဆင်းရဲရှာမှာပဲနော်လို့ သူ့အတွေး သူ့အမြင်နဲ့ ရုပ်ပွားတော်ကြီးကို သိပ်သနားနေမိတယ်။

ဘုရားဆိုတာ သနားစရာ မဟုတ်ပေမဲ့ သူ့ရင်ထဲမှာတော့ တကယ်သနားနေမိတယ် ။ဘုရားနဲ့ဒီဝန်းကျင်က လုံးဝဆန့်ကျင်နေတယ်လေ။ ဘုရားရုပ်ပွားတော်ရဲ့မျက်နှာတော်ကို စိုက်ကြည့်မိရာက သူ့ရင်ထဲမှာ —

“ဒါယကာလေး ရန်မျိုးအောင်၊ ငါဘုရားကို တစ်ခြားနေရာကို ပင့်နိုင်ရင် ပင့်စမ်းပါကွာ” လို့ မိန့်တော်မူနေသလို ခံစားမိပြန်တယ်။

ဖြစ်နိုင်တယ်၊ ဒီနေ့ည ဒီနေရာကို ရောက်လာရခြင်း မှာ သာမန်ရောက်လာခြင်းမျိုး မဟုတ်၊ လာချင်တဲ့ဆန္ဒတွေ ပြင်းပြလွန်းလို့ အရောက်လာခဲ့ရတာ။

ဘုရားစောင့်နတ်တွေကများ ဒီမြင်ကွင်းကို ခေါ်ပြလေသလား မသိ။ မည်သို့ပင် ဖြစ်စေ အခြေအနေ အရပ်ရပ်ကို သူသိလိုက်ရပြီ။ အမျိုးဘာသာသာသနာ အတွက်လူတိုင်းမှာ တာဝန်ရှိတယ်။ တာဝန်ရှိသူဟာ တာဝန်ကိုသိရမယ်။ သိသည့်အတိုင်းလဲ ဆောင်ရွက်ရမယ်။ ရန်မျိုးအောင်ဟာ လူငယ်ပေမဲ့ စိတ်ထားသေး ငယ်သူတော့ မဟုတ်။

တာဝန်ရှိလာရင် ဆောင်ရွက်ရန်အဆင်သင့်၊ သာသနာအတွက် ဆိုရင် ပိုလို့ပင် ကြိုးစားချင်သူ။ ဒီကာမမှောင်အတွင်းက ဗုဒ္ဓရုပ်ပွားတော်ကြီးကို ပင့်ထုတ်ရမယ့်တာဝန်ဟာ ငါ့တာဝန်လို့ ဦးထိပ်မှာတင်ကာ ခံယူလိုက်တော့တယ်။

“ဘုရားရုပ်ပွား တော်ကြီးကို ငါရအောင်ပင့်မယ်”လို့ သံဒိဋ္ဌာန်ချ ဆုံးဖြတ်လိုက်တယ်။

သူရဲ့အဓိပတိစွမ်းအားရှိတဲ့ ဆန္ဒအလင်းရောင်ဟာ ဒီဝန်းကျင်ကာမမှောင်ကိုကျော်လွန်ကာ တောက်ပခဲ့ပေပြီ၊၊ ရန်မျိုးအောင်ဟာ နောက်နေ့မှာ စောစောအလုပ်ဆင်းဖြစ်တယ်၊၊

ဆူရှီဘားမှာ အလုပ်လုပ်ရင်း ဆိုင်ရှင်သူဋ္ဌေးအလာကို စောင့်နေတယ်။သူဋ္ဌေးရောက်လာပြီးခဏမှာ ဘုရားအတွက် ဆန္ဒပြင်းပြနေတဲ့ ရန်မျိုးအောင်ဟာ ရဲရဲဝံ့ဝံ့ သူဋ္ဌေးရုံးခန်းထဲသို့ဝင်ခဲ့ရာ မခေါ်ဘဲနဲ့ ရောက်လာတဲ့ အလုပ်သ္မားကို သူဋ္ဌေးက ခပ်စိမ်းစိမ်းမော့ကြည့် တယ်။

“သူဋ္ဌေးကို ပြောစရာ ရှိလို့ပါ”

“အေး-ပြော”

“ဒီဆိုင်ထဲက ဗုဒ္ဓပုံတော်ကြီးကို ကျွန်တော့် ကို ရောင်းပါ၊ ဘယ်လောက်ပေးရမလဲ။ ဒါမှမဟုတ် ကျွန်တော် လုပ်ခမယူဘဲ တနှစ်လုပ်ပေးပါ့မယ်”

ရန်မျိုးအောင်ဟာ သူ့ကြံစည်ထားတဲ့အတိုင်း ဟောဟောဒိုင်းဒိုင်းပြောချ လိုက်တယ်။

သူဋ္ဌေးက ဒီကောင်မတန်မရာ ဘာတွေလာပြောနေတာလဲဆိုတဲ့ သဘောမျိုးနဲ့ လှောင်ပြုံးပြုံးလိုက်ပြီး ဦးခေါင်းကို ငြင်သာစွာရမ်းပြလိုက်တော့ ရန်မျိုးအောင် ခေါင်းငိုက်ဆိုက်ဖြင့် အခန်းထဲက ထွက်ခဲ့ရရှာတော့တယ်။ ပြောဆိုမာန်မဲ မလွှတ်လိုက်သည်ကိုပင် ကျေးဇူးတင်ရမလို။ ရန်မျိုးအောင်ဟာ အလျှော့မပေးစိတ်ဓါတ်မကျခဲ့၊ ဆိုင်မန်နေဂျာအမျိုး သ္မီးထံချဉ်းကပ်ပြီး သူဋ္ဌေးကိုကူညီ ပြောပေးပါရန် အသနားခံခဲ့တယ်။

မန်နေဂျာကလဲ မဖြစ် နိုင်ကြောင်း နှစ်သိမ့်စကားသာ ပြောတယ်။ရင်းနှီးနေလို့ မန်နေဂျာကိုတော့ အခွင့်သင့်တိုင်း အကူအညီတောင်း ဖြစ်တယ်။

