ဆုံးဖြတ်ချက် အမှားတွေ နဲ့ ပေါ့ဆမှုကြောင့် ကိုဗစ်စာမေးပွဲ မှာ ကျရှုံး ခဲ့ရတဲ့ အမေရိကန် နှင့် အောင်မှတ် ရသွား တဲ့ မြန်မာပြည်

ဆုံးဖြတ်ချက် အမှားတွေ နဲ့ ပေါ့ဆမှုကြောင့် ကိုဗစ်စာမေးပွဲ မှာ ကျရှုံး ခဲ့ရတဲ့ အမေရိကန် နှင့် အောင်မှတ် ရသွား တဲ့ မြန်မာပြည်

ဒီ နေ့ေ တာ့ မနက် စောစော မှာ သတင်းကောင်း တခု ကြား ရပြီး ညနေစောင်း ကျတော့ သတင်းဆိုး တခု ကြားရတယ် ။ သတင်းကောင်း က အင်မတန် မှ ခင်မင်ရတဲ့ မိတ်ဆွေ တယောက် Covid-19 ဝေဒနာကနေ ပြန် လည် သက်သာ သွားပြီ ဆိုတဲ့ ဖုန်း ကို လက်ခံ ရ ရှိ တာ ပါပဲ။

“ကျွန်တော် သက်သာ သွားပြီဗျ” လို့ ပြောပြနေ တဲ့ သူ့ဝမ်းသာသံ ကို ဒီဘက်က နားထောင်မိသူ မှာလည်း လှိုက်လှိုက်လှဲလှဲကို ခံစားမိတာပါပဲ။ သတင်းဆိုးကတော့ ဟိုအရင် ကျွန်တော်နေ ခဲ့တဲ့ မြို့ကလေး မှာ သိကျွမ်းခဲ့ရသူ မိတ်ဆွေ တယောက်တော့ Covid-19 ကြောင့်ပဲ ဒီနေ့ အသက် ဆုံး သွား တဲ့ သတင်းပါ တွေ့လိုက်တိုင်း အမြဲတမ်း ပြုံးနေတဲ့ မျက်နှာနဲ့ ခင်စရာကောင်း တဲ့ အဲဒီ မိတ်ဆွေ ရဲ့ ပုံရိပ်ကို မျက်စိထဲ မြင်ယောင် နေ မိ တယ် ။

ယူအက်စ် မှာ ကတော့ ကျွန်တော် တို့က ကိုဗစ်ရန်မှ ကာကွယ် နေထိုင်ခြင်း လုံးဝ မဟုတ်တော့ဘဲ ကိုဗစ်နဲ့အတူ နေထိုင်ခြင်း ဖြစ်သွားပါပြီ။ စိတ်ဆင်းရဲရမှာ စိုးလို့ ကိုဗစ်သတင်းတွေကို အတတ်နိုင်ဆုံး မဖတ်ဘဲ မရေးဘဲ နေကြည့်လည်း ဗိုင်းရပ်စ် ကတော့ ကိုယ့် အနီးအနား မှာ ရှိနေ တာပဲ မဟုတ်လား ။

တနိုင်ငံလုံး လူငါးထောင် လောက် ကူးစက်ခဲ့ချိန်မှာ အကုန် ပိတ်ချပစ် ခဲ့တဲ့ လုပ်ငန်းတွေ က အခုလို လူပေါင်း ၁၇ သိန်းကျော် ကူးစက်ခံထားရပြီး လူ တသိန်းကျော် သေဆုံးသွားရချိန်မှာတော့ နိုင်ငံ့ ဝမ်းပူဆာလို့ မနေသာစွာ တခုပြီး တခု ပြန်ဖွင့်ခဲ့ရပါပြီ။ ဒီတော့ ဒီအဝန်းအဝိုင်းထဲမှာပဲ နေထိုင် ရတဲ့ ကျွန်တော်တို့ကလည်း ကိုဗစ်နဲ့ အတူ နေထိုင်နေရတာပဲပေါ့။ ကိုယ့် တာ ကိုယ် လုံအောင် အတတ်နို င်ဆုံး ထိန်းပြီး နေထိုင်ရင်းနဲ့ပဲ ကံမကောင်းလို့ ထိသွားရင် ရင်ဆိုင်ဖို့ ပြင်ဆင်ထားရုံသာ ရှိပါတယ်။

