ကမ္ဘာပေါ် က ဘယ်နိုင်ငံ မှာမှ မရှိတဲ့ အပြန်အလှန် ပရဟိတစနစ် နဲ့ မေတ္တာ နိုင်ငံတော် မြန်မာပြည်

ကမ္ဘာပေါ် က ဘယ်နိုင်ငံ မှာမှ မရှိတဲ့ အပြန်အလှန် ပရဟိတစနစ် နဲ့ မေတ္တာ နိုင်ငံတော် မြန်မာပြည်

မီးအိမ်ရှင် ဆရာဝန်ကြီး ပြောတဲ့ ပြည်ထောင်စု သမ္မတ မေတ္တာမြန်မာနိုင်ံတော်ကြီး

အခန်းထဲဝင်လိုက်ကတည်းက သည်ကလေးလေး ကို သတိထားမိသည်။ တစ်စုံတစ်ရာကို မျှော်လင့်နေသော မျက်ဝန်းများ။ ဆရာမလေးက သူ့အနားသွားထိုင်တော့ အသာလေး ဖင်ရွှေ့သွားရင်း ဆရာမလေးပေါင်ပေါ်မှာ မျက်နှာအပ်လို့။ သမီးကို ချီထားပါလား အမေရယ်။ သမီးမှာ အဖေ အမေ မရှိတော့ လို့ပါ။

သူ့မျက်ဝန်းက ပြောနေသော စကားများ။ နှုတ်ကတော့ စကားမပြောတတ်သေးတော့ ဘာသံမှ မထွက်။ ဆရာမလေးက ကလေးလေးကို ထွေးပိုက်ထားသော အခါ ငြိမ်လို့။ တုတ်တုတ်မျှ မလှုပ်။ သူလည်း တခြားကလေးတွေလို မိဘမေတ္တာလိုချင်ရှာပါလိမ့်မည်။ အခုတော့ ကံကြမ္မာက သည်ကလေးကို မိဘမဲ့ကလေး ဖြစ်စေ ခဲ့သည်။

သနားစရာ မျက်ဝန်းလေးများ။ ဟိုဘက်တစ်ခန်းမှာတော့ ကျွန်တော့်နား မှာ ကလေးတွေ ဝိုင်းလို့။ မျှော်လင့်ခြင်း မျက်ဝန်းများ၊ မုန့်ပေးတော့ လှမ်းယူရင်း အနားကပ်လာသည်။ မရဲတရဲ။ မကြာခင် သူတို့ ကျွန်တော့်ပေါင်ပေါ်မှာ ပျော်သွားကြသည်။ မေတ္တာ – မေတ္တာ ပေးပါ အဖေတို့ အမေတို့ရယ်။ သူတို့ရင်ထဲက ဒီလို ပြောနေကြလိမ့်မည် ထင် ပါသည်။

ဒီနေ့တော့ ဓနုတိုင်းရင်းသားတို့ရဲ့ မေတ္တာကုန်ကားကြီး ပုသိမ် ကို ဆိုက်လာခဲ့သည်။ ဘုန်းကြီးကျောင်း (၂၆)ကျောင်း၊ မိဘမဲ့ ကျောင်း(၃)ကျောင်း၊ ဘိုးဘွားရိပ်သာ၊ ဆေးရုံ၊ ကျူးကျော်တဲလေးများက လက်လုပ်လက်စား လူတန်းစားများထံ ပင်းတယ လက်ဆောင်တွေ ဝေကျသည်။ ပုသိမ်မြို့သူ မြို့သားများက ထပ်ဆောင်း လှူဒါန်းသော ဆန်၊ ကြာဇံ၊ ငရုပ်ဆီ၊ ပဲငံပြာရည်တွေပါ ထည့်လှူလိုက်ကြသေးသည်။

မိုးမြင် ကြယ်မြင် တဲကုပ်ကုပ်လေးတွေက အခြေခံ လူတန်းစားတွေ ဝမ်းသာကြ၊ သာဓုခေါ်ကြ။ ကုန်ကားကြီး အပြန်မှာ ပုသိမ်ပြန် လက်ဆောင်အဖြစ် ဆား (၇၆)အိတ်၊ ဆန် (၄၂)အိတ်၊ ကြာဇံ ပိဿာ (၁၂၀)၊ ငါးနီတူခြောက်တွေ၊ ပုစွန်ခြောက်တွေ၊ အလှူငွေ ငါးသိန်း ပြန်လည် ထည့်ပေးလိုက်ကြသေးသည်။ အပြန်အလှန် စီးဆင်း နေသော မေတ္တာ မြင်ကွင်းများ။

ကျွန်တော်ကတော့ မိဘမဲ့ကျောင်းများနှင့် လက်လုပ်လက်စားတွေကို လိုက်ဝေ ရန် တာဝန်ခွဲဝေယူသည်။ အဘယသီဝံဆရာတော်၊ ကိုဇော်ဇော်တို့ ဦးစီးသော ပရဟိတကားများက ဆယ်စီးတောင်။ နေရာအနှံ့ ဖြန့်လို့။ ထိုသို့ သွားရင်း YGW ကျောင်းမှာကျွန်တော် ဒီကလေးတွေကို တွေ့ခဲ့ရခြင်း ဖြစ်ပါသည်။ ကလေးတို့တွေလည်း မေတ္တာတွေ ရကြပါစေ။ အောက်ခြေလူတန်းစားတွေလည်း မေတ္တာတွေ ရကြပါစေ။

မာသာထရီဆာ ပြောဖူးသော စကားတစ်ခွန်းကို သတိရနေမိပါသည်။ လောက မှာ လူတိုင်းပေးနိုင်ပြီး လူတိုင်း ပေးဖို့ မေ့နေတတ်တာဟာ မေတ္တာတဲ့။ ပင်းတယနှင့် ပုသိမ် မေတ္တာစက်ဝန်းသည် မိဘမဲ့ကလေးတွေအထိ ဆင်းရဲသားတွေအထိ သာသနာ့ဝန်ထမ်း ရဟန်းတော်တွေအထိ ကျန်းမာရေးဝန်ထမ်းတွေအထိ ပျံ့နှံ့ ခဲ့ပါပြီ။

မေတ္တာစက်ဝန်း ကျယ်ပြန့်လာသည်နှင့်အမျှ ငြိမ်းချမ်းသာယာသော ဘဝတွေ ရကြပါ လိမ့်မည်။ မေတ္တာပေးရင်း မေတ္တာရသူများ ဖြစ်ကြပါစေ။ မေတ္တာနိုင်ငံ ထူထောင်ရင်း ငြိမ်းချမ်းခြင်းတရားတွေ နိုင်ငံသားတိုင်းရင်မှာ တသွင်သွင် စီးဆင်းနေကြပါစေ။ ပြည်ထောင်စု သမ္မတ မေတ္တာ မြန်မာနိုင်ငံတော်ကြီးမှာ ချစ်ခြင်းတရားသည်သာ နေရာတိုင်းကို ကြီးစိုး လွှမ်းမိုးနိုင်ပါစေသား။

Than Minn Htut

Add a Comment

Your email address will not be published. Required fields are marked *

2 + 5 =