ဘာမှတော့ အကြောင်းမထူးခဲ့။တနေ့တော့ မန်နေဂျာကိုပြောမိတယ် —

“ ဒီဗုဒ္ဓရုပ်ပုံတော်က ငါတို့ဗုဒ္ဓဘာသာတွေအတွက် အထွတ်အမြတ် ကိုးကွယ်တဲ့ဗုဒ္ဓ၊ နင်တို့ကိုးကွယ်တဲ့ ဘုရားကို အခုလိုမရိုမသေ မဖွယ်မရာတွေ ပြုလုပ်နေတာကို တွေ့ရင် နင်တို့ ကြိုက်ပါ့မလား။ ငါတို့ဗုဒ္ဓကို ဒီလိုပြုလုပ် နေတာကိုမြင်ရတော့ ငါသိပ်စိတ်ဆင်းရဲရတယ်။”လို့မအောင့်ဘဲခံစားမိတဲ့ အတိုင်းပြော ချလိုက်မိတယ်။

သူတို့အားလုံးက ဗုဒ္ဓဘာသာ မဟုတ်ကြဘူးလေ။ ရန်မျိုးအောင် စကားကြောင့် မန်နေဂျာ ငိုင်ပြီး တွေဝေသွားတယ်။ သူပြောတာ အမှန်တရားပဲလို့ ယူဆသွားပုံရတယ်။ အသိတရားရှိသူတိုင်း အမှန်တရားကို လက္ခံကြမည်သာ…။ ပြောချင်တာတွေ ပြောလိုက်ရလို့ ရန်မျိုးအောင်ရင်ထဲမှာ အနည်းငယ်ပေါ့သွားတယ်။ သူဋ္ဌေးကိုလဲပြောပြ လိမ့်မယ်လို့ မျှော်လင့်မိရင်း ကျေနပ်နေမိတယ်။

ရန်မျိုးအောင်မှာ သူဋ္ဌေးက မခန့်ပါပဲ အလုပ်တစ်ခုတိုးခဲ့ပြီ်၊ အလုပ်ကိုစောစောလာပြီး ညကမြူတူးပျော်ပါး သောက်စားကြရင်း ဗုဒ္ဓရုပ်ပွားတော်ကြီးပေါ်မှာ တင်ထားခဲ့တဲ့ အရက်ခွက်တွေ၊ ပေကျန်နေတဲ့အရက်စက်တွေ၊ ဘုရားဝန်းကျင်မှာ စွန့်ပစ်သွားကြတဲ့ အရက်ခွက်တွေကို သုတ်သင်ရှင်းလင်းတယ်။ ပြီးရင် သရဏဂုံသုံးပါးနဲ ဘုရားဂုဏ်တော်ကိုးပါးကို အခေါက်ခေါက်အခါခါရွတ်ဆိုပြီး ပူဇော်ကန်တော့တယ်၊ ဘုရားကြီးကိုပင့်နိုင်ရပါလို ၏လို့လည်း အကြိမ်ကြိမ်ဆုတောင်းမိတယ်။

ဒါသည်ပင် သူ့ရဲ့နေ့စဉ်အလုပ်၊ နေ့စဉ်ကုသိုလ် တစ်ခုဖြစ်ခဲ့လေပြီ…။

ဒီလိုနဲ့ ရက်တွေ လတွေပြောင်းခဲ့ပေမဲ့ ရန်မျိုးအောင်မျှော်လင့်ချက်ကတော့ ဘာမှအကောင် အထည် ပေါ်မလာသေး။

“ဆန္ဒဝတော ကိံနာမကိစ္စံ န သိဇ္ဈတိ” (ပြင်းထန်သောဆန္ဒရှိသူသည် ဘယ်ကိစ္စမဆို မပြီးသည် မည်သည်မရှိ)ဆိုသည့်အတိုင်း ဘုရားပင့်လိုတဲ့ဆန္ဒက ပိုလို့ပိုလို့ပင် တိုးလာမိတယ်။

ဒုတိယအကြိမ် သူဋ္ဌေးရုံးခန်း ထဲသို့ ဝင်ခဲ့ မိပြန်တယ်။

“သူဋ္ဌေးကို ဒေါ်လာ ခြောက်ထောင်လဲပေး ပါ့မယ်၊ ခြောက်လလဲ လုပ်အားခမယူပဲ အလုပ်လုပ်ပေးပါ့မယ်၊ ကျေးဇူးပြုပြီး ဗုဒ္ဓပုံတော်ကြီး ကျွန်တော့်ကို ရောင်းပေးပါ”၊ ရန်မျိုးအောင်က ဒီတခါတော့ ပုံစံတစ်မျိုးပြင်ပြီးတောင်း ဆိုလိုက်တယ်။

သူဋ္ဌေးရဲ့မျက်နှာဟာ ပထမအခါလို မဟုတ်တော့ လို့ ရန်မျိုးအောင် အားတက်မိတယ်။မန်နေဂျာကလဲ ပြောထားလိမ့်မယ်လို့ထင်မြင်မိတယ်။

“မင်း ဒီလောက်တောင်လိုချင်နေရင် ဒီနေရာမှာ အစားထား ဖို့ နဂါးကြီးတစ်ကောင် ရှာပေးပါ”။

ရန်မျိုးအောင် သိပ်ပျော်သွားတယ်၊

“ဟုတ်ကဲ့၊ ကျွန်တော် ရှာပေးပါ့မယ်”လို့ ဝမ်းမြောက်ဝမ်းသာ ကတိပေး လိုက်တယ်။

အလုပ်အားရက်တိုင်း ရန်မျိုးအောင် နဂါးရှာပုံတော်ဖွင့်လေပြီ။ သူငယ်ချင်း ကိုမိုးဝင်းတို့ဇနီးမောင်နှံကလည်း ကူညီရှာပေးတယ်။ လော့စ်အိမ်ဂျလိစ်မှာရှိတဲ့ဆိုင်ပေါင်းစုံကို အနှံ့ရောက်ခဲ့ပြီ။ အသိမိတ်ဆွေများကိုလည်း ဖုံးဆက်စုံစမ်းတယ်။ စာရေးသူထံ ကိုလည်းဖုံးဆက်ခဲ့တယ်

“ဆရာတော် နဂါးရုပ်ကြီးကြီး ဘယ်မှာရနိုင်မလဲဘုရား။”