ဒီဗိုင်းရပ်စ်နဲ့ ပတ်သက်ရင် “အဲဒါက နိုင်ငံရေး ကစားကွက်တွေပါ” လို့ ပြောခဲ့ကြသူ နယ်ခံ မိတ်ဆွေ တချို့ပါ အခုတော့ “ကိုဗစ်ထိရင် မလွယ်ဘူးဟေ့” လို့ လေသံ ပြောင်းစပြုလာပါပြီ။ လူအများပူပန် သောက ရောက်နေရချိန်မှာ “ကျန်းမာရေး အတွက်ပါ” လို့ ပြောပြီး ဂေါက်ရိုက်ထွက်နေတဲ့ သမ္မတကိုလည်း “ဒီလူ ကတော့ကွာ…” လို့ သူတို့ဆီက ညည်းတွားသံ တချို့ ထွက်စ ပြုလာပါပြီ။

ရွှေပြည်ကြီှးာတော့ All negative ဆိုတဲ့ ထုတ်ပြန်ချက်တွေ ခပ်များများ တွေ့လာရတာ စိတ်ချမ်းသာဖို့ ကောင်းလိုက်တာ။ နည်းနည်းပဲ စစ်နိုင်လို့ နည်းနည်းပဲ တွေ့တာ မဟုတ်တော့ဘူး။ နည်းနည်းပဲ ရှိလို့ကို နည်းနည်းပဲ တွေ့တာလို့ ပြောနိုင်တဲ့ အနေအထားမှာ ရှိတယ်။ ဒီ့ပြင် နိုင်ငံကြီးတွေနဲ့ စာရင် ကူးစက်တာရော ဖိတ်စင်တာမှာပါ နည်းပါးတာဟာ ဝမ်းသာစရာပဲ။

ဒီဗိုင်းရပ်စ် ကူးစက်ပုံက တကယ် တမ်းသာ လူအများအပြားကို ကူးစက်နေရိုး မှန်ရင် ဘယ်လိုမှကို ဖုံးဖိထားလို့ ရနိုင်စရာ အကြောင်း မရှိတဲ့ အတွက် လက်ရှိ အနေအထားဟာ အခြေအနေအမှန်လို့ပဲ ယုံကြည်တယ်။ အခု နောက်တခေါက် နယ်စပ်ပြန်တွေ ဝင်လာတဲ့ ကာလလွန် နောက် သုံးလေးပတ်လောက် အထိကို ဒီလိုပဲ ထိန်းထားနိုင်ပြီးရင်တော့ ပိုပြီး စိတ်ချရပြီလို့ ထင်ပါတယ်။

စကားစပ်ပြီးတော့ကို ပြောရရင် ဒီအချိန် မှာတော့ “အမေစု ဘာဖြစ်လို့ ဖေ့စ်ဘွတ် စပြီး သုံးခဲ့တာလဲ” ဆိုတဲ့ အဖြေကိုလည်း ကျွန်တော်တို့ ကောင်းကောင်းကြီး သိမြင်နေရပါပြီ။ ကမ္ဘာ့ခေါင်းဆောင်တွေထဲ မှာ လူမှုမီဒီယာကို ပြည်သူအတွက် အကျိုးအရှိဆုံး အသုံးချနိုင်ဆုံး ခေါင်းဆောင်လို့တောင် တင် စားလိုက်ချင်တယ်။ ဒီအမျိုးသမီးကြီးကို ဘာဖြစ်ဖြစ် မကောင်းတာ မြင်နေရ မှ ဆိုတဲ့ ပုဂ္ဂိုလ်တွေ ကိုတော့ သူတို့ သိမှု နဲ့ သူတို့ ထားလိုက်ကြ တာပေါ့။

ဒီကပ်ဘေးက တနေ့တော့လည်း ပြီးဆုံးသွား မှာ ပါ။ အထိအခိုက် နည်းဖို့ အတွက် ဆိုရင်တော့ ကျွန်တော်တို့ အားလျှော့ မိလိုက်လို့ မဖြစ်သေးဘူး ။ ပေါ့ပေါ့ဆဆ နေထိုင်ဖို့ မဟုတ်သလို အကြောက်လွန် ဖို့လည်း မလို ပါဘူး ။

မြန်မာနိုင်ငံဟာ တကယ် ကိုပဲ အခြေအနေ ကောင်း ပါ တယ် ။ အားလုံး မဖျားမနာ ဘေးကင်းကြပါစေ။

ချစ်ခြင်းမေတ္တာဖြင့်…
ကလိုစေးထူး