“တရုပ်ဆိုင်တွေမှာ ရှိမှာပေါ့ကွာ”လို့ လွယ်လွယ်ပဲ ဖြေလိုက်တယ်။

အကျိုးအကြောင်းလည်း မမေးလိုက်မိပါ။ နဂါးရှာရင်း ငွေခြောက်ထောင် အတွက်လည်း ရှာရသေး၊ တကယ်တော့သူ့မှာမရှိ၊ သိမ်းထားတာလေးတွေ တွက်ချက်ကြည့်လိုက်တော့ သုံးထောင်သာရှိပြီး သုံးထောင်လိုသေးတယ်။ ဘုရားပင့်ဖို့ သယ်ယူစရိတ်ကလည်း တစ်ထောင်လောက်ကုန်လိမ့်မယ်။ လေးထောင်ပင်လိုသေး၊ ဘယ်လိုလုပ်ရပါ့။ ခေါင်းကုတ်လို့ကြံသော်လည်း အကြံကမထွက်။ ချေးးဖို့ငှါးဖို့ဆိုတာလဲ မလွယ်ကူလှ။ ရှိတဲ့ပစ္စည်း ကြည့်ပြန်တော့လဲ ဆွဲကြိုးတစ်ကုံးနဲ့ မော်တော်ကားသာရှိရဲ့။

ကားကလဲ အလုပ်သွားဖို့အတွက် မရှိမဖြစ်ပြန်။ ကြံရာမရနိုင်ခဲ့၊ မိမိငှါးရမ်းနေတဲ့ ၁၀-ပေ ၁၅-ပေ အခန်းလေးထဲမှာ ငွေလေးများ တွေ့လိုတွေ့ငြား လှန်လှောမွှေနှောက် ရှာမိပြန်တယ်။ ဗလာနတ္ထိ ဘာတစ်ခုမှ မရှိပါပေ။

ရန်မျိုးအောင် ဇွဲမလျှော့ ဆန္ဒမပျက်၊ ဘုရားအတွက်ဘဝကိုပင် ပေးဆပ်ချင်ပေးဆပ်ရပါစေ၊ငါဖြစ်အောင်လုပ်မယ်လို့ဆုံးဖြတ်ထားပြီး ဖြစ်ရာ ကားကိုရောင်းမယ်၊ အိမ်နဲ့အလုပ်က လေးမိုင်ပဲဝေးတာ၊ လမ်းလျှောက်သွားမယ်။ ဘုရားအတွက်ပဲ ဒီလောက်တော့ ဒုက္ခခံရမှာပေါ့။

ရန်မျိုးအောင် ကိုယ့်ဆုံးဖြတ်ချက်ကိုယ် သိပ်ကျေနပ်မိတယ်၊ ပီတိဖြစ် မိတယ်။ ခက်ခက်ခဲခဲ အိပ်သွန်ဖာမှောက် ဒါနမြောက်အောင် လှူဒါန်းတဲ့ စေတနာဟာ အလွန်အကျိုးကြီးတယ်လို့ မြန်မာပြည်မှာကထဲက ကြားခဲ့ဖူး နာခဲ့ဖူးတယ်။ ဒါပေမဲ့ အကျိုးကိုသူမမျှော်၊ ကာမမှောင်အတွင်းက ဘုရားရုပ်ပွားတော်ကြီး ပင့်ထုတ်နိုင်ဖို့သာ အဓိကမျှော်မှန်းချက်။ အလုပ်အားရက်မှာ နဂါးရှာထွက်ရင်း ကားအဟောင်းရောင်းဝယ်တဲ့ ဆိုင်တွေကို သူ့ကားဈေးနှုန်း စုံစမ်းတယ်။

ရွှေဆိုင်မှာ သူ့အမေပေးထားတဲ့ အမြတ်တနိုးဆွဲကြိုးကိုလဲ ဈေးစုံစမ်းလိုက်တယ်၊ နှစ်ခုပေါင်းလိုက်တော့လေးထောင်ကျော်လောက်ရမယ်လေ။ ဟုတ်ပြီ၊ ရန်မျိုးအောင်သိပ်ပျော်သွားပြီ၊ ဘာမှပူစရာမလိုတော့။ ဟန်ကျလိုက်ပုံက နဂါးကိုလဲ တွေ့လိုက်ပြန်သေး၊ ၇-ပေခန့်ရှိတဲ့နဂါးကြီး တောင်ပံကြီးနဲ့ လှမှလှ၊ သူဋ္ဌေးတော့ သိပ်သဘောကျလိမ့်မည်။

ရန်မျိုးအောင်ပျော်မဆုံးတော့၊ သူငယ်ချင်းကို မိုးဝင်းကို ပုခုံးကိုလက်သီးနဲ့ထိုးပြီး “အောင်ပြီကွ”လို့ ကြွေးကြော်မိတယ်။

နောက်ရက် အလုပ်ဆင်းတော့ ၀တ္တရားမပျက် ဘုရားကြီးကို သန့်ရှင်းပူဇော်ပြီး ဘုရားရဲ့ လက်တော်ကို လက်နှစ်ဖက်နဲ့ တင်းကျပ်စွာကိုင်ကာ

“အရှင်ဘုရားကို ပင့်နိုင်တော့မည်ဘုရား”လို့ အားပါးတရလျှောက် ထားလိုက်မိတယ်။

သူဋ္ဌေးလာတော့ သူဋ္ဌေးရုံးခန်းထဲကို အောင်လံကိုင်သွားသူလို ရွှင်လန်းတက်ကြွစွာ ဝင်ခဲ့ပြန်တယ်။ တတိယအကြိမ် ဝင်ခဲ့ခြင်းပေါ့။

“ ရန်- မင်းနဂါးတွေ့ပြီလား။”

“ဟုတ်ကဲ့၊ တွေ့ခဲ့ပြီ၊နဂါးကြီးက သိပ်လှတာပဲဗျာ။”

“မင်း နဂါးက ဘယ်နှစ်ပေလောက်ရှိလဲ။”

“၇-ပေရှိပါတယ် ခင်ဗျာ။”

“ငယ္တယ္ကြာ၊ ငါက ၁၀ ပေအထက္နဂါးပဲ လိုခ်င္တယ်”။

ရန်မျိုးအောင် ရဲ့အောင်လံကို အချိုးခံလိုက်ရပြီ။ ခေါင်းငိုက်ဆိုက်ဖြင့် ထွက်ခဲ့ရပြန်ပြီ။ ခဲလေသမျှ သဲရေကျပြီထင့်…။

ရန်မျိုးအောင်ဟာ ဆူရှီဘားမှာထိုင်ကာ ငိုင်နေမိတယ်၊ ဘာလုပ်ရမလဲလို့ စဉ်းစားနေမိတယ်။ ဆိုင်ပေါင်းစုံရောက် ခဲ့ပြီးဖြစ်လို့ ၁၀-ပေလောက်ကြီးတဲ့နဂါး မရှိဘူးဆိုတာလဲ သူသိထားပြီးဖြစ်သား။

ဇာတ်လမ်းကတော့ပြီးလေပြီ.. ။ဒါပေမဲ့ ရန်မျိုးအောင် အရှုံးမပေးချင် ဆက်လက်ကြိုးစားချင်တယ်။ လမ်းစလဲမမြင်။ အဖန်ဖန်အထပ်ထပ် ရှာကြံ စဉ်းစားဆင်ချင်မိပြန်တယ်။ ခေါင်းထဲမှာ ဉာဏ်အလင်းရောင် ပေါ်လာတယ် —

“ဟုတ်ပြီ– ဘုရားမှ တစ်ပါး အားကိုးရာ မရှိဘူး၊ ဘုရားဂုဏ်တော်တွေကို ရွတ်ပွားပြီး သစ္စာဆိုမယ်”လို့ မျက်စိလယ် လမ်းပျောက်နေသူ လမ်းမှန်တွေ့သလို အရမ်းအားတက်သွားတယ်၊ ဘုရားဂုဏ်တော်တွေ ရွတ်ဆိုရင်း ဆူရှီလိပ်လေတော့တယ်။

နိုက်ကလပ်မှမြတ်ဗုဒ္ဓ(၂)

ရန်မျိုးအောင်တစ်ယောက် ဂုဏ်တော်ပေါက်လေမလား၊ လူပေါက်နေသူလို့ ထင်ကြလေမလား မသိ၊ တချိန်လုံး ဂုဏ်တော်တွေကိုသာ ရွတ်နေတော့တယ်။ အလုပ်သွားအလုပ်ပြန် ကားမောင်းရင်းလဲ ဂုဏ်တော်ရွတ်၊ ဈေးသွား ဈေးဝယ်ပြန်ရင်လဲ ဂုဏ်တော်ရွတ်၊ ချက်ရင်းပြုတ်ရင်း အိမ်မှာနေရင်းလဲ ဂုဏ်တော်ရွတ၊် တစ်ခါတစ်ရံ အာခေါင်တွေခြောက်ပြီး လျှာပင်ပူလာတဲ့ အထိဖြစ်ခဲ့ရတယ်။

ဒီအထဲ အလုပ်ကလဲ ပူလာပေပြီ၊ သူ့ဆူရှီဘားတွင် အလုပ်သ္မားသုံးယောက်လုပ်နေရာမှ အခြားနှစ်ယောက်ကို စီးပွားရေးမကောင်းဟု ဆိုကာ ရှေ့ဆင့်နောက်ဆင့် ဖြုတ်ပစ်လိုက်ရာ၊ သုံးယောက်တာဝန်ကို တစ်ယောက်တည်း လုပ်နေရတော့တယ်။

မပြီးသေးဘူးလား၊ ကြာလှချည့်လားလို့လဲ မကြာမကြာ အအော်ခံရ၊ အဆူခံရပြန်တယ်။ ရန်မျိုးအောင် စိတ်ညစ်လာပြီ၊ အလုပ်က နှစ်ဆလောက်ပိုပင်ပမ်း၊ ဟောက်လိုက် ဆူလိုက်တာကလဲ နေ့စဉ်လိုဖြစ်နေတော့ အလုပ်ထွက်တော့မယ်လို့ စိတ်ကူးမိတယ်၊ မဖြစ်သေးပါ၊ ဘုရားကြီးကိုထားခဲ့လို့ မဖြစ်သေးပါ၊ ဘုရားကြီးကို တစ်ပါတည်းပင့်နိုင်မှ ငါထွက်တော့မယ်လို့စိတ်ဒုန်းဒုန်းချကာ ပင်ပမ်းသမျှ၊ ဆူသမျှတွေကို သည်းခံပြီး ဂုဏ်တော်တွေကိုသာ အဖန်ဖန်ရွတ်ပွားနေတော့တယ်။

တရွေ့ရွေ့ဖြင့် အောက်တိုဘာလ နောက်ပိုင်းသို့ပင် ရောက်ခဲ့ပေပြီ။ ဘုရားကြီးဝန်းကျင်မှာ မြူးတူးပျော်ပါး ကနေကြဆဲ၊ ရန်မျိုးအောင်လည်း ဘာရန်မှ မအောင်နိုင်ရှာဂုဏ်တော်သာ ရွတ်နေဆဲပင်။ တနေ့တွင် သူဋ္ဌေးရဲ့ဖခင် အဖိုးကြီး ဆိုင်ကိုရောက်လာတယ်၊

ရန်မျိုးအောင် အလုပ်လုပ်နေရာမှထွက်လာပြီး အဖိုးကြီးကိုရိုရိုသေသေ ပြင်ဆင်ကျွေးမွေး ပြုစုတယ်။ အဖိုးကြီးကို မေတ္တာပို့တယ်၊ အဖိုးကြီး မပြန်မချင်း စူးစူးစိုက်စိုက်ပို့နေမိတယ်။ဂုဏ်တော်အစွမ်း မေတ္တာပန်းတို့က အချည်းအနှီးမဖြစ်ပါပေ။

ဗုဒ္ဓဘာသာဝင်တို့ရဲ့အားအကောင်းဆုံး လက်နက်များပင်မဟုတ်ပါလား။ လက်နက် ကောင်း တွေရှိပါလျှက် မသုံးတတ်လျှင် အောင်ပွဲဆင်နိုင်မည် မဟုတ်ပေ။ ရန်မျိုးအောင်ကတော့ သူပိုင်လက်နှက်များဖြင့် ဒလပ်စပ်ပစ်ခတ်နေပေပြီ။

နောက်တစ်ပတ်လောက်မှာ ရန်မျိုးအောင်ရဲ့ မွေးနေ့ရောက်လာတယ်၊ နိုဝင်္ဘာလ ၂ ရက်နေ့ပေါ့၊ ဆိုင်ကိုစောစောလာပြီး ပြုလုပ်နေကြဖြစ်တဲ့ ဘုရားဆင်းတုတော်ကြီးကို သန့်ရှင်းရေးလုပ်တယ်။ ပါလာတဲ့ ပန်းစည်းကို မွေးနေ့ကုသိုလ်အဖြစ် ဘုရားရဲ့လက်တော်ထဲကပ်လှူပြီး ဝတ်ပြု ဂုဏ်တော်ပွား ဆုတောင်းပါတယ်၊ ဆုတောင်းရပေမယ့် အားသိပ်မရှိလှပါဘူး၊ သူ့ခံစားချက် အတိုင်း ဘုရားကြီးကို သနားစိတ်တွေဖြစ်နေမိတယ်။

ဒါပေမဲ့ ဆင်းတုတော်ကြီးရဲ့မျက်နှာတော်မှာ ခါတိုင်းနေ့ထက် ကြည်လင်တောက်ပနေတယ်လို့ ရန်မျိုးအောင် ထင်နေမိတယ်.. ။ ဘုရားဝတ်ပြုပြီးအလုပ်လုပ်နေစဉ် သူဋ္ဌေးခေါ်တယ်ဆိုလို့ရန်မျိုးအောင် လန့်သွားတယ်။ ငါ့များအလုပ်ဖြုတ်တော့ မှာလားဆိုတဲ့အတွေးက ပဌမဆုံးဝင်လာခဲ့တယ်၊ ဖြစ်နိုင်တယ်၊ သူတို့ဆိုင်မှာ စီ်းပွားရေးအရ အဓိကထားတဲ့ဘုရားရုပ် ပွားတော်ကြီးကို ရန်မျိုးအောင် ထုတ်ယူဖို့ကြိုးစားခဲ့ပြီ။ ဘာသာရေးပြဿနာများ ဖြစ်ပေါ်လာအောင် ဖန်တီးသူလို့လဲ ထင်မြင်နိုင်တယ်။

ဓါတ်ပုံရိုက်ခွင့်မရှိတဲ့ နိုက်ကလပ်အချိန်မှာလဲ ရန်မျိုးအောင် ဓါတ်ပုံတွေခိုးရိုက်ခဲ့ပြီ။ သူရည်ရွယ်တာက ဘုရားကြီးကို ငါပင့်လို့မရနိုင်ခဲ့ရင် ဓါတ်ပုံတွေပြပြီး အကူအညီတောင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရိုက်နေတာပါ။ ဒါကို အစောင့်တွေမြင်ပြီးသူဋ္ဌေးအား တိုင်ကောင်းတိုင်ပေလိမ့်မယ်။ သူတို့အမြင်တော့ ရန်မျိုးအောင်ဟာ အပြစ်ရှိသူ တစ်ယောက်ပါ။ ဒီဆိုင်မှာ မရှိသင့်သူတစ်ယောက်ပါ။ ဒါကို ရန်မျိုးအောင်အသိ၊ သိလို့လည်း မာဖီးယားလိုအင်အားကြီးတဲ့ သူတွေမို့ ငါ့ကိုရန်ပြုလေမလားဆိုပြီး သတိကြီးစွာနဲ့နေခဲ့ရတယ်။ တစ်ချိန်ချိန်မှာ အလုပ်ဖြုတ်ပစ်နိုင်တယ်လို့ မျှော်လင့်ထားပြီးသား.. ။ ဒီမျှော်လင့်ချက်နဲ့သူဋ္ဌေးရုံးခန်းထဲဝင်ခဲ့ရပြန်တယ်။

ဒါစတုတ္ထအကြိမ်ပါ၊ ဒီတစ်ခါတော့ သူတောင်းဆိုဖို့ ဝင်လာခြင်းမဟုတ်၊ အမိန့်နာခံဖို့ ဝင်လာခြင်းပါ၊ နောက်ဆုံးစီရင်ချက်များဖြစ်လေမလား။ ရင်တထိတ်ထိတ်နဲ့ပေါ့။ သူဋ္ဌေးက ချိုသာသော မျက်နှာနဲ့— “ရန်-လာ၊ ထိုင်” လို့ ကြိုဆိုနှုတ်ဆက်တော့ ရန်မျိုးအောင် အနည်းငယ် စိတ်သက်သာသွားတယ်။

သူဋ္ဌေးက သူ့ကို ပြုံးရွှင်စွာကြည့်ပြီး —

“ရန်- မင်းလိုချင်တဲ့ ဗုဒ္ဓကြီးကို မင်း ယူလို့ရပြီ။”

“ဟာ-တကယ်လား”ရန်မျိုးအောင် အရမ်းဝမ်းသာသွား ကာ၊ ထခုန်ချင်လောက်အောင်ပင်ဖြစ် ခဲ့ရတယ်။

သူဋ္ဌေး အားလက်အုပ်ချီကာ “ကျေးဇူးတင်လိုက်တာဗျာ”လို့ လှိုက်လှိုက်လှဲလှဲ ဆိုမိတယ်။

သူဋ္ဌေးကဆက်ပြောတယ် —

“ဒီကောင်လေးဆိုရင် ပေးလိုက်ပါလို့ ငါ့အဖေက ပေးခိုင်းတာကြောင့် ပေးတာပါ။” လို့ သူ့ဖခင်ရဲ့ သဘောထားကိုပါရှင်းပြတော့။

“အော်- ဟုတ် လား၊ အန်ကယ်ကိုလဲ ကျေးဇူးတင်ကြောင်းပြောပေးပါဗျာ။ အရမ်းကို ကျေးဇူးတင်ပါတယ်။”

ရန်မျိုးအောင်သိလိုက်ပါပြီ၊ ဂုဏ်တော်များနဲ့ ထုံမွှန်းထားတဲ့ မေတ္တာစွမ်းဟာ အဖိုးကြီးရှဲှ့လုံးသားကိုထိမှန်ခဲ့ပေပြီ။ ဘုရားဂုဏ်တော်တို့ရဲ့ အစွမ်းအာနိသင်ကိုလဲ လေးလေးနက်နက် ယုံကြည်မဆုံးတော့..။

သဗ္ဗညုတ ဘုရားရှင်သည် သုံးလောကတွင် အအောင်မြင်ဆုံး အမြတ်ဆုံး။ ဗုဒ္ဓ၏ဂုဏ်တော်များ ထုံမွှန်းထားသူမှာလည်း ကိုယ့်ပမာဏအလိုက် အောင်မြင်ရမည်မှာမုချ..။ရန်မျိုးအောင်ဟာ မိမိဘဝတိုးတက်ရေးအတွက် ထိုအားကိုးရာ လက်နှက်ကောင်းတစ်ခုကို ယုံကြည်ချက် အပြည့်ဖြင့် လက္ခံ ရရှိလိုက်ပေပြီ။ ဝမ်းသာလွန်း၍ သူငယ်ချင်း ကိုမိုးဝင်းကိုလဲ အကြောင်းစုံ ဖုန်းဆက်ကာ ရည်မှန်းထားသည့်အတိုင်း ကားနှင့် ဆွဲကြိုးကို အတူသွားရောင်းရန် ရက်ချိန်းလိုက်တော့တယ်။ ရန်မျိုးအောင်ဟာ အလုပ်သွားအလုပ်ပြန် ခြေလျှင်သွားရမည့် ဒုက္ခကို သူမမြင်၊ ဘုရားကြီး ပင့်နိုင်ရေးကသာ အဓိက မျှော်မှန်းချက်။ ကိုမိုးဝင်းကမူ ရန်မျိုးအောင်ရဲ့ဒုက္ခကိုမြင်ကာ သနားကရုဏာဖြစ်နေတယ်။

ရန်မျိုးအောင်ရဲ့ စေတနာ သဒ္ဓါတွေကိုလည်း လေးစားနေမိတယ်။ ချိန်းတဲ့ရက်မှာကိုမိုးဝင်းအိမ်မှာ ဆုံကြတယ်။ ရန်မျိုးအောင်က ဖြစ်ခဲ့တာတွေ၊ ကားရောင်းမဲ့ အစီအစဉ်တွေကို အားရဝမ်းသာနဲ့ ပြောပြတယ်။ ကိုမိုးဝင်းက မှတ်ချက်ပေးတယ်“ရန်မျိုးအောင်-မင်းမှာလည်း ဘာမှမကျန်တော့ဘူး၊ လူပဲကျန်တော့တာပါလား”။

ရန်မျိုးအောင် အားရပါးရရယ်လိုက်တယ်၊ ဒီစကားကို သိပ်သဘောကျသွားပုံရကာ“ဟုတ်တယ် ကိုမိုးဝင်း၊ လူပဲကျန်တော့တယ်၊ လူလဲ ဘုရားကျွန်ဖြစ်ချင် ဖြစ်ပါစေ၊ ကျွန်တော်တို့က တစ်သံသရာလုံး သားကျွန် မယားကျွန်ဖြစ်ခဲ့ရတာဗျ၊ ဘုရားကျွန်ဖြစ်ခွင့် ရခဲပါတယ်ဗျာ။”

အရွယ်နဲ့မလိုက်တဲ့ ရန်မျိုးအောင်စကားကြောင့် ကိုမိုးဝင်းအံ့သြသွားကာ—“ကောင်းပါတယ်ကွာ၊မင့်စိတ်ဓါတ်ကကို ချီးကျူးပါတယ်၊ လေးစားပါတယ်။ မင်းကို သနားလဲ သနားမိပါတယ်။ ဒို့လင်မယား မင့်ကို ကူညီဖို့ တိုင်ပင်ထားတယ်။ ကားလဲ သွားမရောင်းပါနဲ့၊ မင်းလိုတဲ့ငွေကို ငါတို့ချေး ပေးပါ့မယ်။

”ဟာ- တကယ်။ ဝမ်းသာလိုက်တာဗျာ”ဟု ပြောပြောဆိုဆိုကိုမိုးဝင်းကိုဖက်ကာ ဝှေ့ရမ်းလိုက်မိတယ်။ ဇနီးဖြစ်သူမဘေဘီက အသင့်ပြင်ထားတဲ့ ဒေါ်လာလေးထောင်ကိုထုတ်ပေးတဲ့အခါမှာတော့—

“အဆင်ပြေချင်တော့လဲ ချောလို့ပါလား”လို့ ရန်မျိုးအောင်ပီတိဖြစ်မဆုံးတော့။ငွေထုပ်ပိုက်ပြီး သူဋ္ဌေးရုံခမ်းထဲကို ရောက်ခဲ့ပြီ၊“ငွေခြောက်ထောင်ပေးပါ့မယ်၊ ခြောက်လလည်း အခမဲ့အလုပ်လုပ်ပေးပါမယ်” ဆိုတဲ့ ကတိစကားအရ သူဋ္ဌေးအား ခြောက်ထောင်ပေးချေလိုက်တယ်။

“မင်းမိုလို့ ဒီဗုဒ္ဓကြီးကို ရောင်းပေးတာပါ၊ အရင်ကလဲ ခဏခဏလာဝယ်ကြတယ်၊ ဒို့မရောင်းခဲ့ပါဘူး။ ဒီဗုဒ္ဓကို တရုပ်ပြည်ကမှာယူထားတာ၊ ဒေါ်လာ နှစ်သောင်းခွဲကျတယ်။ မင်းပေး တာက အစွန်းထွက် လောက်ပဲရှိပါတယ်။”

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျာ၊ အခုလို ရောင်းပေးတဲ့အတွက် ခင်ဗျားတို့မှာလည်း ကောင်းကျိုးတွေဖြစ် မှာပါ။ ဖြစ်ပါစေလို့လည်း ကျွန်တော်ဆုတောင်းပါတယ်။”

အလုပ်ကိစ္စအတွက် ဆက်လက်ဆွေးနွေးကြတယ်။ခြောက်လ အခမဲ့လုပ်ပေးရန် မလို၊ လုပ်ခ တစ်ဝက်ပေးမည်၊ တနှစ်တိတိ လုပ်ပေးရမည်။ တစ်နာရီ ဆယ့်ငါးဒေါ်လာဖြင့်လုပ်နေရာမှ ကိုးဒေါ်လာဖြင့်လုပ်ရန် နှစ်ဦးသဘောတူလိုက် ကြတယ်။ ဘုရားကျွန်ဖြစ်လိုသော ရန်မျိုးအောင်.. ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ဘုရားအတွက်ဆို လုပ်မယ်လို့ဆုံးဖြတ် ပြီးသားဖြစ်လို့ဘာမျှအခက်အခဲမရှိ။ ရန်မျိုးအောင်က ကတိတစ်ခုတောင်းဆိုလိုက်တယ်။

“နောင်ကို ဒီနေရာမှာ ဗုဒ္ဓရုပ်ပုံတော်တွေဘယ်တော့မှ မထားပါနဲ့ခင်ဗျာ၊ဒီကတိလေးတစ်ခုတော့ ကျွန်တော့ကို ပေးပါဗျာ။”

သူဋ္ဌေးက ပြုံးပြုံးကြီးကြည့်ပြီး ကတိပေးတယ်။ ရန်မျိုးအောင်ရဲ့ သဘောထားကို သူဋ္ဌေးသိနေပြီးဖြစ်ပေလိမ့်မယ်..။

ရန်မျိုးအောင်ဟာ ယခု ဘုရားဆင်းတုတော် ကြီးကို နိုက်ကလပ်မှ ပင့်ယူကယ်တင်လိုက်နိုင်သလို နောက်နောင် ဘုရားဆင်းတုတော်များ အတွက်လည်း ကာကွယ် ပူဇော်နိုင်ခဲ့ပြီကော… ။ ဗုဒ္ဓဘာသာဝင်တိုင်း ရှိသင့်တဲ့ စိတ်ဓါတ်ပါပေ။

ရန်မျိုးအောင် ဘုရားကြီးအတွက် ပေးဆပ်လိုက်ရတဲ့ တန်ကြေးမှာ နည်းလှသည်မဟုတ်။ ငွေကြေး ပမာဏဘက်ကကြည့်ရင် လက်ငင်းခြောက်ထောင် ပေးဆပ်ရသည့်အပြင် တစ်နှစ်လုံးအတွက် လုပ်အားများ ပေးဆပ်ရသေး။

တစ်နှာရီ $ 15 နှုန်းဖြင့် တနှစ်မှာ$ 28,800 ရရှိရာမှ တစ်နှာရီ $ 9 နှုန်းဖြင့်ဆိုရင် တနှစ်မှာ $17,280 သာရရှိတော့မည်။

တနှစ်လုံးအတွက် ပေးဆပ်ရမည့် ငွေမှာ $ 11,520 ရှိပြီ၊ လက်ငင်းပေးရတဲ့ ငွေပါဆိုရင် $ 17,520 ပင်.. ။ ဒါ့အပြင် ဆူရီ Menu အသစ်ပြောင်းတိုင်းရမည့် $ 3,000 ကိုလည်း ထပ်ဆောင်းရပြန်သေး၊၊လူမှုရေးဘက်ကကြည့်ရင် တစ်နှစ်လုံး ခြေချုပ်မိရပြီ၊ ဒီထက်ဝင်ငွေကောင်းတဲ့ အလုပ်မျိုးပြောင်းရွှေ့ လုပ်ကိုင်ခွင့် မရနိုင်တော့ပေ။

ဒီထက်ဆိုးသည်မှာ မိဘများနှင့်တွေ့ခွင့်မရခြင်းပင်၊ ရန်မျိုးအောင် အမေရိကန်နိုင်ငံ ရောက်နေတာ (၁၅) နှစ်ရှိခဲ့ပြီ၊ ပြန်ခွင့်မရတဲ့အခြေအနေမို့ မိဘများထံ မပြန်နိုင်ခဲ့။

အတွယ်အတာလည်းမရှိတော့ မိဘများကို ပိုလွမ်းနေမိတယ်၊သိပ်တွေ့ချင်နေပြီ။ ပြန်ခွင့် ရရခြင်းပြန်မယ်လို့ မျှော်လင့်ချက်ကြီးလည်း ဘယ်တော့ပြည့်မည် မမှန်းသာခဲ့…။

ကံများကလဲ ဆန်းပါဘိ၊ဘုရားကြီးအတွက် သဲသဲမဲမဲ အားခဲကြိုးစားနေတဲ့ အောက်တိုဘာလ ကမှ ပြန်ခွင့်ရခဲ့တယ်။ အမေရိကန်ရောက်စကထဲက အားထုတ်ခဲ့ရတဲ့ အခွင့်အရေးကြီး ဂုဏ်တော်များ ပွားနေတဲ့အချိန်မှ ရခဲ့လို့ ဂုဏ်တော် အစွမ်းကို ပိုလို့ပိုလို့ ယုံကြည်ခဲ့ပြီ၊၊

မိဘနဲ့တွေ့လိုရေးထက် ဘုရားကြီးပင့်လိုရေးက ပိုအရေးကြီးနေချိန်မို့ ဘုရားကြီး ပင့်ပြီးမှ ပြန်တော့မယ်လို့ မိဘတွေ့လိုစိတ်ကို မျိုသိပ်ထားခဲ့ရပြန်တယ်။

ဘုရားကြီးပင့်ပြီးမှပြန်မယ်ပေါ့။ခုတော့ ဘုရားကြီးပင့် နိုင်ခဲ့ပါပြီ။ မိဘနဲ့တွေ့ဘို့အရေးကတော့ ဝေးခဲ့ပြန်ပြီ။ တနှစ်အတွင်း မိဘများနဲ့မတွေ့နိုင်လေပြီ။ဒီအတွက်ရန်မျိုးအောင်စိတ်မကောင်းပေမယ့်၊ဘုရားကြီးကြည်ညိုစိတ်နဲ့ ဖြေသိမ့်နေရပေတော့မယ်…။ နိုဝင်္ဘာလ (၆)ရက်နေ့က အဇူဇာ-ဗြဟ္မဝိဟာရ ကျောင်းသို့ ရန်မျိုးအောင် ဘုရားကြီးပင့်လာခဲ့တယ်။ ကိုမိုးဝင်းတို့မိသားစုနဲ့ အလုပ်သ္မားများလဲ ပါလာကြတယ်။ အရက်စက်တွေ ပေကြံနေတဲ့ ဘုရားကြီးကို ရေသပ္ပါယ်တယ်။

“ကမ္ဘာပေါ်မှာ အလုပ်ချင်ဆုံးအလုပ် ခုမှလုပ်ရတော့တယ်” လို့ပြောလိုက်သေးတယ်။ ဘုရားကြီး နေရာတကျ သီတင်းသုံးပြီးတော့ ရန်မျိုးအောင်က စာရေးသူကိုလျှောက်ထားတယ် “ဆရာတော် ဟိုတစ်ချိန်က တပည့်တော်ဟာ ဆေးသ္မားအဖြစ်နဲ့ ကျောင်းကိုရောက်လာခဲ့တယ်၊ခုတစ်ခါတော့ ဘုရားဒါယကာအဖြစ်နဲ့ ရောက်လာတာပါဘုရား” တဲ့။ သူအတိတ်ကို သတိရမိပြီး အတိတ်သမိုင်းကို ပြင်လိုက်ပေပြီ။

မှန်တယ် တစ်ချိန်က သူဟာဆေးစွဲခဲ့ဖူးသူ၊၊
ဆူရှီဆိုင်ရလို့ ကိုယ်တိုင်ဆိုင်ဖွင့်သူ၊၊အရွယ်က ငယ်ငယ်၊ ငွေကရွှင်ရွှင်၊ အပေါင်းအသင်းတွေကလဲ များပါဘိ၊အမေရိကန်မှာ လွတ်လပ်တယ်ဆိုပြီး လွတ်လပ်မှုတွေကို အလွဲသုံးစားလုပ်၊ နောက်ဆုံးတော့ ဆေးသ္မားဖြစ်ကာ ဆိုင်လည်းမရှိ၊ ငွေလည်း ဗလာနတ္ထိ၊ အားကိုးစရာလည်း မရှိဖြစ်ကာမှ စာရေးသူထံရောက်လာခဲ့တယ်။

သူ့ကိုစောင့်ရှောက်ပြီး ဆေးသ္မားဘဝက လွတ်မြောက်အောင် ကယ်တင်ခဲ့ရတယ်၊ လမ်းမှန်ရောက်အောင် တင်ပေးခဲ့ရတယ်။ မူလ ဓါတ်ခံစိတ်ရင်း ကောင်းသူမို့ ပြင်ရတာ သိပ်မခက်လှ၊၊

သူဟာ လူကောင်းပကတိဖြစ်ယုံမက မူးယစ်ဆေး၊ အရက်သေစာအားလုံးကို နာကျည်းစွာဖြင့်စွန့်ပယ်နိုင်ခဲ့တယ်။ ဒီဘဝမှာ ဒီအမှားမျိုး ဒီတစ်ခါပဲအဖြစ်ခံမယ်၊ နောင်ဘယ်တော့မှ မဖြစ်စေရဘူးလို့ ခိုင်မာစွာ ဆုံးဖြတ်ထားသူလည်း ဖြစ်နေပါပြီ။ ခုတော့ ဘုရားဒါယကာကြီး ကိုရန်မျိုးအောင် ဘုရားကြီးပင့်၍ ရောက်လာပေပြီ။

သူ့ကိုကြည့်ပြီး စာရေးသူ ပီတိတွေ တသိမ့်သိမ့်ဖြစ်ခဲ့ရပါပြီ။ ပိုးကင်းပြီး ဖူးပွင့်လာတဲ့ ပန်းပွင့်လေးကိုကြည့်ပြီး ပီတိဖြစ်နေတဲ့ ဥယျာဉ်မှူးလိုပင်၊၊ဘုရားကြီးကလည်း ဘုန်းတော်ကြီးပါပေတယ်၊ ကျောင်းတော်က အဆင်သင့်ပဲ၊ ဒေါ်လာခြောက်သောင်းကျော် ကေုန်အကျခံပြီးဆောက်လုပ်ထားတဲ့မဏ္ဍပ်ကြီးက အောက်တိုဘာလကမှ ဆောက်ပြီးခဲ့ပါတယ်။ ကြေးညိုရောင်သန်းပြီး ဉာဏ်တော် ၈-ပေရှိတဲ့ ထိုင်တော်မူ ရုပ်ပွားတော်ကြီးဟာ ၆၃ ပေ၊ ၃၆ ပေ ကျယ်ဝန်းတဲ့မဏ္ဍပ်ကြီးအတွင်းမှာ တင့်တယ် သပ္ပါယ်စွာ သီတင်းသုံးတော်မူနေပါပြီ။

မာရ်နတ်ရဲ့ အသင်း အပင်း ကာမမှောင်အတွင်းမှ လွှတ်မြောက်တော်မူ ခဲ့ပြီး ဗောဓိအောင်မြေမှာ စံတော်မူလေသကဲ့သို့ အေးငြိမ်း တိတ်ဆိတ် အဇူဇာကျောင်းတော်ရိပ်မှာ နိဗ္ဗာနဓါတ် ချမ်းသာမြတ်ကို ခံစားတော်မူလေပြီ။

ဘုရားဒါယကာ ကိုရန်မျိုးအောင်ရဲ့ စေတနာ သဒ္ဓါတရားများ၊အဓိပတိပစ္စည်း စွမ်းအားရှိသော ဆန္ဒ ဝီရိယများနဲ့ ဂုဏ်တော်စွမ်းအားများကိုလည်း ချီးမွှန်းလောက်ပါပေစွ၊၊ သာဓုခေါ်လောက်ပါပေစွ၊၊

ငွေမချမ်းသာသော်လည်း သဒ္ဓါစတဲ့ သူတော်ကောင်း တရားများ ချမ်းသာတဲ့ သူမို့ တာဝန်ရှိရှိ တာဝန်သိသိဖြင့် ဆောင်ရွက်နိုင်ခဲ့ပေပြီ။ ။

[စာရှည်လွန်းလို့ အဆုံးသတ်ပိုင်းလေး အနည်းငယ် ပြတ်ကျန်ခဲ့ပါသည်]

#crd-ပေးပါသည်

Add a Comment

Your email address will not be published. Required fields are marked *

2 × 4 =